မြန်မာ့ တွင်းထွက် ကျောက်မျက်များ အကြောင်း သိကောင်း စရာ

ကျောက်မျက် ဆိုတဲ့ ဝေါဟာရ အတွက် အနက်အဓိပ္ဗါယ်က ကျယ်ပြန့်ပါတယ်။ လှပသော၊ တန်ဖိုးထားသော၊ ဆွဲဆောင်မှုရှိသော ဘယ်အရာကို မဆို ကျောက်မျက်လို့ ခေါ်ဆိုချင်ကြပေမယ့် တကယ်တမ်း ကျောက်မျက်လို့ သတ်မှတ်ဖို့အတွက် သဘာဝ တွင်းထွက် ဖြစ်ဖို့ လိုပါတယ်။ လူလုပ်ပစ္စည်း မဖြစ်ရပါဘူး။ လှပမှု၊ ကြံ့ခိုင်တည်မြဲမှု နဲ့ ရှားပါးမှု ဆိုတဲ့ အရည်အချင်း ၃ ရပ် ရှိဖို့ လိုအပ်ပါတယ်။မြန်မာနိုင်ငံမှာ ကျောက်မျက်လို့ သတ်မှတ်နိုင်တဲ့ တွင်းထွက်တွေ အများအပြား ရှိပြီး စိန်၊ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်းနဲ့ ရောင်စုံကျောက်တွေ ကအစ ရှိပါတယ်။ ပတ္တမြားနီလာလောက် တန်ဖိုးမကြီးပေမယ့် လှပ ရှားပါးတဲ့ တွင်းထွက် တွေကိုလည်း ကျောက်မျက်လို့ သတ်မှတ်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အဓိက ထွက်တဲ့ ကျောက်မျက်တွေက ဘာတွေပါလဲ။

တကယ်တမ်းပြောမယ် ဆိုရင် မြန်မာနိုင်ငံမှာ ကျောက်မျက် အစုံ ထွက်တယ် လို့ ပြောလို့ ရပါတယ်။ ချွင်းချက်အနေနဲ့ မြတော့ မထွက်ပါဘူး။ မထွက်ဘူးလို့ ပြောပေမယ့် ဒါဟာ မတွေ့သေးတာ ဖြစ်နိုင်သလို တကယ်မရှိတာလည်း ဖြစ်နိုင်ပါတယ်။ နောက် အိုပယ် Opal လို့ခေါ်တဲ့ တွင်းထွက်ကတော့ ကျောက်မျက်တန်းဝင် အိုပယ် ကို တော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် တချို့ နေရာတွေမှာ အိုပယ် မျိုးကွဲ အမျိုးအစား တချို့ကို တော့ တွေ့ရတယ် ဆိုတဲ့ သတင်းတွေတော့ ထွက်နေပါတယ်။ များများစားစား တွေ့တာတော့ မရှိသေးပါဘူး။ ဒီ ၂ မျိုးကလွဲရင် ကျောက်မျက် အမျိုးအစား အားလုံးနီးပါး မြန်မာ နို်င်ငံမှာ ထွက်တယ်လို့ ပြောလို့ ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ကျောက်မျက်တွေထဲက တန်ဖိုးအရှိဆုံး ကျောက်မျက်တွေက စပြီး ကြည့်ရအောင်ပါ။

တန်ဖိုးအရှိဆုံးကတော့ ပတ္တမြား၊ နီလာဟာ တန်ဖိုးအရှိဆုံးလို့ သတ်မှတ်လို့ ရပါတယ်။ ယေဘူယျ ပြောမယ် ဆိုရင် လူတိုင်းက စိန်ကို တန်ဖိုးကြီးတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ စိန်အနဲအကျဉ်းပဲ ထွက်ပါတယ်။ တပွင့်ချင်း ယှဉ်ပြောမယ်၊ တကလပ်ချင်း တလုံးချင်း ယှဉ် ပြောမယ် ဆိုရင် ပတ္တမြား ကို စိန်က မမှီပါဘူး။မှတ်တမ်း တွေ အရပြောရင်လည်း တချို့ စျေးကြီးပေ့ ဆိုတဲ့ စိန်နဲ့ စျေးကြီးပေ့ ဆိုတဲ့ ပတ္တမြားကို ယှဉ်လိုက်မယ် ဆိုရင် တကလပ်နှုံးက တော်တော်ကြီးကို ကွာပါတယ်။ ပတ္တမြား နီလာက ပိုပြီးတော့ တန်ဖိုးကြီးနေတာကို တွေ့ရပါတယ်။

