“အလုပ်အကျွေး ပြုဖို့ လာခဲ့တာပါ အပြုစုခံဖို့ မဟုတ်ပါဘူး” (ဒေါက်တာနန္ဒဝင်း)

ကျွန်တော် သိပ်ကြိုက်သလို အမြဲတမ်း ရောက်ရာနေရာက ပြည်သူ အတွက် ခံယူထားတဲ့ အဆိုမိန့်လေးပါ

၂၆၊၁၀၊၂၀၂၀ မှာ ပြုပြင်ပြင်ဆင်ပြီးတဲ့ ဖျားနာစောင့်ကြည့်လူနာခန်း ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ ယခင်က ၄−၅ −၆ကုတင်သာ အောက်စီဂျင်ပိုက်လိုင်းတွေရှိနေရာက ခုဆို ကုတင်(၄၀)ရဲ့ခေါင်းရင်းမှာ အောက်စီဂျင်ပိုက်လိုင်းတွေ ရှိနေခဲ့ပါပြီ။ ပထမလှိုင်းစကတည်းက servicing လုပ်မယ့်သူမရှိလို့ မအေးတော့တဲ့ aircon တွေ ဆေးကြောပြီးသလို လိုအပ်တဲ့နေရာမှာလည်း ထပ်တပ်ပြီးပါပြီ။ အကာအရံတွေလည်း ပလတ်စတစ် ကနေ ဖိုင်ဘာမှန်တွေအဖြစ် အထဲအပြင် ရှေ့နောက် PA system တပ်ထားတော့ ဟဲလို ဘယ်သူရှိလား ဘယ်လူနာစောင့် ဘယ်ကိုလာပါရှင် ဆိုပြီး အော်နိုင်ခေါ်နိုင် ထိန်းချုပ်နိုင်ပါပြီ။

အားလုံးဟာ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာဇော်ဝေစိုး ရဲ့ အကြံဉာဏ် အားစိုက်မှု ဆေးရုံအုပ်ကြီး (ဒုချုပ်) ဒေါက်တာမြင့်မြင့်အေး ရဲ့ အနီးကပ် ကြီးကြပ်မှု အောက်မှာ အဆင့်ဆင့်သော ဝန်ထမ်းများက မခိုမကပ် လုပ်ဆောင်သွားကြလို့ပါပဲ။ ကျွန်တော်ကတော့ ချစ်သော စေတနာ့လုပ်အားရှင်များ ချစ်သောမိတ်ဆွေများ နှင့်ပူးပေါင်းပြီး လိုတဲ့နေရာကို ဝင်လုပ်ကိုင်ဖြည့်စည်းရုံပါပဲ။ လှလှပပ သေသေသပ်သပ်လေး ဖြစ်သွားတော့ ကျေနပ်မိပေမယ့် ပြည်သူတွေ အပြင်မှာ နေချင်သလိုနေကြတာကို မြင်နေရတော့ ဘယ်တော့ပြန်ပြည့်ပြီး အရင်လို ပြန်ဖြစ်မလည်းလို့ စိုးရိမ်စိတ်က အမြဲခံစားနေရပါတယ်။ အကြမ်းအားဖြင့်ရန်ကုန်ဆေးရုံကြီးကိုရောက်လာတာ သက်ကြီး နှင့် ယခင်ရောဂါအ ခံရှိသူတွေ များပါတယ် သူတို့တော်တော်များများဟာ အခြေအနေဆိုးပါတယ် အောက်စီဂျင် ၇၀ လောက်အထိကျ ငါးလေး ရေပေါ်ရောက် သလို ဟစိဟစိ နှင့် သနားစဖွယ် အားကိုးတကြီးမျက်လုံးလေးတွေ နှင့်ရောက်လာကြပါတယ်။

