ဘယ်ခေတ်လောက်က စ၍ မြန်မာလူမျိုးတွေ ကွမ်းဝါး ခဲ့ကြသလဲ

မြန်မာနိုင်ငံ၌ ရှေးပုဂံခေတ်မတိုင်မီကပင် ကွမ်းစားခြင်း အလေ့ ရှိခဲ့ ဟန်တူသည်။ တစ်ကောင်းမင်းများလက်ထက်က ကွမ်းလောင်းကြီး၊ ကွမ်းလောင်းငယ် အဆောင်အယောင်များ ရှိကြောင်းနှင့် အဆိုရှိသည်။ သက္ကရာဇ် ၆ဝ၃ ခုနှစ်တွင် ပုဂံပြည်မိဖုရားစော စိုက်ထူသော ကူနီဘုရားကျောက်စာတွင် စာသင်တိုက်ရှိ ရဟန်းတော်များအတွက် ကွမ်းဖိုး ကွမ်းသီးဖိုး အဖြစ် စပါးများ လှူဒါန်းကြောင်း ရေးထိုးခဲ့သည်။ အခြား သော ကျောက်စာများတွင်လည်း ကွမ်းစားကြောင်း အထောက် အထားများ ရေးထိုးထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ပုဂံ ခေတ်တွင် ကွမ်းကို ရှင်လူအများပင် စားသုံးနေကြ ပြီဖြစ် ကြောင်း သိသာနိုင်ပေသည်။ ထိုပြင် ဗျတ်ဝိအား သထုံမြို့ဝန်က သတ်ဖြတ်ရာတွင် သေအောင်မသတ်နိုင်သည့်အတွက် သူ၏ချစ်သူ မအိုဇာအား ကွမ်းတရာ ရေတမှုတ် ကမ်းခိုင်းသည်ဟု ရာဇဝင်တွင် ပါရှိသည်။ [၂] ထိုပုဂံရာဇဝင်တွင်ပင် အမတ်ကြီးရာဇသင်္ကြံအား အိမ်ရှေ့မင်း သီဟသူက ကွမ်းသွေးဖြင့် ထွေးဘူးကြောင်း ပါရှိသည်။ ရခိုင် ရာဇဝင်၌လည်း ရခိုင်ဘုရင် မင်းထီးသည် ကွမ်းစားပြီးနောက် နန်းတော်တိုင်ကို ထုံးတို့မိသဖြင့် မိမိထုတ်ပြန်ထားသော အမိန့် အတိုင်း မိမိလက်ညိုးကို ကိုယ်တော်တိုင် ဖြတ်ပိုင်းဘူးကြောင်း ပါရှိသည်။ ဤအကြောင်းများကို ထောက်ရှုခြင်းအားဖြင့် ကွမ်း ကို ဘုရင်မင်းမြတ်မှအစ သူဆင်းရဲများအထိ အမြတ်တနိုး စားသုံးခဲ့ကြကြောင်း ထင်ရှားသည်။

မြန်မာဘုရင်မင်းမြတ်၏ လက်ဝဲလင်္ကျာမင်းခမ်းတော်များတွင် ကွမ်းခွက်များပါရှိသည်။ မြန်မာဘုရင်များ ကွမ်းတော်တည်သည့် ထင်ရှားသော ကွမ်း ခွက်များမှာ ဟင်္သာ ရုပ်ခံ ကွမ်းခွက်၊ ကရဝိက်ရုပ်ခံကွမ်းခွက်၊ နဂါးရုပ်ခံ ကွမ်းခွက်နှင့် ခြင်္သေ့ရုပ်ခံ ကွမ်းခွက်များ ဖြစ်ကြ၏။ မြန်မာမင်း⁠မင်းလက်ထက်က လွှတ်တော်၌ ခစားရသော မှူးတော်မတ်တော်များအနက် သတ်မှတ်ထားသော ဂုဏ်ထူး ဝိသေသရှိသူများသာ ကွမ်းသွေးထွေးရန် ကွမ်းသွေးပေါက် ရရှိကြလေသည်။ ထို့ပြင် ယုံမှတ်တော်မူသောသူများအား ကွမ်းရေတော်ကိုင်ရာထူးကို ချီးမြှင့်တော်မူလေ့ရှိ၏။ တရားမမှုများတွင် တရားဖြစ်သော ပစ္စည်း၏ ၁ဝ ရာခိုင် နှုန်း ကောက်ယူသောငွေကိုလည်းကောင်း၊ ရာဇဝတ်မှုများ၌ ဒဏ်ရိုက် သောငွေကိုလည်းကောင်း၊ ကွမ်းဖိုးဟု ခေါ်လေသည်။ ထိုကွမ်းဖိုး (အခွန် တော်)ငွေများ ကောက်ခံရန် ကွမ်းဖိုးထိန်းအရာရှိများ ခန့်ထား လေသည်။ ကွမ်းဖိုးငွေများကို ဘဏ္ဍာတော်သို့ တိုက်ရိုက်ထည့် သွင်းရသည့် အခါများလည်း ရှိသည်။ မိဖုရားခေါင်ကြီးအား အသေးသုံးရန်အတွက် ပေးရသည့်အခါများလည်း ရှိလေသည်။ တရားရုံးတော်များတွင် အမှုအခင်းများ ဆုံးဖြတ်စီရင်ပြီး သည့်အခါ အမှုပြီးပြတ်သည့် အထိမ်းအမှတ်ဖြင့် ၂ ဦး ၂ ဖက် အမှုသည်များ ကွမ်းလက်ဖက်စားလေ့ရှိကြသည်။

