ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပိုပြီး ရန်ဆောင် လာကြတဲ့ ကမ္ဘာ့စစ် အင်အားကြီး (၂) နိုင်ငံ

နက်ရှိုင်း လာနေသော အမေရိကန်-တရုတ် အကွဲအပြဲ

ကပ်ရောဂါ ဆိုးကြီး တခုကို ရင်ဆိုင် လာရလျှင် ကမ္ဘာနိုင်ငံများ အား ပို၍ ကျောခြင်းကပ်လာမည်ဟူ သော မျှော်လင့် ချက်များ ရှိကောင်း ရှိနိုင်သော်ငြားလည်း ကိုဗစ်-၁၉ က အစိတ်စိတ် အမွှာမွှာ ဖြစ်‌အောင် ဆွဲကိုင် မွှေ့ရမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ရောဂါပိုး ပိုမို ပျံ့နှံ့လာသည်နှင့် အမျှ အမေရိကန် နှင့် တရုတ် အကြား ဆက်ဆံရေးသည် မည်မျှ ပင် ကောင်းမွန်ရန် ကြိုးစားခဲ့ကြသော် လည်း ယခုအခါတွင် အလွန်တရာ နက်ရှိုင်းသော အသူရာ ချောက်ကြီး တခု အတွင်း တလိမ့်လိမ့် ထိုးဆင်းလာနေခဲ့ပြီ ဖြစ်သည်။

ဗိုင်းရပ်စ် သည် ဝူဟန်ရှိ ဓါတ်ခွဲခန်း မှ ထွက်ပေါ် လာခဲ့သည် ဆိုသော သက်သေအထောက် အထားများ အလွန်တရာ များပြား လာနေသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယိုမှ ‌ပြောဆိုလာခဲ့သည်။ သို့သော် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများ နှင့် အခြားသော အလားတူ အဖွဲ့အစည်းများက ၎င်းတို့ အဖို့ သက်သေပြနိုင်သေးခြင်း မရှိဟု ပြောဆို ခဲ့ကြပြန်သည်။

ထိုကဲ့သို့ ဗိုင်းရပ်စ် ပျံ့ပွားအောင် လုပ်ခဲ့သည့်အတွက် တရုတ်အား ပြစ်ဒဏ် ခတ်ရန် လျော်ကြေးတောင်းဆိုခြင်း သို့တည်းမဟုတ် တရုတ်မှ ဝယ်ယူထားသောအမေရိကန်၏ ငွေချေး စာချုပ် အချို့အား ဖျက်သိမ်းပြစ်ခြင်းများ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ် နေမှုကို မျက်လုံးပြူး မျက်ဆံပြူး ဖြစ်လာ ကြသော အမေရိကန် တာဝန်ရှိသူများက နောက်ပိုင်းတွင် ‌ပေါ‌ကြောင်ကြောင် နိုင်သော အပြောအဆိုများဟု ဆိုကာ မဟုတ်မှန်ကြောင်း ငြင်းဆိုလာခဲ့ကြသည်။

တရုတ်မှ ပွန်ပီယို အား “သူရူး တယောက်” နှင့် “နိုင်ငံရေး ဗိုင်းရပ်စ်ပိုး” အဖြစ် ကင်ပွန်းတပ် ပြောဆိုလာခဲ့သည်။ ထို့အပြင် တရုတ် အစိုးရ မီဒီယာများမှ အမေရိကန်၏ ကိုင်တွယ်ပုံသည် “မယုံနိုင်လောက်အောင် ဆိုးရွားခဲ့မှုအတွက်” နိုင်ငံတကာမှ စုံစမ်းစစ်ဆေးရန် ကို ပါ တောင်းဆို လာခဲ့ကြပြန်သည်။

ထိုသို့ အပုပ်ချလာ‌နေမှုများ သည် နှစ်နိုင်ငံအကြား ရန်စောင်နေမှုများ ကို ယခင်ကထက် ပိုမို နက်ရှိုင်းလာစေခဲ့ရသည်။ အ‌မေရိကန်နိုင်ငံသားအများစုမှ တရုတ်၏အခြေခံ သဘောထားသည် ၎င်းတို့ အပေါ် တွင် ရန်လိုပြီး အမေရိကန် တို့ အသိဉာဏ်ပညာ ဖြင့် တီထွင်ဖန်တီးထားမှုကို ခိုးယူ ရုံမျှမက နိုင်ငံတွင်း အလုပ်အကိုင် များကိုပါ ဖျက်စီးပြစ်ခဲ့သူများဟု ခံယူထားကြသည်။ တရုတ်တို့ ဖက်က လည်း အမေရိကန်သည် ပုပ်သိုး ‌ဆွေးမြေ့နေသော အင်အားကြီး နိုင်ငံ တခု ဖြစ်လာနေပြီး ၎င်းတို့နှင့် တရားမျှတစွာ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ သဖြင့် ချိုးနှိမ်ပြစ်မည် ဟူသော အကြံဖြင့် အနိုင်ကျင့် ဗိုလ်ကျသော လုပ်ရပ်များကို ကျူးလွန်လာနေပြီဟု ယူဆထားခဲ့ကြသည်။

