အသက် နဲ့ လုစားရတဲ့ ဂျပန်နိုင်ငံက နာမည်ကျော် ငါးပူတင်း နှင့် ဘဝ အတွက် စွန့်စားမှု သင်ခန်းစာ

အသက် နဲ့ လုစားရတဲ့ ဂျပန်နိုင်ငံက နာမည်ကျော် ငါးပူတင်း နှင့် ဘဝ အတွက် စွန့်စားမှု သင်ခန်းစာ

“သေမင်းနဲ့ ရင်ဆိုင် အရှုံး အနိုင်ဆုံးဖြတ်တဲ့ပွဲ”

တစ်နေ့တော့ တိုကျိုရဲ့ နာမယ်ကျော် အာကီ ဟားဘာရ လျှပ်စစ်မြို့တော်မှာ သူငယ်ချင်း တိုယိုကာဝါနဲ့ လျှောက်သွားနေရင်း ညနေစောင်းချိန် တိုယိုကာဝါရဲ့ ဖုန်းမြည်လာတယ်။ ခဏလောက် စကားပြောပြီးတော့ တိုယိုကာဝါရဲ့ မျက်နှာက မိကုဂျိ ဂျပန်သန်းထီပေါက်သလို ပြုံးရွှင်လာတယ်။ နယ်မြို့တစ်ခုက သူ့ဦးလေး တိုကျိုရောက်နေ လို့ ညစာကျွေးဖို့ ခေါ်တာတဲ့။ သူငယ်ချင်းကိုပါ ခေါ်ခဲ့ဆိုလို့ ကျနော်လည်း စားရကံကြုံပြီး ပျော်သွားတာပေါ့။

သူ့ဦးလေးချိန်းတဲ့ ဆိုင်က နာမယ်ကြီး ဂျပန် ရိုးရာစားသောက်ဆိုင်မို့ ကိုယ့်ပိုက်ဆံနဲ့ဆို အနားတောင် မသီနိုင်ဘူး။ ဆိုင်ထဲကို ဝင်ဝင်ချင်း တံခါးဝက မှန်ရေကန်ကြီးထဲမှာ ပုံဆိုးပန်းဆိုး ငါးတွေ ကူးခတ်နေတာ မြင်တော့ ကျောရိုးထဲထိ စိမ့်ပြီး ကြက်သီးထအောင် ကြောက်လန့်သွားတယ်။ ဘုရား ဘုရား ဒီ ငါးတွေဟာ ဂျပန်လို ဖုငုဆိုတဲ့ ငါးပူတင်းတွေပါလား။ သေချင်ရင် စိန်မစားနဲ့ ဆိုတဲ့ ဆိုင်ယာနိုက် (စိန်အဆိပ်) ထက် ပိုအဆိပ်ပြင်းတဲ့ သတ္တဝါပေါ့။

ငါးပူတင်းတွေမှာရှိတဲ့ တက်ထရိုဒိုတောက်ဆင် (tetrodotoxin) ဆို တဲ့ အဆိပ်က ဆိုင်ယာနိုက်ထက် အဆ ၂၀ဝ ပိုပြင်းတယ်။ ပင်အပ်ခေါင်းလောက် အဆိပ်ဟာ လူတစ်ယောက်ကို သေစေနိုင်တယ်။ ရိုးရိုးငါးပူတင်းတစ်ကောင်ရဲ့ အဆိပ်က လူ ၃၀ လောက်သေနိုင်ပြီး အခု မှန်ရေကန်ထဲက တိုရဖုငု ဆိုတဲ့ ကျားငါးပူတင်းကတော့ လူ ၅၀ဝ လောက် သေစေနိုင်တဲ့အထိ အဆိပ်ပြင်းပါတယ်။

