သာမန် ပြည်သူတွေ မမြင်နိုင်တဲ့၊ မသိနိုင်တဲ့ အခြေအနေများ နှင့် ကိုဗစ် တိုက်ပွဲဝင် နေရတဲ့ မြန်မာပြည်

ကျနော်ကိုယ်တိုင်က ဘောလုံးပွဲကြည့်တာ ဝါသနာမပါပေမယ့် လတ်တလော ဥပမာပေးစရာကလည်း ဒါလေးပဲတွေ့တော့ ဘောပွဲလေးနဲ့ပဲဥပမာပေးကြည့်ချင်ပါတယ်။ ဘောလုံးအသင်းတစ်သင်းဟာ ပွဲတစ်ပွဲကန်တော့မယ်ဆို ပြိုင်ဘက်အသင်းရဲ့ခြေစွမ်းနဲ့ ဗျူဟာကိုခန့်မှန်းပြီး ကိုယ်ကဘယ်လိုဗျူဟာနဲ့ပြန်ကစားမယ်ဆိုတာ ကြိုပြီးတွက်ချက်ပြင်ဆင်ရပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ဖွင့်ကစားမလား၊ ပိတ်ကစားမလားပေါ့။ အဲ ဒါပေမယ့် ဖွင့်ကစားကြမယ်ဟေ့ဆိုပြီး မန်နေဂျာကဆုံးဖြတ်လိုက်လို့ ဆယ့်တစ်ယောက်လုံး တဘက်အသင်းဂိုးပေါက်ရှေ့မှာ သွားရပ်စောင့်နေကြရတာမျိုးမဟုတ်သလို၊ ပိတ်ကစားကြမယ်ဟေ့ဆိုလို့လည်း ဆယ့်တစ်ယောက်လုံး ကိုယ့်ဂိုးပေါက်ရှေ့မှာ ပြွတ်သိပ်ကြပ်ညပ်နေအောင် ကာထားကြရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။

တဘက်အသင်းက ခင်းကျင်းလာတဲ့အနေအထားအလိုက် ကိုယ့်ဘက်ကလည်း တုန့်ပြန်ပြီးအကွက်တွေခင်းကစားရတာပါ။ အသင်းမန်နေဂျာကလည်း တချိန်လုံးဘေးကစောင့်ကြည့်နေပြီး ကစားအားအတင်အချနဲ့ ကစားကွက်တွေကို လိုသလိုပြောင်းပြီးတိုက်စစ်၊ ခံစစ်ပြင်ဆင်ရပါတယ်။ အခုကိုးဗစ်တိုက်ပွဲမှာလည်း ဒီလိုပါပဲ။ အခုလက်ရှိ NLD အစိုးရနဲ့ MOHS ဦးဆောင်တဲ့ကိုးဗစ်စစ်ဆင်ရေးအဖွဲ့ဟာ ဗျူဟာတွေကိုအခြေအနေအလိုက် Plan A, B, C, D မက Z လောက်အထိကို အဆင့်ဆင့်ဆွဲထားပြီးသားပါ။ ဒါကလည်း အတွင်းသတင်းတွေသိလွန်းနေလို့ ပြောနေတာမဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးကြီးမှာ ဒီလိုတာဝန်ယူရတဲ့အဖွဲ့အစည်းကြီးအနေနဲ့က ဒီလိုပလန်တွေကို ကျိန်းသေကို ချကြရမှာပါပဲ။ ဘာဖြစ်ရင် ဘာဆက်လုပ်မယ်။ အကယ်၍ မျှော်မှန်းထားသလိုဖြစ်မလာရင် အရေးပေါ်အခြေအနေမှာ ဘယ်လိုဆက်သွားကြမလဲ။ သူတို့စီစဉ်ပြီးသားပါ။