နှစ်နိုင်ငံစလုံး၏ ပြည်တွင်း နိုင်ငံရေး အနေအထားများ သည်လည်း ရန်စောင်မှုကို အားပေးအား‌မြှောက် ပြုသလို ဖြစ်လာခဲ့ရပြန်သည်။ ဒေါ်နယ် ထရန့်သည် ယခုအခါ ၎င်းလက်ထက်တွင် ရရှိခဲ့သော စီးပွားရေး အကျိုးအမြတ်များက ကိုဗစ်-၁၉ နှင့် အတူ ရေစုန်မျောသွားခဲ့ပြီ ဖြစ်၍ ပြန်လည် အရွေးခံနိုင်‌ရေး အတွက် တရုတ်ကို ပို၍ ရန်လုပ်ခြင်းသည်သာ သူ့အတွက် တခုတည်း သော မဟာဗျူဟာ အဖြစ် ကျန်ရှိခဲ့ပေတော့သည်။ ဤနည်းဖြင့် သူ၏ ပြိုင်ဖက်ဖြစ်သူ ဂျိုး ဘိုင်ဒင်ကို ခြိမ်းခြောက်နိုင်မည်ဟု ‌မျှော်လင့်လာခဲ့သည်။

တရုတ်သည် ၎င်းတို့ အပေါ် အပြစ်ပုံ ချမှုကို ငြင်းဆိုခဲ့ရုံသာမက အောင်မြင်စွာ စီမံနိုင်ခဲ့မှုသည် ပါတီ၏ အောင်ပွဲ အဖြစ် အသားပေး ပြောဆိုလာကြသည်။ ပြည်တွင်း ဝါဒဖြန့်ချီရေး ယန္တရားများက ဗိုင်းရပ်စ်သည် အမေရိကန်မှ ရောက်လာခြင်းသာ ဖြစ်သည်ဟု လူထုအကြား မသိမသာ ရိုက်သွင်း လာခဲ့ပြီး အများစုမှ ယုံကြည်လာခဲ့ကြသည်။

အမေရိကန်တို့ ဖက်မှ စွပ်စွဲသလို ကိုဗစ်-၁၉ အား ပထမပိုင်းတွင် တရုတ်တို့မှ ၎င်းတို့၏ ဗီဇ အတိုင်း ဖုံးဖုံးဖိဖိ လုပ်ခဲ့ခြင်းသည် အမှန်ပင် ဖြစ်သည်။ ဩစတေးလျှ အပါအဝင် နိုင်ငံအများက ကပ်ရောဂါ၏ မူလ ဘူတ ကို ရှာဖွေ ‌ဖေါ်ထုတ်ရန် တောင်းဆိုလာနေကြသည်။

ယခုအပတ်အတွင်း ရိုက်တာ သတင်းဌာနမှ လက်ဝယ် ရရှိလာခဲ့သော တရုတ် ခေါင်းဆောင်များ အကြား ဖြန့်ဝေသော စာတမ်းတွင် အမေရိကန် မှ ကမကထ လုပ်လာသော ကမ္ဘာတဝှမ်း တရုတ် အပေါ် ဆန့်ကျင်လာနေမှုများသည် ၁၉၈၉ တီယန်မင်း အရေးအခင်း ‌နောက်ပိုင်း အပြင်းထန်ဆုံး ဖြစ်လာနေသည်ဟု ဖေါ်ပြထားသည်။ ထို့အတွက် ၎င်းတို့အပေါ် ပြင်ပ မှ ဝေဖန်ပြစ်တင်နေမှုများကို တရုတ်တို့သည် ယခင်ကထက် ပို၍ ပြင်းထန်စွာ တုန့်ပြန်လာရန် ရှိနေသည်။

နှစ်နိုင်ငံအကြား ဒေါသတကြီး တင်းမာလာနေမှု များသည် အကျိုးဆက်များ ထွက်ပေါ်လာဖို့ ရှိနေသည်။ တခုမှာ စစ်ရေး အရ လှုပ်ရှားလာနိုင်သည့် အရေးပင် ဖြစ်သည်။ တရုတ်သည် ယခုအခါ နိုင်ငံတကာ ဥပဒေများကို အာခံကာ တောင်တရုတ် ပင်လယ်အတွင်းရှိ သောင်ငုပ်သောင်စွယ် များကို သိမ်းပိုက်ကာ အခိုင်အခံ့ ‌နေရာယူလာခဲ့ပြီ ဖြစ်သည်။ မကြာသေးမီကာမှ ဗီယက်နမ် သင်္ဘောတစီးကို နစ်မြှပ်ပြစ်ခဲ့သည်။