သူတို့ အပြင်မထွက်ပါဘူး အိမ်ထဲမှာပဲနေသူတွေပါ သူတို့ဆီ ဘယ်လိုရောက်ပါလဲ သူတို့ချစ်တဲ့ သူတို့အိမ်ထဲက မျှော်နေတဲ့ သူတို့ရဲ့သားသမီး အိမ်သားတွေက သယ်လာကြတာပါ။ အဲဒီလူတွေမှာ ရောဂါလက္ခဏာ မပြပေမယ့် ကိုယ်ခံအားနည်းတဲ့ လူကြီးတွေက ကြွေသူကြွေ မကြွေရုံတမယ် ခံစားသူတွေ ခံစားရဖြစ်နေကြပါတယ်။ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပြီး ကြွေးဟောင်းဆပ်ကြပါခင်ဗျာ။ မနေ့က ရန်ကုန်ဆေးရုံကြီး ပင်မအနီဆောင်ကြီးတစ်ခုလုံးရဲ့ အများနှင့်သက်ဆိုင်သောနေရာ Public area (လျှောက်လမ်းတွေ လှေကားတွေ တိုင်တွေ နံရံတွေ) ကို deep cleansing စဝင်ပါတယ်။ အရေးပေါ်ဌာနရဲ့ သန့်ရှင်းရေးကို ကိုလင်းမချစ်သုဝေတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းက ကူညီသလိုပဲ ခု လုပ်ငန်းကိုလည်း မခင်စိုး၊မစန္ဒာ၊မညိုနု၊ မမေသူ၊မမျိုးမျိုး၊မမိုးမိုး၊မနွယ်နွယ်၊မယမင်း၊မမြမြ၊မယဉ်မိုး၊မစံထား တို့ စုပေါင်းထားတဲ့ Loving Sisters Group (ချစ်သောညီအမများ အဖွဲ့) က ကူညီပါတယ်။ ကူညီဆောင်ရွက်တဲ့ Clean Pro အဖွဲ့ကိုလည်း သမိုင်းဝင်အဆောက်အဉီဖြစ်တာကြောင့် သတိထားပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးပါ ရှေးမာဘယ်ကျောက်ပြားတွေကို သန့်ရှင်းရေးသာမက တောက်ပြောင်ရေးအတွက်ပါ ဆောင်ရွက်ပါ နိုင်ငံတကာက ပြတိုက်ကြီးထဲကို ဝင်ရသလို ရှေးမူနှင့် သပ်ရပ်နေတာကို ဖြစ်စေချင်ပါတယ်ဆိုတဲ့ အကြောင်းလိုက်လံပြသ နိုင်ခဲ့ပါတယ်။

ကျွန်တော်ရဲ့ဆေးရုံအုပ်ချုပ်မှု အိပ်မက်တစ်ခုဖြစ်တဲ့ သန့်ရှင်းရေးကို ကျရာဝန်ထမ်း နှင့် မဆောင်ရွက်စေပဲ ကျွမ်းကျင်သူများ ငှားရမ်းကာ တောက်ပြောင်လှပစေရေး out sourcing အိပ်မက်ကို ကိုဗစ် ကာလ လူအင်အားနည်းနေတာနှင့် အချိန်ကိုက် အကောင်အထည်ဖော်ခွင့်ရလိုက်တာပါပဲ။ ကျေးဇူးပါ ခေတ်သစ် ဖောင်ဒေးရှင်း နှင့် ချစ်သော ညီအမများ အဖွဲ့ခင်ဗျား။ ဆေးရုံကြီးရှေ့က ခေတ်သစ်ဖောင်ဒေးရှင်းကပဲ လှူထားပေးတဲ့ ရွက်ဖျင်တဲကိုလည်း စံကိုက် ရောဂါထိန်းချုပ်ရေး ပုံစံ တည်ဆောက်ပေးနေပါတယ်။ ဝန်ထမ်းဝင်ပေါက် positive air staff room PPE ချွတ်ခန်း ထွက်ပေါက် လူနာဝင်ထွက်ပေါက် အိမ်သာ ကူးစက်နိုင်ခြေရှိတဲ့ ဇုံသတ်မှတ်ခြင်း စတာတွေကို ပြင်ပ အကြံပေး အင်ဂျင်နီယာ အကို စိုးလှိုင် လူရော အင်အားရော စိုက်ထုတ်တဲ့ အကို သိုက်စိုး ဟဲလိုလိုက်ရင် လာပြီဆရာရေဆိုတဲ့ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ မဝိုင်း အလုပ်မအားတဲ့ကြားကနေ လာကြည့်ကြပါဦး ဆိုရင် လာကြတဲ့ ဆေးရုံကြီးမှ သက်ဆိုင်ရာ ဆေးရုံအုပ်များ အထောက်အကူပြု (ရေမီးအင်ဂျင်နီယာ) အဖွဲ့များ ဟေ့ကောင်တွေ ဟိုဘက်ပြေး ဒီဘက်လာ ဆိုပြီး အနီးကပ် ပြေးလွှာပေးနေတဲ့ မြဝတီ နှင့် သီပေါ က သား(၂)ယောက် တို့အား နှင့် ကြိုးစားနေပါတယ်။

