ကိုဗစ် လက္ခဏာတွေ ပြနေလို့ (၃) ခါတိတိ ပိုးစစ်တာ Negative ပဲပြတဲ့ အဖြစ် (မာယာ များလွန်းတဲ့ ကိုဗစ်)

ဘဝမှာ ဒီလောက် ခက်ခဲပြီး စိတ်မောရင်မော ဖြစ်ရလိမ့်မယ်လို့ တခါမှ မစဉ်းစားမိခဲ့ဘူး။ မွေးကျေးဇူးရှင် မိဘနှစ်ပါးပြီးရင် ကျွေးကျေးဇူးရှင် ဒီအဒေါ်တွေ ဘကြီးတွေအတွက် တလလောက် ရင်မောခဲ့ရတာ တကယ့်ကို မမေ့နိုင်တော့ပါဘူး။ပုံမှန်ဆို စာရှည်ရှည်တွေ ရေးလေ့မရှိဘူး။ ဖေ့စဘွတ်ကိုလဲ ပျော်စေပြက်စေနေရာလို့ပဲ မှတ်ပြီး စနောက်တာပဲလုပ်လေ့ရှိတယ်။ ခုကတော့ တခြားသူတွေ ဒီကပ်ရောဂါ ဆိုးကြီးထဲမှာ ကိုယ့်မိဘဆွေမျိုးလူကြီးတွေအတွက် မပေါ့မဆ ဆင်ခြင်နိုင်စေချင်လို့ ရေးဖြစ်သွားတာပါ။

ကျွန်တော့ ဘကြီး အကြီးဆုံး ၇၈ နှစ် ၂.၁၀.၂၀၂၀ ညမှာ ရုတ်တရက်ဆုံးပါးသွားပါတယ်။ PM မှာ positive ဖြစ်ပါတယ်။ ဒီနေ့ထိ ဘယ်ကကူးတယ် စဉ်းစားလို့ကို မရတာပါ။ မဆုံးခင် ၂ ပတ်အတွင်း ရေသန့်သမားတစ်ယောက်ပဲ အိမ်ထဲ အဝင်တခါရှိခဲ့တယ်။ အဲ့အချိန် ဆုံးသွားတဲ့ဘကြီးက ရေသန့်ဗူးလက်ခံတာမှာ ပြန်အမ်း ငွေမလိုချင်လို့ အတိအကျပဲ ငွေပေးခဲ့တယ်။ ရေသန့်ဗူးတွေကိုလဲ ချက်ချင်းအိမ်ထဲမထည့်ပဲ ဝရန်တာမှာ ဆေးဖြန်း ထားခဲ့ပါတယ်။ ရေသန့်သမားလာတဲ့အချိန် ဘကြီးက mask တပ်၊ လက်အိတ်ဝတ်ထားပါတယ်။

အဲ့လို ဘကြီး positive ဖြစ်တော့ တအိမ်လုံး (ကျန်ခဲ့တဲ့ အဒေါ် ၃ ယောက်၊ ဘကြီး ၁ ယောက်နဲ့ ကျွန်တော်) hotel quarantine သွားရပြီပေါ့။ ၅ရက်နေ့မှာ quarantine စဝင်ပါတယ် ကြားထဲမှာ ဘကြီးကို သဂြိုလ်ဖို့လုပ်၊ သူ့ swab အဖြေစောင့်နေရလို့ပါ။ အဲ့ဒါနဲ့ ၇ ရက်နေ့ swab ယူခံကြ၊ ၉ရက်နေ့မှာ အဖြေ ထွက်ပါတယ်။ အဒေါ် ၂ ယောက်နဲ့ ဘကြီးက positive၊ ကျန်တဲ့ ကျွန်တော်နဲ့ အဒေါ်အငယ်ဆုံးက negative ပါ။ ဇာတ်လမ်းက ပိုရှုပ်ထွေးလာပါတယ်။

