ကပ်ဘေးကို အန်တုရင်ဆိုင်နေတဲ့ အခန်းငယ်လေး ထဲက အထီးကျန် အမေအို

အခုအချိန်မှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးဟာ သက်ကြီးရွယ်အိုတွေကို ပိုပြီး အထိနာစေတာကြောင့် အများစုဟာ ကိုယ့်အိမ်က မိဘဘိုးဘွားတွေကို ဂရုတစိုက်နဲ့ စောင့်ရှောက်နေရတဲ့ကာလပါ။ ဘိုးဘွားမိဘတွေဆီ ကိုဗစ်ပိုးမကူးအောင် လူငယ်တွေက ဂရုတစိုက်နေထိုင်နေရသလို အရိပ်တကြည့်ကြည့်နဲ့လည်း စောင့်ရှောက်နေရပါတယ်။ ဒါပေမယ့် အသက် ၇၂အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ညိုမှာတော့ သူ့အခန်းကျဉ်းလေးထဲမှာ သက်မဲ့စက်ချုပ်စက်လေးတစ်လုံးကလွဲလို့ အဖော်ရှိမနေပါဘူး။ ဒေါ်ညို ဒီအခန်းငယ်လေးထဲမှာ စက်ချုပ်စက်ကလေးအဖော်ပြုနေလာခဲ့တာ ကြာခဲ့ပါပြီလေ။ဒေါ်ညိုက မြင်းခြံဇာတိ။ ပုလိပ်ချည်မျှင်စက်ရုံစတင်လည်ပတ်တော့ ၎င်း၏ခင်ပွန်းဖြစ်သူက စက်ရုံလုပ်သားအဖြစ် လာရောက်လုပ်ကိုင်ရင်းလက်ရှိနေထိုင်ရာ မန္တလေးမြို့

၇၂လမ်း ၃၂လမ်းထောင့်ရှိ စိတ္တရမဟီ ရပ်ကွက်အတွင်းသို့ ပြောင်းရွှေ့ နေထိုင် လာခဲ့ကြတာ အခုဆို နှစ်ပေါင်း ၅၀ကျော်ခဲ့ပြီ။ဒေါ်ညိုတို့မိသားစုလေးဟာ သားလေးယောက်နှင့် ပျော်ရွှင်စရာမိသားစုလေးအဖြစ် ဖြတ်သန်းခဲ့ရဖူးပါတယ်။ဒါပေမယ့် လွန်ခဲ့တဲ့ ၁၅နှစ်မှာ ဒေါ်ညိုခင်ပွန်းကွယ်လွန်သွားခဲ့တယ်။ မုဆိုးမဘဝနဲ့ သားလေးယောက်မိခင်ဒေါ်ညိုဟာ စက်ကလေးချုပ်ရင်း ရုန်းကန်ခဲ့ပါသေးတယ်။ သားလေးယောက်ဟာလည်း အကြောင်းအမျိုးမျိုးတွေကြောင့် ဒေါ်ညိုနဲ့ သေကွဲတွေကွဲကွာသွားခဲ့ကြတယ်။ နောက်ဆုံးတော့ အခန်းကျဉ်းလေးထဲမှာ ဒေါ်ညိုတစ်ယောက်တည်း ကျန်ခဲ့ပြီး တစ်ယောက်တည်းနေလာတာ ခုဆို ၅ နှစ်ကျော်ပြီပေါ့။ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်၁၉ ဖြစ်ပွားချိန်မှာတော့ အားလုံးစီးပွားရေးလုပ်ငန်းများ ထိုက်ခိုက်မှုများရှိရာ