ပြီးတော့ ပိုကြောက်စရာကောင်းတာက tetrodotoxin (TTX) အဆိပ် အတွက် ဖြေဆေးမရှိဘူး။ အဆိပ်သင့်ပြီဆိုရင် အချိန်အတိုဆုံး ၁၇ မိနစ်နဲ့ အသက်ထွက်သွားတဲ့ လူတွေ ရှိတယ်။ ဂျပန်နိုင်ငံတော် သက်ရှိအနုပညာရတနာလို့ သတ်မှတ်ခံရတဲ့ နာမည်ကျော် ကာဘုကီ ဇာတ်မင်းသားကြီးတစ်ယောက်တောင် ငါးပူတင်းစားပြီး သေသွား တာတဲ့။

စားသောက်ဆိုင် စားပွဲမှာ ကျနော့ကို မိတ်ဆက်ပေးတော့ တိုယိုကာဝါရဲ့ ဦးလေး လည်း အံ့ဩသွားတယ်။ သူ့တူရဲ့ သူငယ်ချင်းဆိုတာ အစက ဂျပန်လူမျိုးပဲ ထင်တာ၊ အခုတွေ့တော့မှ နိုင်ငံခြားသားမှန်း သိရလို့ သူလည်း တုံ့ဆိုင်းဆိုင်း ဖြစ်သွားတယ်။ ဒီဆိုင်မှာ ဖုငု ငါးပူတင်းစားမှာမို့ ကျနော် စားရဲသလားလို့ မေးပါတယ်။ ငါးပူတင်းမစားရဲရင် တခြားဟင်း မှာပါလို့ ပြောတယ်။

ကျနော်ကလည်း ကိုယ့်ဖာသာ အရဲတင်းလိုက်ပြီး ငါးပူတင်းပဲ စားမယ်လို့ ပြော လိုက်တယ်။ ဒီလို ဆိုင်ကြီးမျိုးမှာ ငါးပူတင်းတစ်ပွဲဟာ ယန်း ၁၀,ဝဝဝ (ကျပ်တစ်သိန်းသုံးသောင်း) လောက် ပေးရတာဆိုတော့ ဒကာပေါ်တုန်း စားရမှာပေါ့။ သေဘေးတောင် မကြောက်မရွံ့ ငတ်ကြီးကျလိုက်တာလို့ မထင်နဲ့ဦး။

မှာထားတဲ့ ငါးပူတင်းဟင်းတွေ ရောက်လာတော့ သုံးယောက်သား တူလေးတွေ ကိုယ်စီကိုင်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြတယ်။ ခက်တော့ခက်သား။ အဆိပ်ရှိမှန်းသိတော့ ဘယ်သူ့ကို အရင်ဦးစားပေးပြီး စားခိုင်းရမလဲပေါ့။ အသက်အကြီးဆုံး ဦးလေး၊ လူငယ်ဖြစ်တဲ့ တိုယိုကာဝါ၊ ဧည့်သည်ဖြစ်တဲ့ ကျနော်၊ ဘယ်သူ့ကို ဦးစားပေးရမှာလဲ တွေးနေကြတယ်။ လူကြီးဖြစ်တဲ့ ဦးလေးကပဲ ဂျပန်ထုံးစံအတိုင်း အိတာ့ဒါကိမတ်စ် (စားပါတော့မယ်) လို့ ပြောပြီး ဆာရှိမိ ငါးအသားစိမ်း တစ်ဖတ် ယူစားတယ်။

ကျနော်လည်း နာမယ်ကျော် ဖုငု ငါးပူတင်းတစ်ဖတ်ကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်ပါတယ်။ ဒါဟာ ကျနော့အတွက် နောက်ဆုံးညစာလည်း ဖြစ်ချင်ဖြစ်သွားလိမ့်မယ်။ မြန်မာပြည်မပြန်နိုင်တော့ဘဲ ဂျပန်မှာ ဇာတ်သိမ်းပြီး ဂိမ်းအိုဗာ ဖြစ်သွားလည်း ကံတရားပဲပေါ့လေ။

