ဥရောပတိုက်ကို ကိုရိုနာ ဗိုင်းရပ်စ် နောက်တကြိမ် စီး နင်းခြင်း

ကာဖျူးထုတ်ရတဲ့ပါရီနဲ့ အိမ်မလည်ဖို့ တားရတဲ့လန်ဒန် (ဥရောပတိုက်ကို ကိုရိုနာ ဗိုင်းရပ်စ် ထပ်မံစီးနင်းခြင်း)

ဥရောပ၏ အကြီးဆုံးမြို့တော်နှစ်ခုကား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်လာ၍ လူထု အပေါ် ကန့်သတ်မှုတွေ လုပ်ခဲ့ရပေပြီ။ ပါရီတွင် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ရပြီး လန်ဒန်တွင် မိသားစုများ အိမ်လည်ထွက်ခြင်းကိုပင် ပိတ်ပင်လိုက်ရသည်။ ပြင်သစ်တွင် မြို့တော်ပါရီသာမက မာဆေး၊ ဂရန့်နော့ဘလဲ၊ မွန့်ပယ်ယီယေး၊ တူးလုစ်၊ စိန့်အဲတီးယန်း၊ လီးလီ၊ ရိုအွန်နှင့် လီယွန်တို့တွင်ပါ အောက်တိုဘာ ၁၆ ရက် သန်းခေါင်ယံမှစ၍ ည ၉ နာရီမှ မနက် ၆ နာရီအတွင်း အပြင်မထွက်ရန် သမ္မတ အီမန်နျူရယ် မာခရွန်က ကြေညာခဲ့သည်။ အန္တရာယ်အများဆုံး အဆက်အသွယ်တွေကြောင့် ပုဂ္ဂိုလ်ရေးဆက်ဆံမှုတွေ လျှော့ချပစ်ဖို့ ရည်ရွယ်ပါသည်ဟု မာခရွန်က ရှင်းပြခဲ့သည်။ ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူကား ပထမအကြိမ်တွင် ဒဏ်ငွေ ၁၃၅ ယူရို(ဒေါ်လာ ၁၆၀ ခန့်) ချမှတ်ခံရမည် ဖြစ်ပြီး ထပ်မံဖောက်ဖျက်က ယူရို ၁၅၀၀(ဒေါ်လာ ၁၇၆၀ ခန့်) ပေးဆောင်ရမည်ဟူ၏။

ပြင်သစ်တွင် အောက်တိုဘာ ၁၄ ရက်က ကိုဗစ်လူနာသစ် ၂၂၅၉၁ ဦးနှင့် သေဆုံးသူ ၉၅ ဦး ရှိခဲ့ရာ ထိုအချိန်ထိပင် အတည်ပြုလူနာပေါင်း ၇၇၉၀၆၃ ဦးနှင့် သေဆုံးသူပေါင်း ၃၃၀၃၇ ဦး ရှိခဲ့လေပြီ။ လန်ဒန်သည်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တင်းကျပ်မှုကို အဆင့် ၁ ၏အလယ်အလတ်အခြေအနေမှ အဆင့် ၂ ၏ မြင့်မားသောအခြေအနေသို့ အောက်တိုဘာ ၁၆ ရက်မနက်မှစ၍ တိုးမြှင့်သတ်မှတ်လိုက်ပြီဟု ကျန်းမာရေးဝန်ကြီး မတ်ဟန်ကော့က ကြေညာခဲ့သည်။ ဆိုလိုသည်က လန်ဒန်သားတို့သည် မိမိတို့မိသားစုဝင် မဟုတ်သူများနှင့် ဘားဆိုင်များ စားသောက်ဆိုင်များအတွင်း အပါအဝင် မည်သည့်နေရာတွင်မဆို မည်သည့်ပုံစံနှင့်မျှ ရောနှောဆက်ဆံခြင်း မပြုရတော့ချေ။ ပြင်ပတွင် စုဝေးမှုများကို လူ ၆ ဦးထက်မပိုရန် ကန့်သတ်လိုက်ပြီး အများပြည်သူသုံးသယ်ယူပို့ဆောင်မှုကိုလည်း ဖြစ်နိုင်သမျှရှောင်ရှားသင့်ကြောင်း အစိုးရက အကြံပြုထားသည်။

ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် လန်ဒန်မြို့တော်သည် စိုးရိမ်ဖွယ်အခိုက်အတန့်ကို ရောက်ရှိ နေပြီး ဗိုင်းရပ်စ်သည် လမ်းထောင့်တိုင်းတွင် လျင်မြန်စွာပြန့်နှံ့နေပြီဟု မြို့တော်ဝန် ဆဒစ်ခန်းက သတိပေးခဲ့သည်။ ဆေးရုံတက်လူနာ များပြားလာနေသလို အရေးပေါ်ဆောင်သို့ ရောက်သည့်လူနာ ပိုများလာနေပြီး ဝမ်းနည်းဖွယ်ရာပင် နေ့စဉ် အသက်ငင်နေသည့် လန်ဒန်သားအရေအတွက် တဖန် ပြန်မြင့်တက်နေပြီဟု ဆဒစ်ခန်းက လန်ဒန်ပါလီမန်ကို ပြောပြခဲ့သည်။ နိုင်ငံတော်အတိုင်းအတာဖြင့် ပိုမိုကြီးမားသည့်အရေးယူ ဆောင်ရွက်မှုပြုဖို့ ခန်းကတောင်းဆိုလိုက်ပြီး ‘circuit breaker’ lockdown ချမှတ်ခြင်းကို ထောက်ခံသည်ဟုလည်း ထပ်လောင်းပြောဆိုခဲ့သည်။ သိပ္ပံဆိုင်ရာအကြံပေးအဖွဲ့က ကြိတင်ရေးသားခဲ့သည့် စာတမ်းတစ်စောင်က မကြာမီ နှစ်ပတ်ကြာ circuit breaker မပြဌာန်းလျှင် နှစ်မကုန်မီ ကိုရိုနာဗိုင်းရပ်စ်ဖြင့် လူထောင်ချီသေဆုံးနိုင်ကြောင်း ယူကေအစိုးရကို သတိပေးထားသည်။ ယခုအချိန်မှ နှစ်ကုန်အတွင်း သေဆုံးမှုးကို ၄၉ % အထိ လျှော့ချနိုင်ကြောင်းလည်း စာတမ်းက ဖော်ပြခဲ့သည်။

circuit breaker lockdown_ဆိုတာဘာလဲ.. ဗြိတိန်ထိပ်တန်းသိပ္ပံပညာရှင်များက ‘circuit breaker’ lockdown သည် ကိုဗစ်လူနာအရေအတွက် နည်းပါးစေနိုင်ကြောင်း ယုံကြည်ထားပြီး ရက်သတ္တပတ်အနည်းငယ် ယင်းသို့ချမှတ်ခြင်းဖြင့် အကျိုးထူးရန် မျှော်လင့်သည်။ နယ်သာလန်နှင့် အိုင်ယာလ်တို့သည် ‘circuit breaker’ lockdown မျိုးကို အောက်တိုဘာ ၁၆ ရက်တွင် စတင်သက်ရောက်စေပြီး ဘီယာဆိုင်၊ စားသောက်ဆိုင်များ ပိတ်ရန် စီစဉ်နေသည်။