စိန်ထက်ကို အများကြီး စျေးကြီးပါတယ်။ ဘာ့ကြောင့်လဲ ဆိုရင် ရှင်းရှင်း ပြောမယ် ဆိုရင် ပထမ အချက်က ပတ္တမြားနီလာနဲ့ ယှဉ်ရင် စိန်က နဲနဲ ပေါပေါ များများ ရပါတယ်။ နောက်တချက်က စိန်က ပတ္တမြားနီလာနဲ့ စာရင် အရွယ်ကြီးကြီးကို ပိုတွေ့ရပါတယ်။ ပတ္တမြားနဲ့ နီလာမှာတောင် နီလာက အရွယ်ကြီးကြီးတွေ့ဖို့ ပိုလွယ်ပြီး ပတ္တမြားက အရွယ်ကြီးကြီး တွေ့ဖို့ ခဲယဉ်းပါတယ်။ ဒါ့ကြောင့် ပတ္တမြား အရည်သွေး ကောင်းကောင်း အရွယ်ကြီး ပြီ ဆိုရင် သူနဲ့အရွယ်စားတူတဲ့ စိန် ဒါမှမဟုတ် သူ့ထက် အရွယ်အစား ပိုကြီးတဲ့ စိန်ထက်ကို တန်ဖိုး အရမ်းများပါတယ်။ အဓိကကတော့ ရှားပါးလို့ပါ။ မြကလည်း အဲဒီ အတိုင်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာပြည်မှာက မြမထွက်ဖူးပေါ့။အဲဒီတော့ တန်ဖိုးကြီးတဲ့ ကျောက်ဆိုရင် အဓိက ကတော့ ပတ္တမြား နဲ့ နီလာ နောက်တခါ ကျောက်စိမ်း။ ကျေက်စိမ်းကလည်း အဲဒီလိုပါပဲ။ တပွင့်ချင်း ယှဉ်မယ် ဆိုရင် စျေးကြီးပေ့ ဆိုတာကို ယှဉ်မယ် ဆိုရင် တချို့ ကျောက်စိမ်းက စိန်ကို ကောင်းကောင်း မှီနိုင်ပါတယ်။ စိန်နဲ့ တန်ဖိုး ယှဉ်ရဲတဲ့ တွင်းထွက်တွေ ဖြစ်ပါတယ်။

ပတ္တမြားနဲ့နီလာလို အဖိုးတန်ကျောက်တွေကို မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေမှာ တွေ့နိုင်ပါသလဲ။