ကွမ်းရွက်နှင့် စပ်လျဉ်း၍ ဆေးအဘိဓာန်ကျမ်းတွင် ကွမ်း ရွက်သည် သလိပ်ကိုလည်းကောင်း၊ လေကိုလည်းကောင်း၊ သည်းခြေကိုလည်းကောင်း၊ သွေး ကိုလည်းကောင်း၊ ဖောက်ပြန်၍ဖြစ်သော အထူးထူးသော အနာတို့ကိုလည်းကောင်း အကြောင်းအားလျော်စွာ နိုင်၏ဟု ဆိုသည်။ ဓာတုရသကျမ်း၌ ကွမ်းရွက်သည် လေသလိပ်ကိုလည်းကောင်း၊ အပူကိုလည်းကောင်း၊ မျက်စိမှုန်သည် ကိုလည်းကောင်း၊ ငြိမ်းစေတတ်၏။ ကွမ်းပေါင်း(ပေါင်းပြီးသောကွမ်း) သည် လေကိုငြိမ်စေတတ်၏ဟု ဖော်ပြထား၏။ ထို့ကြောင့် များစွာသော မြန်မာဆေးကုထုံးများတွင် ကွမ်းရွက်နှင့် ကွမ်းရွက်ပြုတ်ရေများ ပါရှိကြသည်။ ထိုမှတစ်ပါး မြန်မာလူမျိုး တို့သည် ကွမ်းရွက်ကို မစားမီ အရင်းအဖျားများကို ဖြတ်ပယ် လေ့ရှိသည်။ ဤသို့ပြုလုပ်ခြင်းမှာ လောကနီတိကျမ်းတွင် ‘ကွမ်းရွက်၏အရင်း၌ ဘီလူးစောင့်၏။ အဖျား၌ ကာလကဏ္ဏီ နတ်မိစ္ဆာ စောင့်၏။ အလယ်၌ ကုဝေရနတ် စောင့်၏။

ထို့ကြောင့် အရင်းနှင့် အဖျားကို ဖြတ်၍စားငြားအံ့၊ ဘုန်းကျက် သရေ တိုးပွား၏ဟု ဆိုသောကြောင့် ဖြစ်ပေသည်။ မင်္ဂလာအခမ်းအနားများနှင့် အလှူပွဲများ၌ ကွမ်းလက်ဖက် တို့ဖြင့် ဧည့်ခံကျွေးမွေးခြင်းမှာ မြန်မာလူမျိုးတို့၏ ရိုးရာ ယဉ် ကျေးမှုတစ်ရပ် ဖြစ်ပေသည်။ မြန်မာတို့၏ အိမ်တိုင်း၌လိုလိုပင် ကွမ်းအစ်များထားရှိကြ၍ မိမိတို့အိမ်သို့ ကြွရောက်လာသူတို့ အား ကွမ်းအစ်တည်ခင်းပေးလေ့ရှိသည်။ ရုပ်လုံးများဖော်၍ ထုလုပ်မွမ်းမံထားသော ငွေကွမ်းအစ်ကြီးများနှင့် ပန်းချီအရုပ် များဖြင့် ရေးခြယ်ထားသော သရိုးကိုင် ယွန်းထည်ကွမ်းအစ် များသည် မြန်မာလူမျိုးတို့ အမြတ်တနိုးထားသော အိမ်သုံး အဆောင်အယောင်တွင် ပါဝင်၏။

ကွမ်းကို ဖွဲ့ဆိုသော တေးကဗျာ အမျိုးမျိုးများလည်းရှိရာ လူဦးမင်း နှင့် ဖိုးသူတော်ဦးမင်း တို့ စပ်ဆိုသော အောက်ပါဒွေးချိုး ၂ ပုဒ်မှာ ထင်ရှားသော ကွမ်းဖွဲ့များ ဖြစ်ကြသဖြင့် ကွမ်းနှင့် စပ်လျဉ်း၍ အလွယ်တကူ မှတ်သားနိုင်ပေသည်။ လူဦးမင်း၏ ကွမ်းဖွဲ့ တံတားဦးက ကွမ်းနုဝါ။ ငမြာကဆေး။ ။ ကွမ်းသီးတောင်ငူနှင့်၊ ကိုင်းထုံးဖြူ ပြည်ရှားငယ်။ သာဝါးလို့ထွေး။ ။ ဖိုးသူတော်ဦးမင်း၏ ကွမ်းဖွဲ့ ကွမ်းရွက်ကယ်ညှာကြွေ၊ ရေစိမ်တဲ့ဆေး။ ။ သန်းခေါက်လှိုင်⁠လှိုင်နဲ့။ ချိုင်လိုက်မယ်ထုံးဖြူခြောက်ကယ်၊ အာပေါက်မှထွေး။ ။[၃]

Fef Wikipedia myanmar.