လန်ဒန်မြို့တော်ဝန်က ကိုဗစ်လူနာအရေအတွက်တိုးလာခြင်းကို ထိန်းချုပ်ရန် တစ်နိုင်ငံလုံး ‘circuit breaker’ lockdown ချမှတ်လိုသည်။ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အဆင့်သုံးဆင့် ရှိ ကိုဗစ်သတိပေးစနစ်ကို အင်္ဂလန်တဝန်း အောက်တိုဘာ ၁၄ ရက်က ပြဌာန်းခဲ့သည်။ ဒေသဆိုင်ရာ ကန့်သတ်မှုကို အလေးပေးထားပြီး တစ်နိုင်ငံလုံး ‘circuit breaker’ lockdown ချမှတ်ရန် တောင်းဆိုမှုကိုတော့ ငြင်းပယ်ထားသည်။ အစိုးရစာရင်းအရ ယူကေတွင် အောက်တိုဘာ ၁၄ ရက်က လူနာသစ် ၁၉၇၂၄၊ သေဆုံး ၁၃၇ ရှိခဲ့ရာ စုစုပေါင်း လူနာ ၆၅၄၆၄၄ နှင့် သေဆုံး ၄၃၁၅၅ ရှိနေပြီဖြစ်သည်။ မြောက်အိုင်ယာလန်တွင် အောက်တိုဘာ ၁၄ ရက်က လူနာသစ် ၁၂၁၇ ဦး စံချိန်တင်တွေ့ခဲ့ပြီး စုစုပေါင်း လူနာ ၂၃၁၁၅ ရှိလာပြီးနောက် ကျောင်းများ၊ စားသောက်ဆိုင်များ ပိတ်လိုက်သည်။ ဝေလနယ်သည် ဗိုင်းရပ်စ်အတွေ့များသည့် အင်္ဂလန်၊ စကော့တလန်နှင့် မြောက်အိုင်ယာလန်တို့မှ ခရီးသွားများ ဝင်ရောက်ခွင့်ကို အောက်တိုဘာ ၁၅ ရက်မှစတင် ပိတ်ပင်လိုက်သည်။

မာကယ်မသက်မသာဖြစ်စေတဲ့ဂျာမနီ

ဥရောပနိုင်ငံတွေ ရာခိုင်နှုန်း ၈၀ လောက် ကိုဗစ်လူနာတိုးလာနေ၍ အလွန်စိုးရိမ်နေရပြီဟု WHO ၏ ကိုရိုနာဗိုင်းရပ်စ်လုပ်ထုံးလုပ်နည်း အကြီးအကဲ Van Kerkhove က ဆိုသည်။ နိုင်ငံများစွာတို့သည် ဗိုင်းရပ်စ်ထိန်းချုပ်ရေးကို ခပ်လွယ်လွယ်လုပ်ခဲ့ပြီးဖြစ်၍ ယင်းပုံစံ ထပ်လုပ်နိုင်ကြောင်းဖြင့် ဝင်ရောက်စွက်ဖွက်လိုမှု သဘောထား ကို WHO အရာရှိ အမျိုးသမီးက ပြသခဲ့သည်။ ဂျာမန်ချန်ဆယ်လာ အန်ဂျလာမာကယ်ကလည်း ဗိုင်းရပ်စ်အကူးများဇုန်တို့ကို တင်းကျပ်သည့်ပြဌာန်းမှုများ ချမှတ်ခဲ့ပြီး လူနာသစ်ဆတိုးနေပုံကြောင့် စိတ်မသက်မသာဖြစ်ရကြောင်း ပြောသည်။ ဂျာမနီတွင် လူ ၁၀ ဦး ထက် ပိုစုဝေးခွင့်မရှိဘဲ ကူးစက်မှုအမြင့်ဆုံးဒေသများတွင် ဘားများ စားသောက်ဆိုင်များလည်း ည ၁၁ နာရီတွင် မပိတ်မနေရ ဖြစ်သည်။

