ကန်ထရိုက် နဲ့ စည်ပင် ပေါင်းရိုက်ခဲ့တဲ့ တိုက်တွေ ပြိုခဲ့ရင် ဘယ်သူ့ကို အရေး ယူရမှာလဲ?

ကန် ထရိုက်က မင်းသား ဆို စည်ပင် နဲ့ အင်ဂျင်နီယာတွေက ဇာတ်ပို့ ဇာတ်ရံတွေပါ

ငွေရှင်ကန်ထရိုက်တာက မြေရှင် နဲ့ညှိ တခြမ်းပေးတခြမ်းယူလား အလိုက်ပေးရမလား အိမ်ငှားပေးမယ်လေ။ စည်ပင်သာယာနဲ့လက်ဝါးရိုက်၊ လိုင်စင်ရအင်ဂျင်နီယာ နာမည်ငှားသုံး၊ အဆောက်အဦး ဒီဇိုင်းနဲ့တွက်ချက်မှုတွေကို စည်ပင်သာယာစီကပဲဝယ်၊ ပုံမှန်လာစစ်တဲ့စည်ပင်စစ်ဆေးရေး အဖွဲ့ကိုဧည့်ခံ၊ စည်ပင်စစ်ဆေးရေးအဖွဲ့ကလဲ အလှူခံထွက်သလို မြို့နယ်ထဲက ဆောက်လုပ်ရေးဆိုက်တွေစီလှည့်လည်ပြီး နေ့တွက်ကိုက်အောင် ပိုက်ဆံတောင်းကြ။

တကယ်ဆောက်တော့ ပန်းရံခေါင်း လောက်က ကြီးကြပ်တာပါပဲ။ ပန်းရံခေါင်းကို ထပ်ပြီးကြီးကြပ်တာကတော့ ကန်ထရိုက်တာ၊ ဟိုဟာလျှော့လိုက် ဒီဟာလျှော့လိုက် အုတ်မြစ်ဘယ်နှစ်ပေတူးလဲ သံချောင်း ဘယ်ဆိုက် ဘယ်နှစ်ချောင်း ဘိလပ်မြေဘယ်လိုရော စစ်ဆေးသူတွေမှာ တာဝန်ရှိ ပေမယ့် ကန်ထရိုက်တာက ချီးမြှင့်တဲ့ငွေလေး အိပ်ကပ်ထဲထည့်ပြန်ကြတာမျိုးမဟုတ်လား။

အခုလိုပြိုတော့ ဆက်လက် နေထိုင်ခွင့်ပေးမလား အကြီးစားပြင်ဆင်ခွင့်ရပါ့မလား အသစ်ဆောက်ရမလား တိုက်ခန်းနေပြည်သူတွေအတွက် ဒုက္ခကတော့ လှလှကလေး လာပါပေါ့။ အဓိကဇာတ်လိုက်က ကန်ထရိုက်တာ တွေပါပဲ။ စည်ပင်အဖွဲ့တွေ လိုင်စင်ရအင်ဂျင်နီယာတွေ ကတော့ ကိုယ့်သိက္ခာကိုယ်ရောင်းစားကြတဲ့ ကြံရာပါဇာတ်ပို့တွေလို့ ဆိုရပါမယ်။

ပြိုလုဆဲဆဲတိုက်တွေမှာ စုပြုံနေကြသူတွေ ကတော့ အရင်ဘဝကကြွေးဟောင်းလာဆပ်တာလို့ ခံယူကြ ဖို့ပဲ ရှိတော့တာပေါ့လေ။ သဗ္ဗေသတ္တာ ကမ္မဿကာလို့ပြောရမလား သာဓုခေါ်ရမလား အမျှပဲ ဝေရမလား မဝေခွဲနိုင်တဲ့ ဒီဇာတ်မဟာ အရှုပ်ထုပ်ကြီးပါပဲ။

Win Htein