“မှတ်သား လောက်စရာ နွားတွေ အသိဉာဏ်နည်း သောကြောင့် မတိုးတက် သည့် နိုင်ငံ”

“မှတ်သား လောက်စရာ နွားတွေ အသိဉာဏ်နည်း သောကြောင့် မတိုးတက် သည့် နိုင်ငံ”

“နွားတွေ အသိဉာဏ် နည်းသောကြောင့် မတိုးတက်သည့် နိုင်ငံ”

ကိုလံဘီယာနိုင်ငံ ၌ နွားများ အလွန်ပေါသည်။ နွားများပေါသည့်အတွက် သားရေထွက်သည်။ သို့သော် သူတို့ သားရေလုပ်ငန်းက ပြည်ပသို့ တိုးမပေါက်ဖြစ်နေသည်။ ကိုလံဘီယာသည် တောင်အမေရိကတိုက် မြောက်ဖက်၌ တည်ရှိသည်။ သိပ်မဝေးလှသောနေရာ၌ သားရေပစ္စည်းထုတ်ကုန် အတွက် ဈေးကွက်ကြီးရှိသည်။ ၎င်းဈေးကွက်ကား အမေရိကန်ပြည်ထောင်စုပင်ဖြစ်သည်။ ထိုဈေးကွက်ထဲသို့ တိုးဝင်နိုင်လျှင် ချမ်းသာပြီ။

အစိုးရနဲ့ သားရေလုပ်ငန်း သမားများက သူတို့ပစ္စည်း ဘာကြောင့် တိုးမပေါက်ဖြစ်နေရသနည်း အဖြေရှာရန်အတွက် ကုမ္ပဏီတစ်ခုကို ငှါးရမ်းကာ သုတေသနပြုလုပ်ခိုင်းလေသည်။

ကုမ္ပဏီသည် နယူးယောက်မြို့၌ရှိ နေသည့် နိုင်ငံတကာ သားရေပစ္စည်း အဝယ်တော်များနှင့် အမေရိကန်ပြည်ထောင်စုအနှံ့အပြားရှိ သားရေအိတ် အရောင်းဆိုင်များမှ လူပုဂ္ဂိုလ်ပေါင်း ထောင်ချီ၍ တွေ့ဆုံမေးမြန်းသည်။ ထိုမေးမြန်းချက်များမှ ရရှိလာသည့် အချက်အလက်များကို အနှစ်ချုပ်လိုက် သည့်အခါ အဖြေက တစ်ခုတည်းသာဖြစ်သည်။

ယင်းကား ကိုလံဘီယာလုပ် သားရေအိတ် များသည် အရည်အသွေး အလွန်ညံ့ဖျင်းပြီး ဈေးအလွန်ကြီးသည်ဟူ၏။ ကုမ္ပဏီသည် ထိုချို့ယွင်းချက်ကို ကုစားနိုင်မည့် နည်းလမ်းကို ရှာဖွယ်ရန် ကိုလံဘီယာပြည်သို့ ပြန်လှည့်ကာ စုံစမ်းရေလုပ်ရသည်။

သားရေအိပ်လုပ်ငန်းရှင်များအား “ခင်ဗျားတို့ ပစ္စည်းက ကွာလတီ မမှီဘူးဗျာ၊ ဈေးကျတော့ အရမ်းများနေတယ်။ အဲဒါ ဘာကြောင့်လဲဟု မေးသည့်အခါ အဲဒါ ကျွန်တော်တို့နဲ့မဆိုင်ဘူးဗျ” ဟု ဖြေကြသည်။

သားရေလုပ်ငန်းရှင်တွေကြောင့် ဖြစ်တာဗျ။ သူတို့ သားရေ တွေက ညံ့တယ်။ အာဂျင်တီးနားကလာတဲ့ သားရေဆိုလျှင် သိပ်ကောင်းတာဗျ။ ဒါပေမယ့် အစိုးရက ပြည်တွင်းသားရေလုပ်ငန်းကို အကာအကွယ်ပေးတဲ့အနေနဲ့ ပြည်ပကလာတဲ့သားရေကို သွင်းကုန်အခွန် အများကြီးကောက်တော့ ကျွန်တော်တို့ မဝယ်နိုင်ဘူး။ ပြည်တွင်းဖြစ် သားရေညံ့ကိုပဲ မတန်ဈေးပေးကာ သုံးနေရတာဗျာ စသည်ဖြင့် ထောက်ပြကြလေသည်။

သို့နှင့် သားရေလုပ်ငန်းရှင်များထံ သွားကြပြန်သည်။ သူတို့ကိုမေးတော့ လည်း မဆိုင်းမတွပင် ကျွန်တော်တို့ အပြစ်မဟုတ်ဘူးဗျဟု ဆိုပြန်သည်။ ဒါဆို ဘယ်သူ့အပြစ်လဲမေးတော့ သားသတ်ရုံက လူတွေနဲ့သာ ဆိုင်သည်တဲ့။

