ဒီလောက်ဖော်ထုတ် ပေးထားတာတောင် အရေးမယူ ရဲဘူးလို့ ဆရာသက္ကမိုးညို ဒဲ့ပြောပြီ

ဒီလောက်ဖော်ထုတ် ပေးထားတာတောင် အရေးမယူ ရဲဘူးလို့ ဆရာသက္ကမိုးညို ဒဲ့ပြောပြီ

၁။ ဗစ်တိုးရီးယား အမှုမှာ သမ္မတရုံး က ညွှန်ကြားချက် (၄)ခုကို ဌာနသုံးဌာနကို ညွှန်ကြားထားတာဖြစ်ပါတယ်။ ၂၁-၂-၂၀၂၀ နိုင်ငံတော် သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲမှာ ဦးဇော်ဌေး ရှင်းခဲ့တာဆိုရင်

ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး တို့ဆီကို သမ္မတက ညွှန်ကြား ချက် လေးချက် ပေးထားတာ ဖြစ်ပါတယ်။

(၁) အမှုမှန် ပေါ်ပေါက်ဖို့၊ (၂) တာဝန်ခံမှု၊ တာဝန်ယူမှု ရှိဖို့၊ (၃) ဥပဒေနဲ့ အညီ ဖြစ်ဖို့၊ (၄) တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ထားတာတွေကို ပကတိ တွေ့ရှိချက် အမှန်တရားအတိုင်း ပြန်လည် တင်ပြဖို့

၂။ ဗစ်တိုးရီးယား အမှုဟာ တပြည်လုံး စိတ်ဝင်စားကြတယ်၊ အုံးအုံး ကြွက်ကြွက် ဝန်းရံကြတယ် ဆိုတာ ပြောနေဖို့ မလိုပါဘူး။ ဒီလို လူထု စိတ်ဝင်စားတဲ့ အမှုမျိုးဆိုရင် သတင်းထောက်တွေက မေးမှ တခွန်းစ နှစ်ခွန်းစ ဖြေတာမျိုးထက် သီးသန့် သတင်းထုတ်ပြန်တာ၊ အသေးစိတ် ရှင်းလင်းတာမျိုး လိုပါတယ်။ အစိုးရဟာ ပြည်သူ သိချင် တာကို သိခွင့်ပေးခြင်းဟာ ပြည်သူကို အလေးထားတဲ့ ပြည်သူ့ အစိုးရဖြစ်ကြောင်း သက်သေပြခြင်းပါပဲ။

၃။ ဒီနေရာမှာ ဗစ်တိုးရီးယား အမှုဟာ တရားရုံး ထွက်ချက်တွေကို ဖတ်လိုက်တာ နဲ့ ဘယ်သူတွေ မရိုးသားခဲ့ဘူးလဲဆိုတာ ထင်းထင်းကြီး ပေါ်နေအောင် ဖေါ်ပေးထားတဲ့ အမှု ဖြစ်ပါတယ်။ ဒီလိုဖေါ်ပေးထားတဲ့ အမှုမှာ (တချို့တွေ ပုံဖျက်လိုက်တာကြောင့်) ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမီးလေးနဲ့ မိဘ နာမည်ကို ထုတ်ပြောခဲ့တဲ့ ဖြစ်ရပ်သာ ထင်ပေါ်နေ ခဲ့ပြီး တကယ်တမ်း အရေးကြီးတဲ့ (သမီးလေးကို ကျူးလွန်သူ ဘယ်သူဆိုတဲ့ အမှုမှန် ပေါ်ပေါက်ရေး) အတွက် ဆောင်ရွက်ထားမှုဟာ ဘယ်လိုလဲ၊ ဘယ်အခြေအနေ ရောက်ပြီလဲ ဆိုတာ ဘယ်သူမှ မသိပဲ ဖြစ်နေပါတယ်။ မလုပ်ပဲများနေလေသလားလို့လည်း စဉ်းစား ရပါတယ်။