ဆေးရုံကြီးရှေ့ဆောင်မှာ ပြင်ဖို့ကျန်နေတဲ့ ၉−၁၀ ကို မနေ့က ပြင်ဖို့ ပစ္စည်းတွေရွှေ့ကြပါတယ်။ ဘီဒိုအကြီးကြီးတွေ အပါအဝင် ပစ္စည်းတွေသယ်ဖို့ ဆေးရုံကြီးမှာ အလုပ်သမားအင်အား မရှိကြတော့ပါဘူး။ ဆေးရုံအုပ်ချုပ်သူဆိုတာ ပညာရှင်တွေ ဖြစ်တဲ့ ဆရာဝန် ဆရာမ ဓါတ်မှန် ဓါတ်ခွဲ နှင့် အခြား နှီးနွယ် ပညာရှင် တွေ သူတို့ရဲ့ လုပ်ငန်းပေါ်မှာပဲ အဓိက အာရုံစိုက်လို့ရအောင် ဆောင်ရွက်ပေးတဲ့ ပညာရှင်တစ်ဦးလို့ခံယူထားတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ကို သားလို့ ခေါ်တဲ့ ဆေးရုံအုပ်ကြီး မမဒေါက်တာမြင့်မြင့်အေးက နင် အရေးပေါ်ကို သေချာကရုစိုက်လို့ပြောပေမယ့် မနေတတ်မထိုင်တတ်ပါဘူး ကျန်တဲ့ အဆောင်တွေကလူတွေ နှင့်တွေ့မိရင် လိုတာပြောနော် နိုင်တာအကုန်လုပ်ပေးမယ် လို့ပြောဖြစ်ပါတယ်။ (လျှာရှည်ဘောင်ကျော်တာ လုံးဝမဟုတ်ပါဘူး နယ်မှာနေကတည်းက ဆေးရုံတစ်ရုံလုံး အိမ်သာ လူသေရုံမကျန် အကုန် လျှောက်သွားလုပ်ပေးတဲ့ အကျင့်က မပျောက်တာပါ ကိုယ်တာဝန်ကျတဲ့နေရာကို အကောင်းဆုံးလုပ်ပေးမယ်ဆိုတဲ့ sense of ownership ပါပဲ နားလည်ပေးစေလိုပါတယ်) ၉−၁၀ မှာ အခက်တွေ့တယ်ဆိုတာနှင့် အဆောင်သီးသီး အတွင်းမှာ လုပ်အားပေးစနေတဲ့ သားတော်မောင် စေတနာ့လုပ်အားရှင် (၁၁) ယောက် ကိုပြန်စုလိုက်ပါတယ်။ သူတို့ချစ်တဲ့ ဆရာကြီး ဖာဂူနန်က ပြန်ခေါ်လို့ ဝမ်းသာအားရ သူတို့အပြင် အားနေတဲ့ အဆောင်တွေထဲက စေတနာ့ဝန်ထမ်း ကလေးတွေကိုပါ သကောင့်သားတွေက မလာပါတယ်။ ပစ္စည်းတွေ အရမ်းကြီး တော့ We Love Yangon ကိုပါ အကူအညီတောင်းရပါတယ်။ ရှေးဟောင်းဘီဒိုကြီးတွေကို လူအင်အားနှင့်တပင်တပန်းရွှေ့ရပါတယ်။ ရန်ကုန်ဆေးရုံကြီးရဲ့ ကိုဗစ်တိုက်ပွဲမှာ ပြည်သူတွေအားက အများကြီး တာသွားလှပါတယ်။ လေးစား ဦးညွှတ်ရပါတယ်။