ကျနော်တို့ပြည်သူတွေအနေနဲ့ကတော့ စျေးသည်က စျေးရောင်းချင်တာပဲသိမယ်။ ဆရာဝန်တွေကတော့ ဆေးရုံမှာလူနာတွေနည်းသွားစေချင်တာပဲသိမယ်။ တက္ကစီဆရာကတော့ သူကားဆွဲချင်တာပဲသိမယ်။ ဘာအလုပ်မှမရှိဘူးဆိုတဲ့ အိမ်ရှင်မတွေတောင် ခါတိုင်းလိုအေးအေးဆေးဆေး စျေးလေးထွက်ဝယ်လိုက်၊ အိမ်အလုပ်လေးလုပ်လိုက်နဲ့ပဲ နေချင်မယ်။ ဒါ သဘာဝကျတယ်။ အပြစ်သွားပြောလို့မရဘူး။ သူတို့တွေက သူတို့ဖြစ်ချင်တဲ့ဆန္ဒလောက်ကလေးကိုအခြေတည်၊ ဖေ့စ်ဘွတ်ပေါ်က သူတို့မြင်ရကြားရသလောက် သတင်းအတိုအထွာလေးတွေကိုအခြေခံပြီး သူတို့ထင်ရာမြင်ရာတွေကိုပြောကြမှာပဲ။ ဒါလည်း အပြစ်မဟုတ်ဘူး။

ဖားတစ်ကောင်ဟာ သူနေတဲ့ရေအိုင်ငယ်ပတ်ဝန်းကျင်လောက်ကိုပဲမြင်နိုင်သလို ကောင်းကင်မှာပျံဝဲနေတဲ့ သိမ်းငှက်တစ်ကောင်က သူ့မျက်စိတဆုံးမြင်ကွင်းအားလုံးကို ဖြန့်ကျက်မြင်နိုင်ပါတယ်။ သိမ်းငှက်ဟာ ဖားငယ်လေးရဲ့ရေအိုင်အစပ်ကပုစဉ်းလေးကို လှမ်းမမြင်နိုင်ပေမယ့် ဖားငယ်လေးမြင်နိုင်တဲ့ပတ်ဝန်းကျင်ထက် အဆပေါင်းများစွာကျယ်တဲ့မြင်ကွင်းကို အပေါ်စီးကနေမြင်နေနိုင်တယ်။ ကိုးဗစ်စစ်ဆင်ရေးတာဝန်ရှိသူတွေအနေနဲ့ကလည်း ဖေ့စ်ဘွတ်ပေါ်က သတင်းလောက်ကိုပဲ အလေးထားပြီး ပြင်ဆင်ဆုံးဖြတ်နေရတာမဟုတ်ပါဘူး။ သာမန်ပြည်သူတွေမမြင်နိုင်တဲ့၊ မသိနိုင်တဲ့၊ စဉ်းစားလို့ဉာဏ်မမီနိုင်တဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး အခြေအနေအရပ်ရပ်ကိုထည့်သွင့်းတွက်ချက်ပြီး နေ့စဉ်တိုက်ပွဲဝင်နေရတာပါ။

သို့သော် သူတို့အားလုံးမှာတော့ ကိုးဗစ်တိုက်ပွဲကြီးကိုအကျအဆုံးအနည်းဆုံးနဲ့ အမြန်ဆုံးဖြတ်ကျော်သွားချင်ကြတဲ့ တူညီသောဘုံရည်မှန်းချက် ရှိကြပါတယ်။ ဘယ်သူကမှ လူတွေသေကြပါစေတော့၊ ငတ်ကြပါစေတော့လို့ ဆုတောင်းနေကြမှာမဟုတ်ပါဘူး။ ဒါပေမယ့်၊ ဒါပေမယ့်ပေါ့လေ။ ဒီလိုအကြပ်အတည်းဆိုက်နေတဲ့အခြေအနေမျိုး ကို အခွင့်ကောင်းယူပြီး အစိုးရကိုထိုးနှက်တိုက်ခိုက်ချင်တဲ့သူတွေအတွက်ကတော့ အခုချိန်ကတကယ့်ကိုအခြေအနေကောင်းပါပဲ။ အိမ်ထဲမှာနေကြ။ အလုပ်မဆင်းကြနဲ့လို့ အမိန့်ထုတ်ရင် ပြည်သူတွေငတ်သေကုန်ကြမယ်လို့ပြောမယ်။ ထွက်ကြဟေ့။ စားဝတ်နေရေးကအရေးကြီးတယ်ဆိုပြီး ဖွင့်ပေးပြန်ရင်လည်း လူတွေပိုးကူးပြီးသေကုန်မှာပေါ့လို့ပြောကြမယ်။ လွယ်တယ်။ ပြောဖို့ သိပ်လွယ်တယ်။ တကယ် လုပ်ရတဲ့သူတွေကသာခက်နေတာပါ။