ဒေါ်ညိုလဲ ပါဝင်လာခဲ့တယ်။ ၎င်းနေထိုင်ရာ ၈ပေပတ်လည်ဆိုင်ခန်းလေးအား နှစ်စဉ် လိုင်စင်ခွန် နှင့်လစဉ်ကြေးပေးဖို့ပါ ဒေါ်ညိုအခက်အခဲရှိလာတယ်။ ၎င်းဆိုင်လေးမှ ရှာဖွေစုဆောင်းထားသည့် ငွေကြေးအနည်းငယ်နဲ့ ယခင်ကအများလာရောက်ပေးကမ်းလှူဒါန်းကြသည့်ငွေကြေးများကလည်း စားသောက်စရိတ်အတွက်ပါသွားခဲ့တယ်။ကိုဗစ်ကာလ စားရေးသောက်ရေးအတွက် ရပ်ကွက်မှ ပေးသည့် ဆန် ဆီဆား ထောက်ပံ့ကြေးများရရှိသလို စေတနာရှင်အချို့က စားစရာများလာရောက်ပေးကမ်းသည့်အတွက် စားရေးမှာအဆင်ပြေသော်လည်း နှစ်စဉ် မြို့တော်စည်ပင်အခွန်ဌာနသို့ပေးသွင်းနေရသည့် လိုင်စင်ခွန်နှင့် လစဉ်ကြေး၂သိန်း ၈သောင်းကျပ်ကို မပေးသွင်းနိုင်လျှင် ၎င်းနေထိုင်ရာနေရာလေး ပျောက် သွားမည်ကို လည်း

အဖွားအို ဒေါ်ညိုတစ်ယောက် ရတက်မအေးနိုင်ဘဲရှိနေတယ်။အဖွားဒေါ်ညိုဟာ ၎င်း၏ ၈ပေပတ်လည် အခမ်းလေးနေစရာပျောက်သွားမှာ စိုးရိမ်နေသည့်အကြောင်း တရားကလည်း လမ်းပေါ်မှ တခြားသူများလာရောက်စွန့်ပစ်ထားသည့် ကြောင်ကလေးများနှင့် ခွေးလေးများအား ခေါ်ယူမွေးစားထားသည့်အတွက် ၎င်းတို့ ခိုကိုးရာမဲ့သွားမယ့်အရေးကိုလည်း တွေးပူနေပါတယ်။ယခင်အချိန်များက တစ်နေကုန် တစ်ကုတ်ကုတ်အပ်ထည်တွေနဲ့ အလုပ်ရှုပ်နေတက်တဲ့ ဒေါ်ညိုတစ်ယောက် လက်ရှိကိုဗစ်ကာလမှာတော့ အပ်ထည်အပ်မည့်သူများကို မျှော်နေရပါတယ်။ တစ်ယောက်တည်း စိတ်ဓါတ်မကျစေဖို့ ကိုးကွယ်ရာ တရားစာများ ဖတ်ကာကိုယ့်ကိုယ်ကို အားပေးနေနေလေ့ရှိတယ်။ ရပ်ကွက်နှင့်

တခြားလာရောက်ကျွေးမွေးကြသူများအတွက်လည်း အဖွားဒေါ်ညိုသည့် နေ့စဉ်ဘုရား ဝတ်တက်ကာ အမျှပေးဝေဆုတောင်းပေးတတ်တယ်။တခါတရံတော့ သားတွေကို သတိရလို့ မျက်ရည်ဝဲကာ ဓါတ်ပုံလေးတွေထုတ်ကြည့်ပြီး မျက်ရည်ဝဲချင်ဝဲနေတတ်တယ်။လက်ရှိအချိန်မှာတော့ ဒေါ်ညိုဟာ အဆိုပါ ၈ပေပတ်လည် စက်ချုပ်ဆိုင်လေးထဲတွင်တစ်ဦးတည်းနေထိုင်ကာ ၎င်း၏ဖောက်သည်တို့အပ်သည့် လူကြီးအထည် (ရင်ဖုန်းအကျီ)လေးများကို ချုပ်ရင်း ရပ်ကွက်အတွင်းမှ ချုပ်ခိုင်းသည့် အထက်ဆင်တပ်ခြင်း အပေါက်အပြဲ အထည်လေးများကိုလည်း ထမင်းဖိုးဟင်းဖိုးအဖြစ်ချုပ်ကာ ဒေါ်ညိုတစ်ယောက် ကပ်ဘေးကို တစ်ယောက်တည်း ရင်ဆိုင်ရင်း ဘဝကို ဖြတ်သန်းလျက်ရှိနေပါတယ်။ဓာတ်ပုံ- ဇော်ဇော်/ဧရာဝတီ