ပတ္တမြား နီလာကတော့ အားလုံး သိတဲ့ အတိုင်းပဲ အဓိက ထွက်တာကတော့ မိုးကုတ်ဒေသကတော့ အကောင်းဆုံးနဲ့ အများဆုံး ထွက်ပါတယ်။ ဒုတိအနေနဲ့ ပြောရရင်တော့ အရေးကြီးတာက မိုင်းရှုးပေါ့။ ကျွန်တော်တို့ တောင်ပိုင်းရှမ်းပြည်မှာ ရှိတဲ့ မိုင်းရှုး။ မိုင်းရှုးမှာ ပတ္တမြားထွက်တယ် ဆိုတာ သိတာကတော့ နှစ် အစိတ်လောက်ပဲ ရှိပါသေးတယ်။နောက်တခုက ကချင်ပြည်နယ် ကျောက်စိမ်းတွင်းကို သွားတဲ့ လမ်းမှာ နမ့်ယားရွာ ရှိပါတယ်။ အဲဒီမှာ ရေဆိပ်ရှိတယ်။ နမ့်ယားဆိပ်ပေါ့ အဲဒီမှာလည်း ပတ္တမြား နီလာ ထွက်ပါတယ်။ အဲဒီမှာ ထွက်တယ်လို့ သိရတာ နှစ် တရာလောက် ရှိပါပြီ။ ဒါပေမယ့် အခုနောက်ပိုင်း ၁၅ နှစ်အနှစ် ၂၀ မှာတော့ အဲဒီက ကျောက်တွေ စျေးကွက်ထဲ ရောက်လာပါပြီ။ နောက်တွေ့ရတဲ့ နေရာတွေကတော့ မြောက်ပိုင်း ရှမ်းပြည် ပြင်လုံဒေသ၊ အဲဒီမှာတော့ ပတ္တမြားကို လတ်တလောမှာ များများ စားစား မထုတ်ပါဘူး။ အဲဒီဒေသဟာ နဲနဲလေး အလှမ်းဝေးတယ်။ အဓိကကတော့ အဲ့ဒါကြောင့်ပါ။ အခုနောက်ပိုင်း ကရင်ပြည်နယ်မှာလည်း တွေ့ပါတယ်။

အလားတူဘဲ ကျောက်စိမ်းတွင်း ဒေသမှာပဲ ဆိုပါစို့ ကချင်ပြည်နယ် မှာပါပဲ။ တနိုင်းမှာလည်း တွေ့ပါတယ်။ နောက်ကျနော်တို့ မြန်မာပြည်မှာ တချို့ဒေသတွေမှာ ဘူမိဗေဒအားဖြင့် မလေ့လာ ရသေးတာတွေက တော်တော်များများ ကျန်ပါသေးတယ်။ အဲ့ဒီဒေသတွေမှာလည်း ပတ္တမြားတို့ နီလာတို့ လုပ်ကွက်အသစ်တွေ တွေ့ရဘို့ အလားအလာ အများကြီးရှိတယ်လို့ ကျနော်ယုံကြည်ပါတယ်။

ကချင်ပြည်နယ် မှာတွေ့ရတဲ့ ကျောက်စိမ်းကတော့ အထူးခြားဆုံးပါ။

ကျောက်စိမ်းကတော့ ကချင်ပြည်နယ်ပါဘဲ။ ဒါ့ကြောင့် ကျောက်စိမ်းနဲ့ ပတ်သက်လို့ ပြောရရင် ကျောက်စိမ်းတွေ့နိုင်တဲ့ နိုင်ငံက ငါးနိုင်ငံလောက်ဘဲ ရှိပါတယ်။ ပိုထူးခြားတာတော့ မြန်မာပြည်မှာက ရည်အသွေးလည်း ကောင်းသလို အရည်အတွက် များများလဲထွက်ရှိပါတယ်။ အဲ့ဒါတခုကတော့ တော်တော်ထုူးခြားပါတယ်။ အဲ့ဒီတော့ ကျနော်တို့က စီးပွားရေးအရ ဘဲဖြစ်စေ ထုတ်လုပ်မူအရပဲ ဖြစ်စေ ပြောမယ်ဆိုရင်၊ ကျောက်စိမ်းနဲ့ပတ်သက်လို့ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံကပဲ အဓိကထွက်တယ်လို့ ဆိုနိုင်ပါတယ်။