၇ ရက်အတွင်း လူ ၁၀၀၀၀၀ တွင် လူနာသစ် ၃၅ ဦးတွေ့သည့် ဧရိယာတိုင်းကို ကန့်သတ်စေမည်ဟု မာကယ်က ဆိုသည်။ လူ ၁၀၀၀၀၀ တွင် လူနာသစ် ၅၀ ကျော်လျှင် ကန့်သတ်မှုကို ပိုကျပ်သင့်ကျပ်မည်ဟု ဆိုသည်။ လာမည့် ၁၀ ရက်အတွင်းမှစ၍ ပိုးတွေ့နှုန်း မကျမခြင်း ပြဌာန်းရမည်ဖြစ်ပြီး လူငယ်တွေ ပါတီမတက်ဘဲ နေပေးကြပါဟု မေတ္တာရပ်ခဲ့သည်။ ဂျာမနီတွင် အောက်တိုဘာ ၁၅ ရက်စာရင်းအရ ၂၄ နာရီအတွင်း လူနာသစ် ၆၆၃၈ တိုး၍ ယင်းသည် မတ် ၂၈ ရက်နောက်ပိုင်း ဒုတိယအများဆုံးစံချိန် ဖြစ်သည်။ လူနာစုစုပေါင်းလည်း လူနာ ၃၄၁၂၂၄ ရှိပေပြီ။ ၃၃ ဦး ထပ်မံသေဆုံး၍ စုစုပေါင်း သေသူ ၉၇၁၀ ရှိခဲ့ပြီ။ ချက်သမ္မတနိုင်ငံမှာလည်း အောက်တိုဘာ ၁၄ ရက်က ကိုဗစ်လူနာသစ် ၉၅၄၄ ဦး တိုး၍ လူနာစုစုပေါင်း ၁၃၉၂၉၀ ဖြစ်လာခဲ့သည်။ ထပ်မံသေဆုံး ၃၅ ဦးဖြစ်၍ စုစုပေါင်းသေသူ ၁၁၇၂ ဖြစ်လာသည်။ အလားအလာ မကောင်းဘူး၊ အရေအတွက်တွေက သိပ်ဆိုးရွားလွန်းနေပြီဟု ဝန်ကြီးချုပ် အန်ဒ်ရက်ဂျ် ဘာဘစ်က ညည်းတွားသည်။ သို့ဖြင့် ကျောင်းများ စားသောက်ဆိုင်များ ပိတ်ခြင်းနှင့် အတူ ကန့်သတ်မှုအသစ်တွေ အောက်တိုဘာ ၁၄ ရက်က စသည်။

ပိုလန်တွင်လည်း အောက်တိုဘာ ၁၅ ရက်က လူနာသစ် ၈၀၉၉ ဦးတွေ့၍ ယခင်နေ့ထက် လူနာသစ် ၂၄ % တိုးခဲ့သည်။ ရုရှားတွင် ၂၄ နာရီအတွင်း ၂၈၆ ဦး စံချိန်တင်သေဆုံးခဲ့ပြီး ကိုဗစ်ကြောင့်သေသူ စုစုပေါင်း ၂၃၄၉၁ ဖြစ်လာခဲ့သည်။ လူနာသစ် ၁၃၇၅၄ ဦးတွေ့၍ စုစုပေါင်းလူနာအရေအတွက်ကား ၁၃၅၄၁၆၃ ဖြစ်လာသည်။ မော်စကိုတွင် လွန်ခဲ့သည့် အပတ်ထက် နေ့စဉ် လူနာသစ် တိုးနှုန်းနှင့် ဆေးရုံတက်နှုန်း ၁၅.၅ % တိုးလာသော်လည်း အာဏာပိုင်များက ပိတ်ဆို့ကန့်သတ်မှုများ မလုပ်သေးဟုဆိုသည်။ အောက်တိုဘာ ၁၂ ရက်မှစ၍ သန်းခေါင်လွန်ထိ ဖွင့်လှစ် ထားသည့် မော်စကို နိုက်ကလပ်များသို့ ဝင်ရောက်လိုသူများသည် QR code ဖြင့် စစ်ဆေးခံမှု သို့မဟုတ် contact tracing ကို ကူညီသော ကိန်းဂဏန်းများ ရိုက်သွင်းရန်တော့ လိုအပ်သည်။

မင်းမြတ်စံ