ပန်းကန်ထဲ မှာ ပန်းပွင့်ပုံဖော်ပြီး လှလှပပ စီခင်းထားတဲ့ ငါးပူတင်းအ သားဖတ်လေးတွေက ဖန်သားလို မှုန်ကြည်ကြည် အဆင်းရှိတယ်။ အသားကလည်း ပါးစပ်ထဲမှာ ထုတ်ထုတ်လေး ဝါးရပြီး စားလို့ကောင်းပေမဲ့လည်း အသက်နဲ့ ရင်းလောက်တဲ့ နတ်သုဒ္ဓာတမျှ ထူးထူး ကဲကဲ အရသာမျိုး မတွေ့ပါဘူး။ ဒါပေမယ့်၊ ကြောက်ကြောက်လန့်လန့်နဲ့ စားနေရလို့ စိတ်ထဲမှာ တစ်မျိုးကြီး ခံစားနေရပါတယ်။ တထိတ်ထိတ်ရင်ခုန်ပြီး စားရင်းနဲ့ ဘယ်လိုများ ဖြစ်လာမလဲလို့ တွေးပူနေရတာကိုး။

ငါးပူတင်း အဆိပ်သင့်ရင် အရင်ဆုံး နှုတ်ခမ်းနဲ့ လျှာတွေ ထုံကျင်လာပြီးရင် တစ်ကိုယ်လုံး ခြေလက်တွေ မလှုပ်နိုင်တော့ဘူးဆိုတော့ သတိထားနေရတယ်။ ငါးပူတင်းအဆိပ်က စားပြီး ၃ မိနစ်က မိနစ် ၃၀ အတွင်း အာနိသင်ပြတယ်။ နှစ်နာရီလောက်ကြာမှ အဆိပ်လက္ခဏာပြသူလည်း ရှိတယ်။

ငါးပူတင်းစားရတဲ့ အရသာထဲမှာ ကြောက်ကြောက် လန့်လန့် စားရတာလည်း ပါလို့ လူတွေက အမွန် အမြတ် ဈေးကြီးပေးပြီး စားကြတာတဲ့။ အဆိပ်မရှိဘူးဆိုရင် ဘယ်သူမှ အရေးလုပ်ပြီး စားမှာမဟုတ်ဘူး။ ငါးကြင်း၊ ငါးခူနဲ့ အတူတူပဲပေါ့။ ကျနော့ ကိုယ်တွေ့အတိုင်း ပြောရရင် ငါးကြင်းကမှ ပိုချိုပါဦးမယ်။

အဲဒီနေ့ကတော့ ငါးပူတင်း ဆာရှိမိ၊ တင်ပူရာကြော်၊ နာ့ဘယ်အိုးပြုတ်ဟင်းတွေ အဝစားပြီး၊ ငါးပူတင်း ဆူးတောင် စိမ်ထားတဲ့ ဆာကေသောက်ရင်း စကားတ ပြောပြော အချိန်ဖြုန်းရသေးတယ်။ တခုခုဖြစ်ရင် တစ်ယောက်နဲ့တစ်ယောက် ကူညီဖို့လေ။ အိမ်ပြန်ရောက်တော့လည်း ချက်ချင်း မအိပ်ရဲဘူး။ အိပ်ရင်း ရှောသွားမှာစိုးလို့ တစ်နာရီကျော်ကြာမှ အိပ်တယ်။

ဒီလောက်ကြောက်နေရင်လည်း ဘာဖြစ်လို့ စားသေးလဲ။ ဒီလိုပါ။ ဖုငုဟင်းလျာလို ဈေးကြီးတဲ့ အစားအသောက်မျိုး စားရခဲတယ်။ လူတိုင်း မစားဖူး တဲ့ ငါးပူတင်းကို စားကြည့်ချင်တယ်။ ဒီလောက် နာမယ်ကျော်တဲ့ ဖုငုဆိုတာ ဘယ်လို အရသာမျိုးလဲ သိချင်တယ်။ ပြီးတော့ ဒီလို ငါးပူတင်း ဖုငုဟင်းလျာဟာ ဂျပန်မှာပဲ စားရနိုင်တဲ့ ထူးခြား စားသောက်ဖွယ် မဟုတ်လား။