အဲ့ဒီမှာလဲ တခုပြောစရာ ရှိပါတယ်။ကျောက်စိမ်းလို့ သတ်မှတ်တဲ့ တွင်းထွက်က နှစ်မျိုးရှိပါတယ်။ တခု ကတော့ ဂျေဒိုက် – Jadeite နောက်တခုက နက်ဖရိုက်- Nephrite ဆိုတာရှိပါတယ်။ နက်ဖရိုက်နဲ့ ဂျေဒိုက် ယှဉ်မယ်ဆိုရင် ဂျေဒိုက်ကတော့ တန်ဘိုးပိုကြီးပါတယ်။ ပိုလည်းလှတယ် ပိုလည်းမာတယ်၊ ကျနော်ပြောတာ ဂျေဒိုက်ကိုပြောတာပါ။ ဂျေးဒိုက်က ကမ္ဘာပေါ်မှာ ငါးနေရာလောက်ဘဲ တွေ့ရပါတယ်။ နက်ဖရိုက်ကတော့ ငါးနေရာ မကတွေ့နိုင်ပါတယ်။ တရုတ်ပြည်မှာလည်း တွေ့ပါတယ်။ ဂျေဒိုက်ကတော့ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံတခုထဲကပဲ ထွက်တယ်လို့ ဆိုနိုင်ပါတယ်။ အဓိကထွက်တာက ဖားကန့်၊ နောက်ခမ္မတီး ဒေသ ကတော့ စစ်ကိုင်းတိုင်းထဲမှာရှိပြီး ဒီဒေသတွေမှာ ကျောက်မျက်တန်းဝင်တဲ့ ဂျေဒိုက်ကို တွေ့ရပါတယ်။

အဖိုးတန် တွင်းထွက်တွေ ဖြစ်တဲ့ ပတ္တမြား၊ နီလာနဲ့ ကျောက်စိမ်းတွေလောက် တန်ဖိုးမကြီးပေမယ့် ကျောက်မျက်တန်းဝင် တွင်းထွက်တွေ ဖြစ်တဲ့ အညံ့ပန်း အပါအဝင် Semi- precious အမျိုးအစားတွေ နဲ့ Precious stones ဖြစ်တဲ့ စိန်တွင်းထွက်တွေ အကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။မြန်မာနိုင်ငံမှာ ထိပ်တန်းရတနာတွေ ဖြစ်တဲ့ ပတ္တမြား၊ နီလာနဲ့ ကျောက်စိမ်းတွေ ထွက်နေတာမို့ မြန်မာ့ ကျောက်မျက်တွေ အကြောင်း ပြောရင် စိန်ကို ထည့်ပြောလေ့မရှိကြသလို မြန်မာနိုင်ငံမှာ စိန်ပါ ထွက်တယ် ဆိုတာကိုပါ သိပ်မသိကြပါဘူး။ မြန်မာနိုင်ငံမှာ စိန်ထွက်တဲ့ ပင်မ သိုက်တွေ မတွေ့ရပေမယ့် ပင်မသိုက်ကနေ တိုက်စားသယ်ဆောင်ပြီး ပို့ချတဲ့ တဆင့်ခံသိုက်တွေကနေ ရတယ်လို့ ကျောက်မျက်ပညာရှင် ဦးတင်ကျော်သန်းက ပြောပါတယ်။

တကယ်တန်းပြောမယ်ဆိုရင် စိန်က ၆နေရာ ၇နေရာလောက်တွေ့ပါတယ်။ အထင်ရှားဆုံး ပြောမယ် ဆိုရင် မိုးမိတ်ဒေသပေါ့။ မိုးမိတ်ရဲ့ အနောက်ဘက်၊ ၁၀မိုင်လောက်အကွာ အဲဒီ ဒေသမှာထွက်တာပါ။ မိုးမိတ်ဟာ စိန်နဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ ဒေသတခု ဖြစ်ပါတယ်။ နောက်တခုကတော့ ထားဝယ်မှာပါ။ ကျောက်မဲတောင် ဒေသမှာထွက်ပါတယ်။ နောက်တခုကတော့ တနင်္သာရီတိုင်းပါ။ တနင်္သာရီမြို့လေးနဲ့ ၁၀မိုင်ကျော်လောက် ဝေးတဲ့ သိန္တောမိုင်း၊ သိန္တော ဒေသပါ။ အဲ့ဒီမှာ ကျောက်မီးသွေးတွင်း တွေ ဘာတွေရှိတယ်ပေါ့။ အဲ့ဒီသိန္တောကလည်းထွက်ပါတယ်။ နောက်တခု တောင်ငူအရှေ့ဘက် ထန်းတပင် မြို့နယ်မှာလဲ ထွက်ပါတယ်။ နောက်ခုနပြောတဲ့ ပတ္တမြားတွေဘာတွေတွေ့တဲ့ ကချင်ပြည်နယ်က တနို်င်းမှာလဲ ထွက် ပါတယ်။ နောက် information တွေ ရထားတာတော့ ရွှေဂူဒေသပေါ့ အဲ့နားမှာလဲထွက်တယ်ခင်ဗျာ့။ ကျနော်တို့ အဲ့ဒီဒေသအားလုံးက စိန်းအရိုင်းတုံးတွေ မြင်ဘူးတယ်။