Negative ဖြစ်တဲ့ အဒေါ်က အဖြေမထွက်ခင် ၂ ရက်လောက်ကတည်းက oxygen ကျနေခဲ့တယ်။ ဆိုတော့ ကျွန်တော်ထင်တာက ဒီအဒေါ်တယောက်ကတော့ ကျိန်းသေပေါက် positive ဖြစ်ပြီ swab အဖြေကြည့်ပြီး ဘာဆက်လုပ်မလဲ ချိန်မယ်ဆိုပြီး ကျွန်တော်တွေးထားခဲ့တာပါ။ တကယ်တန်း အဖြေထွက်လာတော့ ပြောင်းပြန် fit ဖြစ်နေတဲ့သူတွေက positive ဖြစ် signs တွေပြနေတဲ့သူက negative ဆိုတော့ ကျွန်တော်လဲ အတော့ကို ဦးနှောက်ခြောက်ရပါတော့တယ်။ ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့ တိုင်ပင်တော့ “မဖြစ်ဘူး မင်းဆေးရုံလစ်တော့” ဆိုတာနဲ့ ၁၀ ရက်နေ့မနက်မှာ (အဖေလိုဖြစ်နေတဲ့ ဆရာကြီး အကူအညီနဲ့)ကျွန်တော်စံပြဆေးရုံရောက်ခဲ့ပါတော့တယ်။

ဒီနေရာမှာ တခုပြောချင်တာက အဆိုးထဲက အကောင်းတခုဖြစ်ခဲ့တာက အဒေါ့်ကိုဆေးရုံပို့တဲ့အချိန် ကျွန်တော်ကလူနာစောင့်အဖြစ်လိုက်လို့ရခဲ့တာပဲ။ သူနဲ့ကျွန်တော်က results တွေတူနေခဲ့တာကိုး။ တကယ်လို့များ သူသာ positive ဆို လမ်းကြောင်းတွေမတူနိုင်တော့ဘူးလေ သူက ဝေဘာဂီ၊ တောင်ဥက္ကလာ တနေရာရာသွား၊ ကျန်တဲ့ asymptomatic positive ၃ ယောက်က center တခုခုရောက်၊ ကျွန်တော်က အိမ်ပြန်ပြီး ရင်တထိတ်ထိတ်နဲ့စောင့်နေရတော့မှာ။ အဲ့အချိန်က MoHS မှာ လူနာစောင့် policy မထွက်သေးဘူး။

ကျွန်တော် ဘာလို့ လူနာစောင့်ဖြစ်ရတာဝမ်းသာခဲ့လဲ။ တချို့တွေကပြောမယ် ဒီအချိန်ဆေးရုံလိုက်စောင့်တာ suspected case တွေကြားထဲ ဒီလောက် transmission risk များတာလို့။ ကျွန်တော့ သူငယ်ချင်း ဆရာဝန်မကြီးပြောဖူးတယ်၊ mortality ရဲ့ one of predisposing factors က အဲ့လို လူနာတွေကို close monitoring လုပ်မယ့်လူလိုခြင်းပဲ။ ဟုတ်ပါတယ်၊ oxygen ကျနေတဲ့လူနာက တခုခုဆို အော်ခေါ် အော်ပြောနိုင်ပါ့မလား တခုခုလုပ်ပြီဆို မောနေတဲ့သူက သူ့မစင်သူကျုံးနိုင်ပါ့မလား သူ့ဘာသာ သန့်ရှင်းရေးလုပ်နိုင်ပါ့မလား။ Healthcare workers တွေက ဒါမျိုးတွေ တယောက်ချင်းစီ လိုက်လုပ်ပေးရလောက်အောင် အချိန်ရှိမနေပါဘူး။ သူတို့တွေလဲ တကယ့်ကို သနားဖို့ကောင်းပါတယ် ပင်ပန်းဆင်းရဲလွန်းကြပါတယ်။ မပြည့်မစုံနဲ့ အကောင်းဆုံးလုပ်ပေးကြရှာတယ်။ ကျွန်တော့ အဒေါ်လိုလူမျိုးဆို ပိုဆိုးပါပြီ။ နဂိုကတည်းက ဝ လို့ အထိုင်အထခက်ရတဲ့ကြားထဲ oxygen ကျတာတောင် ဘာမှမခံစားရဘူး အရင်အတိုင်းပဲလို့ပြောနေတော့ ကျွန်တော်ပိုစိတ်မချဖြစ်ရတာပေါ့။ ပြီးတော့ အပျိုကြီးတွေဆိုတော့ တခုခုဆို သူများထက်ပိုရှက်နေတတ်တယ်။