ဒါပေမဲ့လည်း အစားတစ်လုတ်အတွက် အသက်နဲ့ ရင်းပြီး စွန့်စား တာတော့ လွန်တာပေါ့။ ကျနော် စွန့်စားတယ်ဆိုတာ အကြောင်းမဲ့တော့ မဟုတ်ဖူး။ ကျနော့ကို စားမှာလား၊ မစားဘူးလား မေးကတည်းက ကိုယ်သိထားတဲ့အချက်တွေကို ခေါင်းထဲမှာ အပြေးအလွှား တွက်ချက်ပါတယ်။

တက်ထရိုဒိုတောက်ဆင်ဟာ ဖြေဆေးမရှိတဲ့ ဦးနှောက်အာရုံကြောအဆိပ် (neurotoxin) ဖြစ်တယ်။ ဦးနှောက်က ကြွက်သားတွေကို မထိန်းချုပ်နိုင်တော့ဘဲ ထုံကျင်လေးလံပြီး မလှုပ်ရှားနိုင်တော့ဘူး။ အထူးသဖြင့် အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း လုပ်ငန်းတွေ တဖြည်းဖြည်း လျော့ကျလာပြီး သေဆုံးရတာပါ။ အဆိပ်မိသူဟာ သေခါနီးဆဲဆဲအထိ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို စိတ်က သိနေပါတယ်။ လူကတော့ ဘာမှ လှုပ်ရှားလို့ မရတော့ဘူး။

ကျနော် အပြေးအလွှား စဉ်းစားတဲ့ အချက်တွေကတော့ စားဖိုမှူး တွေဟာ သုံးနှစ် သင်ကြားလေ့ကျင့်ပြီး ကျွမ်းကျင် လိုင်စင်ရမှ ငါးပူတင်း ချက်ပြုတ်စီမံခွင့်ကို ဂျပန်နိုင်ငံမှာ ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။ ငါးပူတင်းမှာ အဆိပ်ရှိတဲ့ အသည်းနဲ့ ဥအိမ်ကို ကျွမ်းကျင်သူက မစွန်းမပေအောင် ဖယ်ရှားပြီး ချက်ပြုတ်ရင် အန္တရာယ်မရှိဘူး။ ဒီလို ဆိုင်ကြီးတွေမှာ စားဖိုမှူးတွေဟာ လိုင်စင်ရ ကျွမ်းကျင်သူတွေဖြစ်လို့ အဆိပ်သင့်ဖို့ အလွန်ခဲယဉ်းတယ်။

ကံဆိုးလို့ အဆိပ်သင့်ရင်တောင် သူတို့ဟာ ရှေးဦးသူနာပြုနည်း လေ့ကျင့်သင်ကြားထားတာမို့ ချက်ချင်း အသက်ကယ်နိုင်ဖို့ လမ်းများတယ်။ အဆိပ်မိရင် အသက်ရှူတာနဲ့ နှလုံးခုန်တာ ရပ်မသွားအောင် CPR အသက်ကယ်ကိရိယာတွေ ဒီစားသောက်ဆိုင်မှာ အဆင်သင့် ဆောင်ထားမှာ သေချာတယ်။

တိုကျိုလို မြို့တော်ကြီးမှာ တစုံတခု ဖြစ်ခဲ့ရင် အရေးပေါ်သူနာတင်ကားက ၅ မိနစ်အတွင်း ရောက်တယ်။ ကားပေါ် မှာ CPR လုပ်ပေးနိုင်တယ်။ အရေးကြီးတဲ့ အောက်ဆီဂျင်ဘူးနဲ့ ပန့်ပါတယ်။ ကျနော်တို့ စားသောက်နေတဲ့ဆိုင်ကနေ တိုကျိုမက်ထရိုပိုလီတန် ဆေးရုံကြီးကို ၁၅ မိနစ်အတွင်း ရောက်နိုင်တယ်။ ဂျပန်က ခေတ်မီ ဆေးရုံမှာ အချိန်မီ ကုသနိုင်ရင် သေဖို့ အခွင့်အလမ်း အင်မတန်မှ နည်းပါတယ်။