တခုတော့ ရှိပါတယ်။ ပင်မသိုက်ကနေ ထွက်တာတော့ မဟုတ်ဘူး။ primary deposit လို့ ခေါ်တဲ့ ပင်မသိုက် ဘယ်နေရာမှာ ရှိတယ်ဆိုတာတော့ မသိရဘူး။ မရှိဘူးလို့တော့ ယုံကြည်တယ်။ မြန်မာပြည်ရဲ့ ဘူမိဗေဒ အခြေအနေအရဆို ယုံကြည်ပါတယ်။ ခုတွေ့တာတွေက တဆင့်ခံသိုက်တွေ မူလသိုက်ကို တိုက်စားပြီး သယ်ဆောင်လာပြီး အနယ်ကျကျောက်တွေမှာ ပို့ချတာ မျိုးပါ။ ဒါ့ကြောင့် မြန်မာပြည်မှာ တွေ့တဲ့ အခြေနေကို ပြောမယ်ဆိုရင် စိန်ကို တွေ့တယ်။ သို့သော် စံနစ်တကျ မိုင်း အကြီးကြီးတူးရလောက် အောင်တော့ ရာခိုင်နှုန်း မများပါဘူး။

ဒါပေမယ့် တွေ့တဲ့ စိန်တွေအားလုံးဟာလည်း များသောအားဖြင့် Gem quality ကျောက်မျက်တန်းဝင်တဲ့ စိန်တွေဖြစ်ပါတယ်။ ကျနော်တို့ information ကြားဘူးတာ ကတော့ ၁၀ ကလပ် -လောက် အရွယ်အစားအထိ တွေ့ရတယ်လို့ ပြောတာ ကြာဘူးပါတယ်။ ကျနော်တို့ မြင်ဘူးတာတော့ ၄ ကလပ် ၅ ကလပ် အဲ့လောက်အရွယ်အစား စိန်အရိုင်းတုံးတွေ မြင်ဘူးပါတယ်။ ဒါ မြန်မာပြည်မှာ ထွက်တဲ့ စိန်တွေပါ။

မြန်မာပြည်ထွက် စိန်ရဲ့ အရောင်က ဘာအရောင်တွေ ရှိပါလဲ။

အရောင်က စိန်ကတော့ များသောအားဖြင့် အဝါနည်းနည်းလေး ငွေ့ငွေ့လေး သန်းနေလေ့ ရှိပါတယ်။ ကျနော် တို့ တွေ့ဘူးတာတော့ အဝါငွေ့ငွေ့သန်းတဲ့ စိန်များပါတယ်။ ဒါပေမယ့် သွေး ကြည့်လိုက်ရင်တော့ အရောင် နဲနဲလေး ဖျော့သွားတယ်။ နဂိုအရိုင်းနဲ့စာရင် နဲနဲလေး ပိုဖျော့ သွားတယ်။ မိုးမိတ်က စိန်တွေ တွေ့ဘူးတယ်၊ တနိုင်းစိန်လည်းတွေဘူးတယ်၊ သိန္တောကစိန်လည်း တွေ့ဘူးပါတယ်။ တောင်ငူကစိန်လည်းတွေ့ဘူးတယ် မဆိုးပါဘူး ကျောက်မျက်တန်းဝင် စိန်တွေဖြစ်ပါတယ်။

