အိမ်ထောင်ကွဲပြီး စိတ်ဓာတ်တွေ ကျနေတဲ့အချိန်မှာ ပြန်တွေ့ ခဲ့တဲ့ ငယ်ချစ်ဟောင်း ကို ပြန်လက်ခံဖို့ စဉ်းစားနေတယ် ဆိုတဲ့ မျိုးစန္ဒီကျော်

ပရိသတ်ကြီးတို့ရေ တစ်ချိန်တစ်ခါက အချစ်တော် သရုပ်ဆောင်မျိုးစန္ဒီကျော်ကတော့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အနုပညာ ရပ်ဝန်းမှာ အတွေ့ရနည်းခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေ မှာတော့ ဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ကားကြီးတွေပါ ရိုက်ကူးလာတာကို တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။သရုပ်ဆောင်မျိုးစန္ဒီကျော်ဟာ အခုဆိုရင် ချစ်စရာသမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အိမ်ထောင်ဖက်ဟောင်းနဲ့ကတော့ အဆင်မပြေမှုတွေကြောင့် တရားဝင်ကွာရှင်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာတော့မျိုးစန္ဒီကျော်က ကိုဗစ်ကာလ အကူအညီလိုအပ်နေသူအချို့ကို ကူညီထောက်ပံ့မှုလေးတွေ ဦးဆောင်ပြုလုပ်နေတာကို လူမှုကွန်ရက်ထက် မှာ တွေ့ရပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်မျိုးစန္ဒီကျော်က အိမ်ထောင်ကွဲပြီး စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာ ပြန်တွေ့ခဲ့တဲ့ ငယ်ချစ်ဟောင်းနဲ့ပတ်သတ်လို့ ရင်ဖွင့်ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအင်တာဗျူးရဲ့အစပိုင်းမှာတော့ မျိုးစန္ဒီကျော်က သူမရဲ့ ငယ်ချစ်ဦးနဲ့ပတ်သတ်ပြီး တကယ်ချစ်တဲ့သူကသူ့အလိုလို ပြောင်းလဲတတ်လာတယ်ဆိုတဲ့အကြောင်း ကို ပွင့်ပွင့်လင်းလင်း ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

သူမရဲ့ချစ်သူဟာဆိုရင် ပညာတတ်တစ်ယောက်ဖြစ်ပြီး တစ်ခုခုဆိုရင် အရမ်းခေါင်းမာတတ်သူဖြစ်တဲ့အတွက် သူ့ရဲ့ အကျင့်ဗီဇဟာဆိုရင် ပြောင်းလဲလာလိမ့်မှာ မဟုတ်ဘူးလို့ မျိုးစန္ဒီကျော်အနေနဲ့ ကနဦးပိုင်းမှာ ယူဆခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ချစ်သူရဲ့ပြုပြင်ပြောင်းလဲလာမှုတွေကို သူမအနေနဲ့ သတိပြုမိလာတယ်လို့ အခုလို ပြောပြပါတယ်။ “သူကလေ အမတွေ့ဖူးတဲ့သူ တော်တော်များများနဲ့မတူဘူး… ခေါင်းမာတယ်… သူယုံကြည်တဲ့အရာကို လုပ်ရဲတဲ့သတ္တိရှိတယ်… ယောကျ်ားစစ်တယ်ပေါ့နော်… သူကိုယ်တိုင်င် ပြောင်းလဲခဲ့တယ်လို့ ထုတ်ပြောခဲ့တာ မဟုတ်ဘူး… အမက အော် သူပြောင်းလဲနေတာပဲဆိုပြီး သတိထားမိခဲ့တာ”မျိုးစန္ဒီကျော်က သူမတို့စုံတွဲနဲ့ ပတ်သတ်လို့ ပရိသတ်တွေစိတ်ပူရမယ့်ပုံစံမျိုးမဟုတ်ပဲ အေးအေးဆေးဆေးနွေးနွေးထွေးထွေးသာ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားထားပါသေးတယ်။