အစားတစ်လုတ်ဆိုတဲ့ ဆုလာဘ် (reward) အတွက် အသက်တစ်ချောင်း ဆိုတဲ့ အရင်းအနှီး (risk) က ကြီးမားလွန်းလှတယ်။ ဒါပေမဲ့၊ ကျနော်တွက်သလို တွက်ချက်မယ်ဆိုရင် risk က တော်တော်နည်းပါးတာ တွေ့ရပါလိမ့်မယ်။

ဒီလို တွက်ချက်ပြီး စွန့်စားတာမျိုးကို calculated risk လို့ ခေါ်တာပေါ့။ စွန့်စားမှု (risk) နဲ့ ဆုလာဘ် (reward) ကို မှန်မှန်ကန်ကန် တွက်ချက်ပြီး လုပ်သင့်မလုပ်သင့် စဉ်းစားဆုံးဖြတ်ရတာမျိုးပါ။ ဘယ်အလုပ်မျိုးမဆို အဲဒီလို risk and reward တွက်ချက်ရပါတယ်။ ဖဲဝိုင်းမှာတောင် မြင်နေရတဲ့ ဖဲချပ်တွေကို ကြည့်ပြီး ကိုယ့်အနိုင်ဖဲ ရနိုင်မရနိုင် ဖဲတွက်ရသလိုပါပဲ။ စတော့ရှယ်ယာ ဈေးကွက်မှာလည်း အရှုံးအမြတ်ကို ဒီလို တွက်ရတာပါ။

ဦးတည်ချက်ပန်းတိုင်ကို ရရှိဖို့ တွက်ချက်တဲ့အခါ ခုနကလို ကျွမ်းကျင်သူတွေ စီစဉ်ချက် ပြုတ်ပြီး၊ ဆေးကုသမှု အချိန်မီ အဆင်သင့် ရနိုင်တဲ့ အခြေအနေမို့ ကျနော်လည်း အဆိပ်ပြင်း တဲ့ ငါးပူတင်း စားမယ်လို့ ဆုံးဖြတ်တာပါ။ ဆေးရုံမရှိတဲ့ ကျွန်းကလေးပေါ်မှာ တံငါသည် တစ်ယောက် ချက်ပေးတဲ့ ငါးပူတင်း ဆိုရင် ကျနော် ဘယ်စားရဲမလဲ။ ဒီလို အခြေအနေနဲ့ အချိန်အခါပေါ်မှာ မူတည်ပြီး စဉ်းစားဆုံးဖြတ်ချက် ကွဲပြားပါလိမ့်မယ်။

ဒါပေမဲ့၊ ရှေးကတည်းက ဂျပန်ပြည်မှာ လူတွေ ငါးပူတင်း စားကြပြီး အများကြီး အသက်သေဆုံး ခဲ့ရပါတယ်။ သေစေမှန်း သိလျက်နဲ့ ဘာလို့ စားကြတာလဲ။ အသက်နဲ့ ရင်းပြီး စွန့်စားကြတာ အံ့ဩစရာပါ။ သေတဲ့သူများ လို့ တိုကုဂါဝ ရှိုးဂွန်းခေတ် ၁၇ ရာစုက ‌၁၉ ရာစုအထိ ငါးပူတင်း မစားရ ဥပဒေအမိန့်ထုတ် တားမြစ်ခဲ့ရတယ်။ ဒါလည်းပဲ ခိုးပြီး စားကြတာပဲတဲ့။ ခုခေတ်မှာတော့ ငါးပူတင်းရဲ့ အသည်း၊ သည်းခြေနဲ့ ဥအိမ်သာ အဆိပ်ရှိမှန်း တိတိကျကျ သိပြီမို့ အန္တရာယ်မရှိအောင် ဖယ်ရှားပြီး စားနိုင်ကြပြီ။