၁၀ရက်နေ့ ဆေးရုံရောက်တော့ professor က swab ကို RDT နဲ့ထပ်စစ်ပါတယ်။ လှုပ်လိုက်တိုင်း oxygen ကပိုကျနေပြီ။ Dexa ကို oral ကနေ injection စချိန်း၊ Antibiotics စ တင်ပါတယ်။ ညနေဘက် အဒေါ့်ကို chest X-ray ရိုက်ပါတယ်၊ X-ray roomကို wheel chair နဲ့သွားရပါတယ်၊ အဲ့ဒါတောင် ဓါတ်မှန်ရိုက်ဖို့ မတ်တပ် ရပ်တော့ တော်တော်မောနေပါတယ်။ Chest X-ray ကို professor ရော သူငယ်ချင်း ဆရာတွေကရော တအားတူတယ် moderate infiltration ရှိတယ်ဆိုပြီး မှတ်ချက်ပေးကြတယ်။ ဒါပေမယ့် ညဘက် swab အဖြေက negative။ အဲ့ဒါနဲ့ professor က swab နောက်တခါထပ်ယူ PCR နဲ့ confirm ဖို့ထပ်ညွှန်ကြားပါတယ်။ ၁၁ရက်နေ့ swab ထပ်ယူပါတယ်။ ၁၂ရက်နေ့ အဖြေက still negative။ အဒေါ်ကတော့ diarrhea တွေရ၊ ဆီးချိုတွေ တက်လာနေပါပြီ။ ထမင်းစားလဲ oxygen ပိုက်တန်းလန်း၊ ရေသောက်လဲ ပိုက်တန်းလန်း၊ အိမ်သာတက် အပေါ့သွားလဲ ပိုက်ချွတ်လို့ မရတော့။

အဲ့ဒါနဲ့ chest physician အမကို show ပါတယ်။ အမက Sputum PCR လုပ်ဖို့ ထပ်ညွှန်ကြားပါတယ်။ ၁၃ရက်နေ့ sputum ယူပါတယ်။ ဒီကြားထဲမှာတော့ ဆရာတွေက clinically positive ဆိုပြီး line of treatment ကို C-19 ကိုပဲ ဦးတည်ပြီး အဒေါ့်ကိုပေးထားကြပါတယ်။ အဲ့အတွက်လဲ ဆရာကြီး ဆရာမကြီးတွေကို တအား ကျေးဇူးတင်မိပါတယ် အဖြေပေါ်မူတည်ပြီးစောင့်နေရင် မမှီလောက်ပါဘူး။ အဲ့အချိန် အဒေါ်က ထမင်းစားလဲမော ရေသောက်လဲမောနေပါပြီ။ ၁၅ရက်နေ့မှာ sputum PCR result ရပါပြီ ၄ ကြိမ်မြောက်မှ positive ဖြစ်သွားပါပြီ။ အဲ့ကျတော့မှ professor ၂ ယောက်တိုင်ပင်ပြီး အဒေါ့်ကို Remdesivir တင်ဖို့ recommend လုပ်ပါတယ်။ ၁၆ရက်နေ့စတင်ပါတယ် ၂၁ရက်နေ့မှာပြီးပါတယ်။ ဆေးသွင်းနေတဲ့ အချိန်ကစပြီး အဒေါ့်အခြေအနေတိုးတက်လာပါတယ်။

