ကိုဗစ်ကြောင့် ထိခိုက် သွားတဲ့ မြန်မာပြည်က လုပ်ငန်းများနှင့် အလုပ်ပြုတ်ကုန်တဲ့ ဝန်ထမ်းတွေ

ကိုဗစ်က ခရီးသွားလုပ်ငန်းတွေ ထိတယ်ဗျာ၊ နှစ်တရာမှာ တခါမှမကြုံဖူးတဲ့နှုံးနဲ့ ကို ထိတာ။ အလွန်ကျစ်လစ်သိပ်သည်းတဲ့ လုပ်ငန်းစုဟာ ဖွာလန်ကြဲ သွားတာပဲ။ အခု ကုမ္ပဏီတွေမှာ ဝန်ထမ်းတွေ မရှိတော့လို့ မြန်မာပြည်ထဲ တနေ့ လူတထောင်လာမယ်ဆိုတောင် ဘယ်ကုမ္ပဏီမှ ဝန်ဆောင်မှုမပေးနိုင်တော့ဘူး။

ဟိုတယ်တွေထိတယ်ဗျာ၊ ဟိုတယ်တွေမှာ ကိုဗစ်လူနာ ထားရတဲ့ ဆေးရုံတွေ စင်တာတွေ တဖြစ်လဲသွားပြီ။ ဟိုတယ်ဆိုတာ အရင်းအနှီး အလွန်ကြီးတဲ့ မြုပ်နှံမှုတွေပါ.. ၁၀ နှစ်နေလို့အရင်းမကြေဘူး။ တနိုင်ငံလုံး တလုံးမကျန် အကုန်ရပ်သွားတယ်။ ဝန်ထမ်းတွေကော? တလတသိန်းလောက်ထောက်ပံ့ကြေးပေးပြီး ဆက်ခန့်ထားရင် အလွန်တော်တဲ့ပုဂ္ဂိုလ်မို့ပဲ။ လူ သိန်းချီ အလုပ်ပြုတ်သွားတာ။

ဧည့်လမ်းညွှန်တွေ….. လှုပ်တောင်မ လှုပ်နိုင်ကြတော့ဘူး၊ တလ သိန်း ၂၀၊ ၃၀ ဝင်နေတဲ့ ဥာဏသမားတွေ… တလ သုံးလေးသိန်းဝင်ဖို့ ကာယအားကိုးပြီး delivery ပို့တဲ့ လူ ပို့နေကြပြီ။

ဘုရားဈေးသည်တွေ သူတို့ရောင်းနေကြ ပန်းနံမည် တောင် မေ့ကုန်ကြပြီ ထင်ရဲ့။

လေကြောင်းလိုင်းတွေ ကားလိုင်းတွေ… တနေ့တခါ စက်နှိုးခ ဆီဖိုးတောင် ဘဏ်မှာ ချေးရတော့မယ်ဗျ။ အတော်ဆိုးသကိုး။

ဂီတ ရုပ်ရှင် သဘင် အနုပညာသမားတွေ ထိချက်က ခေါင်းတည့်တည့် ပဲ။ ရုပ်ချောကြီးတွေနဲ့ ကြမ်းနေကြရပြီ။ အွန်လိုင်း ဈေးကွက်တွေထဲ ဟိုတစ ဒီတစ တိုးဝင် ကြသူကလွဲရင် ဆယ်လီတွေ မမြင်ရတာတောင်ကြာပေါ့။ အသုံးကြီးတဲ့လူတွေ ဘယ်လိုရပ်တည်နေကြသလဲ ရင်လေးစရာ။

စားသောက်ဆိုင်တွေ… အို ဘာပြောကောင်းမလဲ… ဆိုင်ငှားခက ဈေးကြီးရတဲ့အထဲ နှဲသမားပါးလို ပိန်လိုက်ဖေါင်းလိုက်… ဖွင့်လိုက်ပိတ်လိုက်…. သားငါးပစ္စည်းတွေမသိုးမပုပ်အောင် စီမံရတာတမျိုး၊ စားပွဲထိုးလေးတွေ ရွာပြန်ပို့ရ တာတမျိုး၊ ပြန်ခေါ်ရတာတမျိုး….