ဒါတောင်၊ သည်းခြေ ကိုသာ မပေါက်အောင် ဖယ်ရှားပြီး အသည်းကို စားကြသူတွေ ရှိသေး တယ်။ စားဖိုမှူးကလည်း သူဘယ်လောက် ကျွမ်းကျင်ကြောင်း အစွမ်းပြတာ ဖြစ်သလို အစားကောင်းကြိုက် သူတွေကလည်း အရသာထူးကဲ တဲ့ အရှားပါးဆုံး အစားအစာကို စားချင်ကြတာ ဖြစ်ပါသတဲ့။ အသည်းကို ချက်ပြုတ်ရောင်းချတဲ့ စားသောက်ဆိုင်တွေကို ရဲက ဖမ်းတာလည်း ခိုးပြီး လုပ်နေကြတာပဲ။

ဒါဟာ စောစောက ပြောခဲ့တဲ့ စွန့်စားမှု (risk) နဲ့ ဆုလာဘ် (reward) ကို ဘယ်လောက်အတိုင်းအဆအထိ ယူသင့်သလဲဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် မတူတာကို ပြနေပါတယ်။

နာဂါဆာကီတက္ကသိုလ်က သုတေသီတွေဟာ ငါးပူတင်း ရဲ့ အစာနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းချုပ်ပြီး အဆိပ်မရှိအောင် မွေးမြူနိုင်တဲ့ နည်းလမ်းကို ၂၀၀၄ ခုနှစ်မှာ တီထွင်နိုင် ခဲ့ပါတယ်။ ဒါပေမဲ့၊ ငါးပူတင်းကြိုက်သူများကတော့ အဆိပ်မရှိမှန်း သိနေလို့ စားရတာ ဖီလင် မလာဘူးတဲ့။ ရင်တထိတ်ထိတ် နဲ့ ကြောက်ကြောက်လန့်လန့် စားရတာမှ အရသာထူးသတဲ့လေ။

သုံးသပ်ကြည့်မယ်ဆိုရင်၊ ကိုယ်လုပ်မယ့် အလုပ် တစ်ခုအတွက် ဘယ်လောက် စွန့်စားရဲသလဲဆိုတာ ကိုယ့်ဖာသာ ဆုံးဖြတ်ရလိမ့်မယ်။ အောင်မြင်ဖို့ ၅၀% နဲ့ ဆုံးရှုံးဖို့ ၅၀% ဆိုတဲ့ အလုပ်တစ်ခုကိုတောင် ကျနော်တို့ တော်တော် လက်တွန့်ကြပါတယ်။ အလုပ်တစ်ခုလုပ်တဲ့အခါ ကိုယ့်ဖက်က ရာနှုန်းပြည့် သေချာမှ လုပ်ချင်တဲ့စိတ်ရှိနေရင် ဘယ်တော့မှ မအောင်မြင်ဘူးဆိုတာ မြဲမြဲမှတ်ထားလိုက်ပါ။ ဆုံးရှုံးမယ့် အန္တရာယ် risk တွေကို မဆင်မခြင် ဆင်ကန်းတောတိုး ဇွတ်လုပ်ရင်လည်း အရှုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်။ အကျိုးအကြောင်း ဆက်စပ်စဉ်းစားလို့ ဆုလာဘ်နဲ့ အရှုံးကို မျှတမှန်ကန်အောင် ချိန်ဆပြီး စွန့်စားလုပ်ကိုင်မှ အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင်နိုင်လိမ့်မယ်။