ပြီးတော့ အောက်ခြေမှာတကယ်လုပ်နေကြရတဲ့သူတွေမှာလည်း အဆင့်ဆင့်သူ့ပြဿနာတွေနဲ့သူ ရှိနေကြတယ်။ သိကြတဲ့အတိုင်းပဲ။ ကျနော်တို့နိုင်ငံက ဆင်းရဲတယ်။ အစိုးရခင်မျာ တတ်နိုင်သလောက်အင်အားလေးနဲ့ မနည်းဖြစ်ညှစ်ပြီးရုန်းကန်နေရတာ။ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ပြည်သူတွေကို အဆင်မပြေခဲ့ရင် ခွင့်လွှတ်ပါ။ တောင်းပန်ပါတယ်လို့ ဆင်းပြောနေရတယ်။ ပြီးတော့ နောက်လဆိုရွေးကောက်ပွဲလာပြီ။ ဒီ ၂၀၂၀ ရွေးကောက်ပွဲက အစိုးရအတွက်ရော မြန်မာတနိုင်ငံလုံးအတွက်ပါ သိပ်အရေးကြီးတယ်။ ကဲ စဉ်းစားကြည့်။ ဒီလောက်အကြပ်အတည်းကြီးမှာ ဒီကိုးဗစ်တိုက်ပွဲကြီးကို ဒီအစိုးရလောက်အမြန်ပြီးစေချင်တာ ရှိဦးမလားဗျာ။

ပြီးတော့ တာဝန်ပေးထားတဲ့သူတွေကိုလည်း ကြည့်လိုက်ဦး။ အချာဘင် တစ်ယောက်မှမပါဘူး။ အဲ့ဒီလူတွေကိုမှ အချာဘင်တွေပါလို့ထင်နေသူတွေလည်း ရှိတယ်။ ဒါဆို အဲ့ဒီလိုထင်နေတဲ့သူတွေကိုမေးချင်တာက အဲ့ဒီအချာဘင်တွေကို ယုံယုံကြည်ကြည်ခန့်လိုက်တဲ့သူကိုပါ အချာဘင်ကြီးပါလို့ထင်နေကြတာလားလို့ပါ။ ဆိုတော့ ရှင်းပါတယ်။ ဖားငယ်ဟာ ရေအိုင်စပ်ကပုစဉ်းလေးကိုပဲ မြင်ပါလိမ့်မယ်။ ဘောလုံးပွဲကြည့်တဲ့သူက သူအားပေးတဲ့အသင်းနိုင်တာကိုပဲ မြင်ချင်ပါတယ်။ ကောင်းကင်မှာပျံဝဲနေတဲ့သိမ်းငှက်ကတော့ အပေါ်စီးကနေအားလုံးကိုဖြန့်ကျက်ပြီးမြင်နေရသလို ဘောလုံးအသင်းမန်နေဂျာကလည်း သူ့ကစားသမားတွေရဲ့အခြေအနေနဲ့ တဘက်အသင်းရဲ့အခြေအနေကို အကောင်းဆုံးသုံးသပ်ပြီး အနိုင်ကစားဖို့ပြင်ဆင်နေပါတယ်။

ဟုတ်ကဲ့။ အဲ့ဒီတော့ အားလုံး ပုစဉ်းလေးပဲ ဖမ်းနေကြပါ။ ဘောလုံးပွဲကို တီဗွီဖန်သားပြင်ပေါ်ကပဲ အားပေးနေကြပါ။ ပြီးတော့ အိမ်ထဲမှာပဲနေကြပါ။