၂၂ ရက်နေ့ကစပြီး အဒေါ့်ကို oxygen ပိုက်ဖြုတ်ပြီး စ နေခိုင်းပါတယ်။ လှုပ်ရတဲ့အချိန်တွေပြီးရင် ကျွန်တော်ပြန်တပ်ပြီး ရှူခိုင်းပါတယ်။ အဲ့ဒါနဲ့ပဲ ရက် ၂၀ တိတိကြာပြီး ကျွန်တော့အဒေါ် ဆေးရုံဆင်းပါတယ်။ စိုးရိမ်ပူပန်မှုတွေကြားထဲကနေ အဒေါ်အိမ်ပြန်ခဲ့ရပါပြီ။ပြောချင်တာက အိမ်ထဲမှာနေတိုင်းလဲ စိတ်မချရတဲ့ အနေအထားပါ။ mask တပ်၊ လက်ဆေး၊ social distancing လုပ်ကိုလုပ်မှရမှာပါ။pulse oximeter နဲ့ အမြဲ monitor လုပ်မှ အဆင်ပြေမှာပါ အဒေါ်က oxygen ကျတာတခုထဲပဲ S/S ပြတာပါ။Swab test negative ဖြစ်လဲ လူနာအခြေအနေကိုသာ အဓိက စောင့်ကြည့်ရမှပါ။ ကျွန်တော့ အဒေါ် အခြေအနေမှာ negative မို့ အိမ်သာပြန်ခဲ့ရင် ကျိန်းသေ နောင်တရနေတော့မှာပါ။လူကြီးတွေဖြစ်ရင် တအားစိုးရိမ်ရပါတယ်။ oxygen ကျရင်မပေါ့ပါနဲ့။ ဆေးရုံတန်းသွားပါ။ ဘယ်အခြေအနေဖြစ်ဖြစ် အချိန်စောတယ် မရှိပါ။ စောစောရောက်လေ ကောင်းလေပါ။ ကျွန်တော့ သူငယ်ချင်းအမေတယောက်လဲ ဆေးရုံအချိန်မှီရောက် အခြေအနေကောင်းလို့ အိမ်ပြန်ရောက်နေပါပြီ။

ဆေးရုံပေါ်မှာလဲ လူနာအခြေအနေကို အသေးစိတ် ကစ ဆရာ၊ ဆရာမတွေကို ပြောပြသတင်းပို့ပါ။ ဆရာဝန်တွေက လူနာကို အချိန်တိုင်း ကြည့်မနေနိုင်ပါဘူး။ ကိုယ့်လူနာအခြေအနေကို ကိုယ်က ဂရုစိုက်မှရမှာပါ။အဲ့တော့ နောက်ဆုံး ကျွန်တော်က primary contact ပြန်ဖြစ်ပါတယ်။ အဲ့ဒါနဲ့ အဒေါ်ဆေးရုံမဆင်းခင် ကျွန်တော့ကို swab ပြန်စစ်ပါတယ်။နောက်ဆုံးတော့… ခေါင်းမလျှော်တာ ရက် ၂၀ – ရေမချိုးတာ ရက် ၂၀ – အဝတ်အစားမလဲတာ ရက် ၂၀ – ရေချိုးခန်း၊ အိမ်သာထဲမှာ ထမင်းစားရတာ ရက် ၂၀ – Dream bed နဲ့ အိပ်တာ ရက် ၂၀ – လက်သည်းမကိုက်တာ ၂၁ ရက် – Coffee မသောက်ရတာ ၂၁ ရက် – Vape ပြတ်တာ ၂၁ ရက် – Mask, face shield နဲ့ ၂၁ ရက် နဲ့ negative ထပ်ထွက်ပါတယ်၊ခုတော့ home Q နေနေရပါပြီ…ခုလို ဒုက္ခတွေ ဝေနေတဲ့ အချိန်အတွင်း ပြောသမျှနားထောင် အကြံဥာဏ်တွေပေး ဘာလိုလို အကူအညီတွေပေးကြတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတအား တင်ပါတယ်ကွာ.I can’t thank you enough..

Ye Hein Naing (၄.၁၁.၂၀၂၀)