ဘဝမှာ မမေ့နိုင်စရာ ကိုယ်တွေ့ ဥပမာ ပြောပြရမယ်ဆိုရင် မြန်မာနိုင်ငံ ကနေ ပထမဆုံး နိုင်ငံခြားထွက်ဖို့ ဆုံးဖြတ်ရတာပါပဲ။ ငွေကြေးမပြည့်စုံတဲ့အပြင် တခြားနိုင်ငံမှာ ဆွေမျိုးမိတ်ဆွေလည်း မယ်မယ်ရရ အားကိုးလောက်အောင် မရှိဘူး။ ခုနကလို စွန့်စားမှု (risk) နဲ့ ဆုလာဘ် (reward) တွက်ချက်ကြည့်မယ်ဆိုရင် စွန့်စားမှု ၉၀% အောင်မြင်ဖို့ အခွင့်အလမ်းက ၁၀% တောင် အနိုင်နိုင်ပါ။

ဒါဖြင့် ဘာဖြစ်လို့ ဒီလောက် မိုက်မိုက်ကန်းကန်း စွန့်စား ရတာလဲလို့ မေးချင်လိမ့်မယ်။ မြန်မာစစ်အစိုးရလက်အောက်မှာ အနှိမ်ခံပြီး အလုပ်ဝင်လုပ်ဖို့ထက် တခြားနိုင်ငံမှာ လူချင်းတူတူ ဂုဏ်သိက္ခာရှိရှိ ရုန်းကန်ကြည့်မယ်လို့ စဉ်းစား ဆုံးဖြတ်လိုက်တာပါ။ ဇနက္ကထုံး နှလုံးမူပြီး ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားဖို့ စိတ်ကို ပိုင်းဖြတ်လိုက်တာပဲ။

အောင်မြင်ဖို့အလားအလာ ၁၀% ပဲ ရှိတာ မို့ သူများထက် ၁၀ ဆလောက် ပိုကြိုးစားမှ ပန်းတိုင်ရောက်မယ်ဆိုတာ ကောင်းကောင်း နားလည်သဘောပေါက်ထားတယ်။ ဂျပန်ကိုရောက်ခါစ မအိပ်မနေ အားထုတ်ရတဲ့ အိပ်မက်ဆိုးကာလတွေ ရှိခဲ့ပါတယ်။

ဒီတော့ risk and reward တွက်ချက်တဲ့ အခါ ကိုယ်ဘယ်လောက် ကြိုးစားရုန်းကန်နိုင်သလဲ၊ ဘယ်လောက် အပင်ပန်း အဆင်းရဲခံနိုင်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း နားလည်ဖို့လည်း အရေးကြီးပါတယ်။ ဒဏ်မခံနိုင်လို့ စောစောစီးစီး ပြည်တော်ပြန်သွားသူတွေ ဒုနဲ့ဒေး မြင်ဖူးတယ်လေ။

ဂျပန်မှာသာ စားရဖို့ အခွင့်အရေးရှိပြီး အင်မတန် ဈေးကြီးတဲ့ ငါးပူတင်း ဟာ အဆိပ်လည်းပြင်းလေတော့ သေဘေး လည်း ကြုံနိုင်တယ်။ ဒီတော့ ရရှိမယ့်အကျိုးအမြတ်နဲ့ ပေးဆပ်ရမယ့် စွန့်စားမှုကို ကိုယ့်ဖာသာ ချင့်ချိန်စဉ်းစားပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်ကြပေတော့။ ဆင်ကန်းတောတိုး မိုက်ရူးရဲလုပ်ခြင်းနဲ့ ကြောက်ရွံ့တွန့်ဆုတ်ခြင်းဆိုတဲ့ အစွန်းနှစ်ဖက်ထက် တွက်ချက်စွ န့်စားခြင်း (calculated risk) သာ အဖြေမှန်ဖြစ်ကြောင်း ပြောချင်တာပါ။

“ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်” ဆိုတဲ့ မြန်မာ စကားပုံလည်း ရှိသားပဲလေ။ (၂၀၁၆ ခုနှစ်က ပို့စ်တစ်ခု ကို တည်းဖြတ်ပြင်ဆင်ပြီး ပြန်တင်လိုက်တာပါ။)

Min Myat Maung

Add a Comment

Your email address will not be published. Required fields are marked *

2 × 4 =