သူမအနေနဲ့ ရှေ့ကကြုံတွေ့ဖူးတဲ့ အမှားတွေလည်း ရှိခဲ့တဲ့အတွက် သမီးလေးကသာ အရေးကြီးပြီး ဘာပဲလုပ်လုပ် သမီးလေးဘက်ကသာ ဖြည့်တွေးပြီး ဆုံးဖြတ်မှာဖြစ်တယ်လို့လည်း ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။ အခုလိုဆိုလိုက်လို့ သူမရဲ့အချစ်ရေးကို ပေါ့ပြက်ပြက်သဘောထားတာမျိုး မဟုတ်ပဲ သူမနဲ့ချစ်သူရဲ့ အကြောင်းကတော့ ပြောရမှာရှည်လျားလွန်းတဲ့အတွက် နောက်ထပ်အင်တာဗျူးတစ်ခုနဲ့ သီးသန့်မေးမြန်းမှသာ ပြည့်ပြည့်စုံစုံ ဖြေကြားနိုင်မှာ ဖြစ်တယ်လို့ ရယ်မောပြောဆိုခဲ့ပါတယ်။ လက်ရှိချစ်သူနဲ့ သူမဟာဆိုရင် အခုမှသိကြတာမဟုတ်ပဲ ငယ်စဉ်တည်းက သိကျွမ်းဖြစ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။နောက်ပိုင်းမှာ အဆက်အသွယ်ပြတ်သွားခဲ့ပြီး သူမလည်း အိမ်ထောင်ကျသွားခဲ့သလိုသူမရဲ့ငယ်ချစ်ဦး ဟာလည်း သူဟာသူအေးရာအေးကြောင်း လုပ်စရာရှိတာလုပ်ရင်း ဖြတ်သန်းနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သူမအိမ်ထောင်ဖက်ဟောင်းနဲ့ အဆင်မပြေဖြစ်လို့ တရားဝင်ကွာရှင်းခဲ့ပြီး အနုပညာအလုပ်တွေရပ်နားထားတဲ့အချိန်မှာ ထိုငယ်ချစ်ဦးနဲ့ ပြန်တွေ့ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်က သူမအနေနဲ့ ကားရိုက်တွေရော ပွဲတက်တွေကိုပါ ရပ်နားထားခဲ့ပြီး စိတ်ဓာတ်တွေကျနေချိန် ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ငယ်ချစ်ဦးက အနုပညာတွေပြန်လုပ်ဖြစ်ဖို့ နဲ့ စိတ်ဓာတ်မကျဖို့ အားပေးစကားတွေပြောပြီး ခွန်အားဖြစ်စေခဲ့ တယ်လို့ သူမအနေနဲ့ ရင်ဖွင့်ပြောပြပါတယ်။ “သူနဲ့ပြန်တွေ့တဲ့အချိန်မှာ အမက အိမ်ထောင်ကွဲပြီး စိတ်ဓာတ်ကျနေတဲ့အချိန်ပေါ့… ဘယ်ပွဲမှလည်း မတက်တော့ဘူး… အဲ့ဒီအချိန်မှာ သူက အမကို စိတ်ဓာတ်ခွန်အားတွေပေးတယ်… ဒီအလုပ်ကို ပြန်လုပ်ဖြစ်အောင်လည်း တွန်းအားပေးခဲ့တယ်… အကိုတစ်ယောက် လို ဆရာတစ်ယောက်လို အစစအရာရာ ကူညီပေးခဲ့လို့ ဒုတိယအကြိမ်ပြန်လက်ခံဖို့ ဆိုတာကို စဉ်းစားဖြစ်တာပေါ့” သူမနဲ့ ချစ်သူတို့ဟာဆိုရင် အခုမှ သိတဲ့သူတွေ မဟုတ်တဲ့အတွက် တစ်ယောက်အကြောင်းကို တစ်ယောက်က ကောင်းကောင်းသိနေပြီး ချစ်သူမောင်က သူမတစ်ယောက် တည်းအတွက်သာ မဟုတ်ပဲ သမီးဖြစ်သူအတွက်ပါ ထည့်သွင်းစဉ်းစားပေးတတ်သူမျိုး ဖြစ်တဲ့အတွက် ပြန်လည်စဉ်းစားပေးခဲ့တာဖြစ်တယ်လို့ မျိုးစန္ဒီကျော်က ပြောပါတယ်။