ဆောက်လုပ်ရေးတွေ… ရန်ကုန် မြို့ကို ကြည့်လိုက်… အလုပ်လုပ်နေတဲ့ တာဝါကရိမ်းရှိရင် ကြေးဖွင့် လောင်းမယ် လို့ လောင်းလိုက်….လေတိုက်လို့လှုပ်နေတာပဲတွေ့ရမယ်။ ယာယီဆေးရုံဆောက်တာကလွဲလို့… ဆောက်လုပ်ရေးစီးပွားရေးတွေ ရပ်နေတာ ကြာပြီ။

ပညာရေး… အို ကျောင်းတွေ နှစ်ပေါက်အောင်ပိတ်မှာ။ ဘာမှမပူနဲ့၊ သားသမီးနဲ့သာ နေ့တိုင်း ရန်ဖြစ်ဖို့ပြင်ထား။

ကုန်စည်စီးဆင်းမှု… အခုမှ ဖာ တုန်း ထေးတုန်း… ဟိုကအဝင်မခံ ဒီက အဝင်မခံ။ ကားသမားတွေကလည်း ကုန်စည်နဲ့အတူ ကိုဗစ်ပါတွဲ ဝယ်နေရရှာ။

အထည်ချုပ်၊ ကုန်စည်ထုတ် လုပ်ငန်းတွေ…. ပိတ်ခါ ဖွင့်တလှည့်၊ ဟိုအဖွဲ့က လာခြိမ်းခြောက်၊ ဒီအဖွဲ့က ပြဿနာရှာ၊ ဝန်ထမ်းစားဝတ်နေရေးကတမျိုး၊ ရပ်တည်ဖို့ကတမျိုး၊ အမိန့်တွေ ကြေငြာချက်တွေဘာသာပြန်ဖို့ ရုံးမှာ မြန်မာစာ ဆရာငှားထားရတာ။

တက္ကစီ အငှားယာဥ် လုပ်ငန်းတွေ.. လူ လူ ချင်းမယုံရတဲ့ရောဂါပါဆို၊ လူမရတာပဲ ကျေးဇူးတင်နေရမဲ့ပုံဗျ။ အပြင်ထွက်တဲ့လူမရှိတော့ အင်ဂျင်ဝိုင်တောင် မလဲနိုင်ကြဘူး။

ဘီယာ ကုမ္ပဏီတွေ … အတော်ရှုံးဆိုပဲဗျ။ ချကွာ နဲ့ ချီးယားတွေ ပျောက်နေတာ ၆ လဆိုတော့…

ရှေ့နေ၊ အကြံပေး၊ ဝန်ဆောင်မှု ကုမ္ပဏီတွေ…. အိမ်ထဲနေမှ တော့ ဘာ အမှုမှ မကျူးလွန်သလို ဘာအကြံတောင်းစရာလိုမလဲဗျ၊ အကြံပေးမယ့် မဟေသီ ဒါလင် က ၂၄ နာရီ ဘေးမှာ။

ဆရာဝန်တွေ… ရှစ်နှစ်သင်ခဲ့တဲ့ လူနာကုတဲ့ပညာ၊ ရှစ်စက္ကန့်နဲ့ သူတို့ပါ လူနာဖြစ်သွား နိုင်တယ်။ ဆေးမရှိရောဂါ၊ မကုမဖြစ်လို့သာ ကုနေကြတာ၊ ပင်ပန်းလှပြီ။ ဘယ်သူမှ မကုချင်ဘူး။

ဒီလုပ်ငန်းတွေကောင်းဖို့ နောက်အစိုးရ ဘယ်လိုပြန်ဆယ်မလဲ ဆိုတာ အတော် စိတ်ဝင်စားတယ်၊ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် တွေ ဖြစ်နေပြီ။ နောက်အစိုးရက ဒီလူတွေကို မကြည့်တော့ပဲ ဘတ်ဂျက်မရှိဘူးဆိုပြီး ပစ်ချလိုက်ရင်တော့ မှန်ကင်းတွေ ထင်း ဖြစ်ကုန်မှာ အများကြီးဗျာ။

Kyaw Swa Min