သူတို့အတွက် တန်ဖိုးသင့်ကို ဂျီလှမ်းတိုက်ပါတယ်။ ဖာလူဒါ တွေ ဝယ်တိုက်ပါ။ အမြန် အမြန်လို့ အော်ပါတယ်။ ချစ်သော အန်တီ စန်းစန်းဆွေ ကလည်း သူချစ်သော တူတော်မောင် မုန့်ဆာတတ်တာ မုန့်ကျွေးတတ်တာ ပရိသတ်များတာ သိတော့ တန်ဖိုးသင့်ကို သားနန္ဒ တို့စားဖို့ သိန်းငါးဆယ် ကြိုပေးထားရှာပါတယ်။ (မပေးထားလည်း ဂျီတိုက်မှာပါပဲ တန်ဖိုးသင့်ကို နှိပ်စက်မယ့်သူ ကျွန်တော်ပဲရှိတာကို ) အေးချမ်းသူတို့ပျော်စံရာက အဘဦးမြင့်ဆွေ အမေမြတ်တို့ ဆီကနေတဆင့် မိုင်းဖုန်းဆရာတော်ကြီး ပို့ပေး လိုက်တဲ့ ဆရာတော့် ရုပ်ပွားတော် နှင့် သိဒ္ဓိဝင်ပုတီး ရောက်လာပါပြီ။ ယုံကြည်သူတွေအတွက် လက်ဖွဲ့များလည်း ရောက်လာပါပြီ။ လိုချင်သူ ကျန်းမာရေးဝန်ထမ်းများ ကျွန်တော် ခေတ္တ ရုံးစိုက်ရာ အရေးပေါ် ဆေးရုံအုပ် ရုံးခန်းကို လာရောက် ယူဆောင်နိုင်ပါတယ်။ ယုံကြည်သူလူနာများအတွက် ပတ်ချင်လိုချင်တယ်ဆိုရင်လည်း သားတော်မောင် ဒေါက်တာ သက်ထွန်းအောင် ဖုန်း ၀၉ ၅၀၆ ၉၉၉၂ ဆီကို ဆက်သွယ်ကာ လာရောက်ထုတ်ယူ နိုင်ပါတယ်။