၎။ နိုင်ငံတော် သမ္မတရုံးဟာ သတင်းထောက်တွေ ကို ဖြေတယ် ဆိုတာ အဖြစ် ဖြေတာ မဟုတ်ပါ။ ပြည်သူကို ကတိ ပေးလိုက်တာပါ။ ပြည်သူကို ပေးတဲ့ ကတိဟာ ဘယ်အခြေအနေ ရောက်နေပြီလဲ ဆိုတာ ပြည်သူက သိခွင့် ရှိပါတယ်။ ကျဉ်းလွန်းလှတဲ့ ဧရိယာထဲမှာ အမှုမှန် မပေါ်ဘူးဆိုတာ ဖေါ်ထုတ်ရတဲ့ အဖွဲ့အစည်းတွေ ရဲ့ လိုအပ်ချက် ရှိနေလို့ ဖြစ်ပြီး ဒီလိုအပ်ချက်ကို ပြင်ဆင်ပြီး မဖေါ်ထုတ်ပေးဘူးဆိုရင် သူတို့ကို ထိန်းကျောင်းအုပ်ချုပ်သူရဲ့ လိုအပ်ချက်ကြောင့် ဖြစ်သွားပါလိမ့်မယ်။

(၅) ကျွန်တော့်ကို အမှုကို ရေဆုံးရေဖျား လိုက်မယ်ဆိုပြီး ဘာမှ ဖြစ်မလာလို့ ဆိုပြီး အပြစ်တင် အောက်ကလိအာ ပြောနေကြသူတွေ ရှိပါတယ်။ တကယ်တမ်း ဒီလောက် ရှင်းရှင်း ပေါ်လာအောင် ကျွန်တော်တို့ (ကျွန်တော်တယောက်ထဲ မဟုတ်ပါ) ကနေ ဖေါ်ပေးပြီး လိုအပ်သော ဆောင်ရွက်မှုကို ဆက်မဆောင်ရွက် ဖြစ်တာကို ကျွန်တော်တို့ တာဝန်လို့ ထင်နေတဲ့ ကေစိတွေကို ဘာမှ ပြောစရာ မရှိပါ။

(ကျွန်တော့်ကို) လူမုန်းလို့ ဗစ်တိုးရီးယား အမှုကို တလွဲ လိုရာဆွဲပြောတဲ့ အောက်တန်း ကျမှုကို ဘာမှ ဖြေရှင်းဖို့ မရှိပါ။ အကြိမ်ကြိမ် ရှင်းပြီးဖြစ်တဲ့ အလှူခံကိစ္စလည်း ဒီလိုပါပဲ။ ဘယ်လောက်ပဲ ရှင်းပြထားထား ပြီးရင် ကွန်မန့်မှာ အလှူငွေတွေ ဘယ်ရောက်သွားလဲ လာမေးမှာပါပဲ။ ဘာလို့လဲဆိုတော့ ရှင်းထား တာမသိလို့ မဟုတ်ဘူး။ တမင်ကို နာမည်ဖျက် လုပ်ကြံချင်လို့ပါ။

၆။ အမှုဘက် ပြန်လှည့် မယ် ဆိုရင် ဒီအမှု ရှုံးနိမ့်ခြင်း (အမှန်တရား မပေါ်ပေါက်ခြင်း)ဟာ တရားဥပဒေ ကျဆုံးခြင်းပါပဲ။ တရားဥပဒေ ကျဆုံးခြင်းဟာ တရားဥပဒေကို ဖေါ်ဆောင်သော အစိုးရ ကျဆုံးခြင်းပါပဲ။ ရိုးရိုးလေး ပြောရရင် အရေးယူလို့ ရလောက်သည်အထိ ပေါ်လွင်ထင်ရှားအောင် ဖေါ်ထုတ် ပေးထားတာကို အရေးမယူရဲဘူး၊ အရေးယူမရဘူးဆိုရင် နောင်ကို ဘယ်လို အုပ်ချုပ်မလဲ ဆိုတဲ့ မေးခွန်း ကိုယ့် ကိုယ်ကိုယ် ပြန်မေးစေချင်ပါတယ်။

သက္ကမိုးညို

Add a Comment

Your email address will not be published. Required fields are marked *

3 × four =