နောက် semi – precious ခေါ်တဲ့ အလယ်လတ်တန်း၊ တန်ဖိုးလည်း ရှိတဲ့ ကျောက်မျက် ရတနာတွေ အကြောင်း နဲနဲ ပြောပြပေးပါဆရာ။

အများကြီးထွက်ပါတယ်။ အဓိကတော့ မိုးကုတ်မှာပါ၊ မိုးကုတ်ဒေသဟာ အင်မတန်ထူးခြားတယ်။ ပြောမယ်ဆိုရင် နိုင်ငံနဲ့ချီပြီး ပြောရင် ဒေသက area ကျဉ်းပါတယ်။ သို့တော်area ကျဉ်းကျဉ်းလေးမှာ ကျောက်မျက် တော်တော်ကို စုံစုံလင်လင် ထွက်တာက ထူးခြားပါတယ်။ အလားတူ အဲလိုမျိုးတွေ့ရတာသီရိလင်္ကာပါ၊ ကျနော်တို့နဲ့ သီရိလင်္ကာနဲ့ ပုံစံတူပါတယ်။ အဲဒီမှာလည်း အလားတူနေရာရှိပါတယ်။

အဲ့တော့ ပြောမယ်ဆိုလို့ရှိရင် ပတ္တမြား၊ နီလာအပြင် တခြားအရေးကြီးတဲ့ ဆိုလိုတာက ခုနပြောတဲ့ semi precious stone ပေါ့။ ပတ္တမြားနီလာလောက် တန်ဘိုးမကြီးသော်လည်း တန်ဘိုးရှိသော ကျောက်ပေါ့။ အဲ့ဒါတွေက ဥပမာ spinel လို့ခေါ်တဲ့ အညံ့ပေါ့။ တကယ်တော့ အဲဒီ နံမယ်က မပေးထိုက် မရထိုက်ပဲနဲ့ ရထားတဲ့ နံမယ်ပါ။ သူက ပတ္တမြားနဲ့ ယှဉ်လိုက်တဲ့ အခါမှာ မာဆင့် နည်းနည်းလေးပျော့တယ် ပတ္တမြားလောက်မလှလို့ အညံ့ ဆိုတဲ့ နံမယ်ကို ပေးထားတာပါ။ ဒီအညံ့ spinel အပြင် ဥဒေါင်လို့ခေါ်တဲ့ garnet ရှိတယ်။ ပြောင်ခေါင်းစိမ်းလို့ ခေါ်တဲ့ peridot ရှိတယ်။ မြပြာလို့ခေါ်တဲ့ aquamarine တွေရှိတယ်။ ပြီးရင် သလင်းအမျိုးမျိုးရှိပါတယ်။

နောက် တခြားတွင်းထွက်တွေ ဆိုရင် ရှားပါးတဲ့ တွင်းထွက်တွေ၊ ရှားလည်းရှားတယ်လှလည်းလှတဲ့ တွင်းထွက်တွေ မိုးကုတ်မှာ အများကြီးထွက်ပါတယ်။ တကယ်ဆို ကျနော်ခုနပြောတဲ့ အတိုင်း ကျောက်မျက်အားလုံးနီးပါး မိုးကုတ်မှာ ထွက်ပါတယ်။ ခုနပြောတဲ့ မြတော့ မထွက်ဘူးပေါ့။ နောက် ဒီမိုးကုတ်မှာ ကျောက်စိမ်းတော့ မထွက်ဘူး။ နောက်တခါ မိုးညှင်းနီလာလို့ခေါ်တဲ့ Kyanite ပေါ့၊ အဲ့ဒါတော့ မထွက်ဘူး။ ကျန်တဲ့ကျောက်မျက်အားလုံး မိုးကုတ်မှာရှိတယ်လို့ပြောလို့ရပါတယ်။

