မြန်မာပြည် မှာ ရမ်းကုတွေ အတင့် ရဲ များပြားလာခြင်း အကြောင်း ရင်း (၆) ချက်

လူနာရှင်း လို့ ဆေးခန်းပိတ်ကာနီး ဆိုင်ကယ်တစ်စီး ဆေးခန်းရှေ့ ထိုးဆိုက် လာသည်။ အမျိုးသမီးတစ်ယောက် ဆင်းလာပြီး…

“ဆရာလေး… အစ်မက ***ရွာမှာ ဆေးခန်းဖွင့်ထားတဲ့ ဆရာမပါ… ဟိုတစ်နေ့က လူနာ ဦး*** ကို ဆရာလေး ထိုးလိုက်တဲ့ ဆေးနာမည်သိချင်လို့” “လာ… ဆရာမ… ဝင်ခဲ့လေ”

သူ့ကို ကျွန်တော်လုံးဝမသိပါ… ဒါပေမယ့် ဆရာမဆိုတော့ သူနာပြု ဆရာမလို့ပဲ ထင်မိသည်… “ဘယ်လူနာလဲ ဆရာမ… နာမည်လေး ပြန်ပြောပါဦး…” “ဦး*** ပါဆရာလေး”

“သြော်… သိပြီ… loin pain နဲ့ လာတဲ့လူနာပဲ…” “ရှင်… ဆရာလေး… ဘာပြောလိုက်တာလဲ” “Loin pain နဲ့ လာတဲ့လူနာ လို့ပြောတာပါ…” “ဆရာလေး… မြန်မာလို ပြန်ပြောပြပါလား”

နည်းနည်းတော့ သံသယဝင်သလို ဖြစ်သွားမိသည်။ ဆရာမဆို ဒီလောက်တော့ သိမည်ထင်သည်။

“ခါးတွေ ဗိုက်တွေ နာတဲ့လူနာကို ပြောတာလားလို့ပါ” “ဟုတ်တယ် ဟုတ်တယ် ဆရာလေး” “ဆရာမ နဲ့ လူနာက ဘာတော်လဲ… လူနာ ရဲ့ ခွင့်ပြုချက် နဲ့လာမေးတာလား ဆရာမ… တစ်မျိုးမထင်နဲ့နော်… လူနာရဲ့ privacy အတွက်မေးတာပါ… ကျင့်ဝတ်အရလည်း စောင့်ထိမ်းရမှာ မလို့ပါ”

“လူနာနဲ့ ဘာမှတော့ မတော်ပါဘူး ဆရာလေးရယ်… သူ့ကို အစ်မဆေးကုပေးနေတာပါ… နာတာမပျောက်တော့ အစ်မနဲ့မကုတော့ဘဲ ဆရာလေး ဆီလာတာ… ဆရာလေးရဲ့ ထိုးဆေး သောက်ဆေးနဲ့ သက်သာသွားတယ်ပြောတယ်… အဲ့ဒါ နောက်တစ်ခါဖြစ်ရင် ထိုးပေးရအောင် လာမေးတာပါ…”

သူ့စကားအသွားအလာအရ ရမ်းကုဆိုတာ သေချာနေပါပြီ။ လူနာကို ထိုးပေးလိုက်တဲ့ဆေး လာမေးတာ… နောက်တစ်ခါလူနာ အဲ့လိုနာရင် ထိုးပေး ချင်လို့…။ အတင့်ရဲလိုက်တဲ့ရမ်းကု…။ သိသိနဲ့ မေးခွန်းတစ်ခု အစ်မေးလိုက်သည်…။ “ဒါနဲ့ ဆရာမက သူနာပြုတက္ကသိုလ် ဘယ်မှာတက်တာလဲ… အစိုးရအလုပ်မဝင်ဘူးလား?”

“အစ်မက တက္ကသိုလ်တက်တာ မဟုတ်ဘူး ဆရာလေး… ဆေးသင်တန်းတက်ထားတာ… အဖေကလည်း ရွာမှာ အရပ်ဆရာကြီးဆိုတော့ ဆေးပညာကို အဖေ့ကိုကူလုပ်ရင်း ငယ်ငယ်ကတည်းက တတ်လာတာ… ဆေးလက်မှတ်ရအောင် ပဲ ဆေးသင်တန်းတက်ထားတာ… အစိုးရအလုပ်ကတော့ မခေါ်ဘူးထင်တယ်… အပြင်ဆေးခန်းတွေထိုင်ချင်ရင်တော့ သင်တန်းက ချိတ်ပေးတယ်ပြောတယ်…”

ဥပဒေတွေ၊ ပရော်ဖက်ရှင်တွေ နဲ့ကိုင်ပေါက်ပြီး ရှင်းပြလည်း ကြောက်မယ့်ပုံမပေါ်။ ကြောက်ရကောင်းမှန်းသိမယ့်ပုံလည်း မပေါက်။ အန္တရာယ် ရှိကြောင်း၊ ဆေးပညာက နက်နဲကြောင်း ရှင်းပြရင်လည်း (ကန်တော့်ပါရဲ့) တစ်သက်လုံးဆေးကုစားလာတာ လာမစော်ကားနဲ့ဆိုပြီး တက်ပွတ်သွားမယ့်ရုပ်မျိုး…။ ကြယ်ငါးကောက်မယ့်သူ မလုပ်ချင်တော့ပါ…။ စကားစ မရှည်ချင်တော့ပါ။

သူမ နားမလည်မယ့် စကားလုံးတွေ antispasmodic, pain killer, antibiotic class, dose, duration, life style modification တွေ နဲ့ ပြောပြလိုက်ပါသည်။ ဆေးနာမည်တွေတော့ မပြောပြလိုက်ပါ။ သူလည်း နားမလည်ဘဲ ယောင်လည်လည် မအီမသာနဲ့ ပြန်သွားပါသည်။

တစ်ဆက်တည်းတွေးမိသည်က… ဘာ့ကြောင့်ရမ်းကုများ ဒီလောက်အတင့်ရဲ လာကြသနည်း?

(၁) တရားဥပဒေ စိုးမိုးမှုမ ရှိခြင်း၊ (၂) ရမ်းကုတွေ ကိုယ်တိုင်ကလည်း ဒါတွေသည် တရားမဝင်ကြောင်း၊ အန္တရာယ် ကြီးကြောင်း မသိကြခြင်း၊ ငွေရလွယ်ခြင်း၊ ဥပမာ-ရမ်းကုများက ဆေးရုံကို လွှဲစာရေးပေးတာမျိုးက သက်သေ (သိသိကြီးနဲ့ လည်း လုပ်နေကြသူတွေ လည်း ဒုနဲ့ဒေး)

(၃) လူထုကလည်း ပညာ မတတ်ခြင်း၊ အသိပညာမရှိခြင်း၊ ငွေကြေးမတတ်နိုင်ခြင်း များကြောင့် လက်ခံခြင်း၊ (၄) ဆရာဝန်များအပေါ် အထင်အမြင် လွဲမှားနေခြင်း

(၅) သင်တန်းများက ဂျင်းထည့်ကြခြင်း (၃လ၊ ၆လ… သင်တန်းတွေ)၊ (၆) Profession ကို တန်ဖိုး မထား တတ်ခြင်း များကြောင့် ဖြစ်မည်ထင်ပါသည်..

Chan Nyein