တစ်ခါတစ်လေမှာ လူတွေက “အချိန်မှန် လူမှန်” လို့ ပြောကြတဲ့အပေါ် မျိုးစန္ဒီကျော်က အချိန်ကျ လာလို့ လူမှန်နဲ့တွေ့ရတာလားတော့ မသေချာပေမယ့် အခုချိန်ထိတော့ အဲ့ဒီသဘောတရားအတိုင်း မှန်ကန်တယ်လို့ ဆိုပါတယ်။ သူမကနဦးယူဆခဲ့တာက စိတ်ချမ်းသာရင် ဝလာတယ်လို့ ထင်မြင်ခဲ့ပြီး တကယ်တော့ စိတ်ဆင်းရဲမှ stress တွေများပြီး ဝလာတတ်တာဖြစ်တယ်လို့ ဆိုပါတယ် အခုဆိုရင် သူမအနေနဲ့ ပေါင်(၅၀) ဝိတ်ကျခဲ့တာဖြစ်ပြီး (၁၃၀) ပေါင် ကိုယ်အလေးချိန်ပဲ ရှိတော့တယ်လို့ သိရပါတယ်။ သူမအနေနဲ့ လေ့ကျင့်ခန်းကို ထွေထွေထူးထူး ပြုလုပ်စရာမလိုပဲ အပြေးလေ့ကျင့်တာရယ် ချစ်သူက အရမ်းဂရုစိုက်တော့ စိတ်ချမ်းသာတာရယ်ကြောင့် ဝိတ်ကျလာတာဖြစ်မယ်လို့ ဂုဏ်ယူစွာနဲ့ ဖြေကြားခဲ့ပါတယ်။

သူမရဲ့ ချစ်သူဟာဆိုရင်လည်း သူမကို အရမ်းဂရုစိုက်ပေးတတ်ပြီး မျက်နှာကိုတစ်ချက်အညှိုးမခံတတ်တဲ့ လူစားအမျိုးဖြစ်တယ်လို့ မျိုးစန္ဒီကျော်က ဆိုပါတယ်။ ပရိသတ်တွေဆို သူ့ရဲ့ ချစ်သူနဲ့ဆက်ဆံရေးအကြောင်း အချိန်မီမချပြခဲ့တာက ချေမိုးနေချင်လို့မဟုတ်ပဲ အခုလို ကိုဗစ်ကပ်ရောဂါကြောင့် ပရိသတ်တွေစိတ်ဒုက္ခရောက်နေတဲ့အချိန်မှာ သူမရဲ့ အချစ်ရေးသတင်းတစ်ခုကြောင့် မျက်စိဆံပင်မွှေးဆူးမယ့် ကိစ္စမျိုး မဖြစ်စေချင်လို့သာ ဆိတ်ဆိတ်နေခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ မျိုးစန္ဒီကျော်ဟာဆိုရင် သူမရဲ့ ချစ်သူကို သူမကိုယ်တိုင် သင်္ကေတတက်တူး နှစ်ပုံထိုးပေးခဲ့တာဖြစ်ပြီး
ကိုယ်တိုင်ကအသားနာမှာကြောက်လို့ တက်တူးမထိုး ဖြစ်ပေမယ့် ချစ်သူက ကိုယ်တိုင်ထိုးပေးပါလို့ တောင်းဆိုလာတဲ့အတွက် ထိုးပေးလိုက်ရတာဖြစ်တယ်လို့ ပြောပြပါတယ်။ သူမကိုယ်တိုင်ကလည်း ယခင်က တက်တူးကို ကြိုက်နှစ်သက်ခြင်း မရှိခဲ့ပဲ တက်တူးထိုးထားတဲ့ သူတွေကို ဆိုရင် လူဆိုးတွေလို့ထင်မှတ်ခဲ့ပြီး ပုဆိုးနဲ့ လည်ကတုံး ဝတ်ထားရင် လူကောင်းဆိုပြီး ထင်ခဲ့ဖူးတယ်လို့ ထုတ်ပြောလာပါတယ်။တကယ်တော့ အသက်အရွယ်ရလာတဲ့အခါ အဲ့ဒီယူဆချက်တွေက တက်တက်စင်လွဲနေတာကို သတိပြုမိလာပြီး ဘယ်အရာမဆို အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်လို့မရဘူး ဆိုတာ လက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ပရိသတ်ကြီးတို့ရေ အခုဆိုရင် မင်းသမီးချော သရုပ်ဆောင်မျိုးစန္ဒီကျော်ကတော့ အရမ်းကိုဂရုစိုက်ပေး တတ်တဲ့ သူမရဲ့ချစ်သူနဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားပြီး သူမရဲ့ချစ်သူအပေါ် သူမရဲ့ အမြင်လေးတွေကိုလည်း ပရိသတ်တို့ကြားသိခဲ့ရပြီးဖြစ်လို့ အခုလိုအရမ်းချစ်ကြတဲ့ချစ်သူနှစ်ယောက် အမြန်ဆုံး ပျော်ရွှင်စွာ ရွှေလက်တွဲနိုင်ပါစေလို့ ဆုတောင်းသွားပေးကြပါအုံးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးခဲ့တဲ့ ပရိသတ်ကြီးတို့ကိုလည်း ကျေးဇူးတင်ပါတယ်။