အခုလို မြန်မာပြည်မှာ စိန်နဲ့ ပတ္တမြား၊ နီလာ ကျောက်စိမ်းတွေလို အဖိုးတန် ကျောက်တွေကိုရော သူတို့လောက် အဖိုးမမြင့်ပေမယ့် ကျောက်မျက် တန်းဝင် semi- precious တွေကို အများအပြား တွေ့ရတာပါ။ ဒီကျောက်မျက် အများစုကို မိုးကုတ်၊ မိုးမိတ်ဒေသတွေနဲ့ ကချင်ပြည်နယ်တွေမှာ တွေ့ရတာ ဖြစ်ပေမယ့် တခြားဒေသတွေ မှာလည်း တွေ့နိုင်ပါတယ်။ ဘယ်နေရာမျိုးတွေ ပါလဲ။

ဥပမာဆိုပါစို့ လူအများသိတဲ့ ကူမဲဒေသပါ။ ကူမဲတို့ မြစ်သားတို့ကူမဲအရှေ့ဘက်က တောင် တွေမှာ Aquamarine လို့ခေါ်တဲ့ မြပြာတွေထွက်ပါတယ်။ နောက်ပိုင်းတွေ့ရှိချက်တွေအရ ကရင်ပြည်နယ်မှာလဲ ခရမ်းစွဲ လို့ခေါ်တဲ့ Amethist တွေ တော်တော်များများ ထွက်ပါတယ်။ အလားတူဘဲ Iolite လို့ခေါ်တဲ့ အညံ့နီလာ ရေနီလာ၊ အဲ့ဒီတွင်းထွက်တွေလည်းထွက်တယ်။ ခုနပြောတဲ့ မြပြာ ကိုလည်း ကရင်ပြည်နယ်မှာ ထွက်တာကို ကျွန်တော်တို့ တွေ့ရပါတယ်။အလားတူပဲ အညံံ့ Spinel လည်း ကရင်ပြည်နယ်မှာ ထွက်တယ်။ Garnet ဥဒေါင်လည်းထွက်ပါတယ်။ နောက် တချို့အစိမ်းရောင်ရှိတဲ့ ဥဒေါင်တွေ ပူတာ အိုဘက်မှာ ထွက်ပါသေးတယ်။

မြန်မာပြည်ရဲ့ အနေထားနဲ့ ကြည့်မယ်ဆိုရင် မြန်မာပြည် အလယ်ပိုင်းနဲ့ အနောက်တကြော၊ နောက် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တွေမှာတော့ မရှိပဲ၊ မြန်မာပြည် အရှေ့ဘက်နဲ့မြောက်ဖက် တကြောမှပဲ ကျောက်မျက်တန်းဝင် တွင်းထွက်တွေကို တွေ့ရတာ ပါလား။

ရခိုင်ပြည်နယ်တို့ ဘာတို့မှာတော့အဲ့လိုတန်ဘိုးကြီးတဲ့ ကျောက်မျက် တွေရှိတယ် ဆိုတဲ့ information မရှိပါဘူး မြန်မာပြည်အလယ်မှာ ဆိုရင်တော့ တန်ဘိုးကြီးတဲ့ ကျောက်တွေ ကျောက်မျက် အနေနဲ့ မရှိဘူး။ ဒါပေမဲ့ ဘာတွေ့နိုင်သလဲဆိုရင် သလင်းမျိုးကွဲ တချို့ တွေ့နိုင်ပါတယ်။ နောက်တခုက opal ပေါ့ တွေ့နိုင်တယ်။ ဒါပေမယ့် ကျောက်မျက်တန်းဝင်တော့ မဟုတ်ဘူး။ အဲဒါမျိုးတော့ တွေ့နိုင်ပါတယ်။

ပြောပြပေးသူ – SC ကျောက်မျက် သင်တန်းကျောင်းက ကျောက်မျက် ပညာရှင် ဦးတင်ကျော်သန်း . Sourcwe- VOA မြန်မာပိုင်းအစီအစဉ်မှ ,
ခ ရက် တစ် – Thutazone