အမေရိကန်သည် လက်ပိုက်ကြည့်မနေပဲ လွတ်လပ်စွာ နိုင်ငံတကာ‌ရေကြောင်း သွားလာခွင့် ရှိရေး ဆိုသည့် မူ ကို အသုံးချကာ ခပ်ထန်ထန် ပြုကျင့်လာခဲ့သည်။ ထိုသို့ အဆိုပါ ဒေသအတွင်း ယခုကဲ့သို့ တင်းမာမှုများ မြင့်တက်လာနေချိန်တွင် မတော်တဆ ရင်ဆိုင်တွေ့နိုင်သည့် အန္တရာယ် လည်း များပြားလာနေပြီ ဖြစ်သည်။

ကြောက်စရာ အကောင်းဆုံး ပေါက်ကွဲ လာနိုင်သည့် နေရာကား တိုင်ဝမ်ပင် ဖြစ်သည်။ တိုင်ဝမ်အား တရုတ်တို့က ၎င်းတို့ ပိုင်နက် အဖြစ် ကာလကြာမြင့်စွာကပင် ‌ပြောဆိုနေခဲ့ပြီး ဖြစ်သည်။ အမေရိကန်သည် တိုင်ဝမ်အား လုံးဝဥဿုံ ကာကွယ်‌ပေးသွားမည်ဟု အာမခံချက် ပေးထား ခဲ့သည်။ ကပ်ရောဂါကြီး ဖြစ်ပွားနေစဉ်အတွင်း တရုတ်သည် တိုင်ဝမ်၏ ကာကွယ်ရေး စနစ်ကို ‌လေကြောင်းမှ တချီတမောင်း ပျံသန်းပြကာ စမ်းသပ်နေခဲ့သည်။ မတ်လအတွင်း ပထမဆုံး အကြိမ် အဖြစ် ည အချိန် စစ်ရေးလေ့ကျင့်ခန်းကို ပြုလုပ်လာခဲ့သည်။ အမေရိကန် သည် ၎င်းတို့၏ ထောက်ခံမှုကို ပြသရန် အထက်တန်း အဆင့် အရာရှိကြီး တယောက်ကို တိုင်ဝမ်သို့ စေလွှတ်ရန် စဉ်းစားလာနေသည်။

တရုတ် နှင့် အမေရိကန် နှစ်နိုင်ငံ စလုံးမှ စစ်ပွဲဖြစ်ရန်ထိ အားထုတ်လိုပုံ မရှိသည် မှာ ကြိမ်းသေလှပေသည်။ သို့သော် စီးပွားရေး အရ တဦးနှင့် တဦး မပတ်သက်ရန် တမင်တကာ ရည်ရွယ်လုပ်ဆောင်နေကြသည်။ တရုတ်သည် ဒေါ်လာ နှင့် ငွေပေးချေရမှုကို ရှောင်ရှားနိုင်ရန် ရည်ရွယ်ပြီး ဘဏ္ဍာရေး စနစ်တခုကို အပြိုင် တည်ဆောက်နိုင် ရန် ကြိုးပမ်း လာနေသည်။ ဤသည်ကလည်း အမေရိကန် ဖက်မှ စီးပွားရေး ဒဏ်ခတ်လာမည့် အရေးကို ကြိုကာခြင်း ဖြစ်သည်။ ကိုဗစ် မတိုင်မီကာလ က အမေရိကန် နှင့် တရုတ် အကြား ကုန်သွယ်ရေး သဘောတူညီချက် တခုကြောင့် ကူးသန်း ရောင်းဝယ်ရေး ဖက်တွင် အနည်းငယ် ပြေလျော့လာမှုသည်လည်း ရေစုံမျောသွားခဲ့ရပြီ ဖြစ်သည်။

၎င်းတို့ နှစ်နိုင်ငံအကြား ရန်လို မုန်းတီးမှုများကြောင့် ရာသီဥတု ပြောင်းလဲရေး နှင့် နိုင်ငံတကာ ရာဇဝတ်မှု တိုက်ဖျက်ရေး များ တွင် ‌အခက်အခဲများ ဖြစ်လာနိုင်သည်။ လက်ရှိတွင် ကမ္ဘာကပ်‌‌ရောဂါကြီး အတွက် ကာကွယ်ဆေး ရှာဖွေရန် အီးယူမှ လိုအပ်နေသော ငွေ ဒေါ်လာ ရှစ် ဘီလီယံ ရရှိရေး ညီလာခံ ခေါ်ယူခဲ့ရာ အမေရိကန်သည် ရှောင်နေပြီး တရုတ်က သံအမတ် အဆင့် စေလွှတ်ပြီး ငွေတပြားတချပ်မှပင် ထည့်ဝင်သွားခဲ့ခြင်း မရှိပေ။

အဆိုပါ နှစ်နိုင်ငံ ၏ အပြုအမူ များသည် ၎င်းတို့အတွက် အဓိပ္ပါယ် ရှိသည်ဟု ယူဆထား ပါက တခုခုတော့ အကြီးအကျယ် လွဲမှားနေပြီ ဖြစ်သည်။

လှစိုး​ဝေ

Add a Comment

Your email address will not be published. Required fields are marked *

19 − 16 =