အရင်တုန်းက အဆောင် လက်ဖွဲ့ သိပ်ကြိုက်တဲ့ ကျွန်တော်ဟာ ခု ဘာမှ မဝတ်တော့ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ညတစ်ညမှာ လည်ပင်းက ပရိတ်ကြိုးလေးကို ကိုင် ဘုရားစာ ရွတ်ရင်း အိပ်ပျော်သွားပါတယ်။ အိပ်မက်ထဲမှာ ပရိတ်ကြိုးကို ပေးခဲ့တဲ့ ပြတ်သွားလည်း အသစ် ထပ်ထပ်ပေးခဲ့တဲ့ ကျေးဇူးရှင် ဘဲအင်းဆရာတော်ကြီးက လာပြောပါတယ်။ ကျွန်တော့်ကို ဆရာလို့အမြဲခေါ်တဲ့ သက်တော်ရှည် ဆရာတော်ကြီးက “ကြိုးတစ်ချောင်းရဲ့အကာအရံကို ဘာလို့ ဒီလောက် မှီခိုနေရလဲ ဆရာရယ်” ဆိုတဲ့ အသံကိုကြားလိုက်ရပါတယ်။ မိမိကိုယ်တိုင်သည်ပင် အကာအရံ ဖြစ်စေရမယ် ဆိုတဲ့ အသိကို ထေရဝါဒ အယူ စင်စစ် ဖြစ်အောင် သွန်သင်ပေးခဲ့တဲ့ ရတနာသုံးပါးကို တစ်သက်တာ ကြည်ညိုသွားအောင် သွန်သင် ပေးခဲ့တဲ့ ကျေးဇူးရှင် ဘဲအင်း ဆရာတော်က လာသွန်သင်လိုက်သလိုပါပဲ။ ကျွန်တော့်လက်မှာ လက်ပတ် မတွေ့ရင် လက်ပတ်ချည်မန်းပေးတဲ့ ဆရာတော်ကြီးကို မယုံကြည်တာ မဟုတ်ပဲ ကိုယ်တိုင်သည်ပင် အစောင့်အရှောက် တစ်ခု ဖြစ်အောင် တည်ဆောက်နေလို့လို့ မှတ်ယူပေးပါ။ ဆေးရုံထဲက အဆောင်တွေကို လမ်းလျှောက်သွားတိုင်း မေတ္တသုတ် မောရသုတ် ဗောဇ္ဈင်သုတ် ပထဝီဇယ မန္တန်တွေကို ရွတ်ဆိုသွားနေပါတယ် အမျှတွေပေး နေပါတယ်။ ခုရက်ပိုင်း ပိုမို ကြိုးစားတည်ဆောက်နေပါတယ်။ ပဌာန်းဆက်ပါလို့ ရောက်ရတယ်။ အကြောင်းတရားတွေ ရှိနေလို့ လာရတယ်လို့ မှတ်ပါတယ်။

ဘာသာရေး အကြောင်းကို ရေးနေပြောနေလို့ ကျွန်တော့်ကို ဘုန်းကြီးဝတ်တော့မယ် သူတော်စင်လို့တော့ မထင်ပါနဲ့။ ကြိုးစားတည်ဆောက်နေပေမယ့်တဏှာ ကိလေသာ မာန လောဘ ဒေါသ မောဟ အို အကုန်လုံးသော ကောင်းကျိုးမပေးတဲ့ သံသရာက လက်တွဲဖော်မိတ်ဆွေတွေက အလုံးအရင်း ရှိနေပါသေးတယ်။ အသေအချာပါ။ တိုက်ပွဲဝင်နေရလို့ ဖိနှိပ်ထားလို့သာ သူတို့ အုံကြွမလာတာပါ။ ထောင့်တစ်နေရာမှာ ပုန်းနေတာပါ။ လောင်စာအဖြစ် ငြိမ်ငြိမ်လေးရှိနေတာပါ။ မီးစလေး နဲ့များတွေ့လို့ရှိရင် ဟုန်းခနဲ တောက်လောင်ဦးမှာပါ။ “ချစ်လုံးလုံး မုန်းလျားလျား” လောကကြီးမှာ ကျွန်တော့်ကို ချစ်တဲ့ သူတွေကြောင့် သူတော်စင်လို့အထင်မခံ နိုင်ပါဘူး။ လူတစ်ဦးမှာ အလင်းခြမ်းနှင့် အမှောင်ခြမ်းရှိပါတယ်။ သဘာဝအရ ကျွန်တော် မဖော်ပြတဲ့အမှောင်ခြမ်းကို လူမမြင်ပဲ လူသိခံတဲ့ အများအတွင်း အလုပ်လုပ် နေတဲ့ အလင်းခြမ်းကိုသာ လူသိများတာပါ။ ကျွန်တော် မဖော်ပြတဲ့ အမှောင်ဘက် ကတော့ သေချာကြည့်ရင် ဖျော့အောင် လုပ်နေပေ

မယ့် ထင်းနေဆဲပါပဲ။ အထင်မကြီးကြပါနဲ့ဗျာ..

ကျွန်တော်ဟာ ကောင်းအောင်နည်းနည်းလေး စ ကြိုးစားနေတဲ့ မိုက်နေဆဲ လူဆိုး တစ်ယောက်ပါ….

ဒေါက်တာနန္ဒဝင်း