သားသတ်လုပ်ငန်းရှင်များက အသားကရသော အမြတ်များကိုသာ အဓိက ထားပြီး လုပ်ကိုင်သူများဖြစ်ရာ သားရေခွာသည့်အခါ ဂရုမစိုက်ကြ။ အနာအဆာ အပွန်းအပဲ့များသည်။ သားရေနယ်သမားများက ရသည့် သားရေနဲ့ပဲ အလုပ်လုပ်ကြရတာဟု အကြောင်းပြသည်။

တစ်ခါ သားသတ်ရုံတွေဆီ သွားကြဦးစို့ဆိုပြီး သားသတ်သမားများ ကိုမေးတော့ သားရေခွာတဲ့အလုပ်တော့ ကျုပ်တို့လည်း ကောင်းကောင်းလုပ်တတ်တာပေါ့ဗျာ။ အခုကိစ္စက ကျုပ်တို့အပြစ် မဟုတ်ဘူးဗျ။ ခြံပိုင်ရှင်တွေကြောင့်ဖြစ်တာဟု ဆိုကြပြန်သည်။

ခြံပိုင်ရှင်တွေက နွားသူခိုးကိုကြောက်တော့ သူတို့နွားတွေမှာ ခြံတံဆိပ် ခပ်နှိပ် ကြသည်။ သံနဲ့လုပ်ထားတဲ့ ခြံတံဆိပ်တုံးကို မီး နီရဲနေအောင်ဖုတ်ပြီး နွားအရေပြားမှာ ကပ်တာပေါ့ဗျာ။ နွားခိုးသူတွေက နွားမှာပါတဲ့ အသားတံဆိပ်ကို ဆင်တူရိုးမှား နောက်ထပ် တံဆိပ်တစ်မျိုးနဲ့ ထပ်နှိပ်ပြီး ပုံဖျက်တတ်တယ်ဗျာ။ အဲတော့ အလွယ်တကူ မလုပ်နိုင်အောင် ခြံပိုင်ရှင်တွေက သူတို့နွားတွေကို အသားတံဆိပ် ထပ်ကာထပ်ကာ နှိပ်ကြတော့ အရေပြားတွေ ပျက်စီးသွားတာပါ့ဗျာဟု ရှင်းပြကြလေသည်။

ဒီလိုနဲ့ စုံစမ်းသူတွေ နွားခြံပိုင်ရှင်များထံ ရောက်သွားကြပြန်သည်။ ပြဿနာက သူတို့ ဆီမှာ လက်စသတ်လိမ့်မည်ဟု မှတ်ယူကြထားကြသည်။ သူတို့မှာ နောက်ထပ်လွှဲချစရာ မကျန်တော့ဘူး မဟုတ်လား။

သို့သော် ခြံပိုင်ရှင်များကလည်း သူတို့အပြစ် မဟုတ်ပါဘူးဗျာဟု ဆိုကြပြန် လေသည်။ ဒါဖြင့် ဘယ်သူ့အပြစ်တုန်းဆိုတော့.. “နွားတွေတဲ့ဗျာ”

နွားတွေက စဉ်းစားဉာဏ်မရှိကြဘူးဗျာ၊ ကိုယ့်အရေပြား ပျက်စီးမှာကို သူတို့ မစဉ်းစားကြဘူး။ ကိုလံဘီယာသားရေလုပ်ငန်းပျက်စီးမှာ ထိခိုက်မှာကို သူတို့က မသိကြဘူး။ အဲဒီတော့ မှက်ကိုက်၊ ခြင်ကိုက်၍ ယားသည့်အခါတိုင်း နွားခြံသံဆူးကြိုးကို နာနာတိုးကာ ပွတ်တိုက်ကြသည်။ ဒါကို သူတို့လည်း မတတ်နိုင်ဟု ဆိုကြသည်။

သုတေသနလုပ်သည့် ကုမ္ပဏီကတော့ တိတိကျကျ ထောက်ပြစရာ အကြောင်းရင်း ကို သိသွားပြီ။ ကိုလံဘီယာက သားရေပစ္စည်းလုပ်ငန်းကြီး မအောင်မြင်ရခြင်းသည် ကိုလံဘီယာနွားတွေ အသိဉာဏ်နည်းသောကြောင့် ဖြစ်သည်။ သို့ပေမယ့် နွားများ ဉာဏ်ရှိလာအောင် လုပ်ဆောင်ရန် နည်းလမ်းကိုကား သုတေသနကုမ္ပဏီ မရှာဖွေနိုင် ခဲ့ကြ။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမျိုးတို့၏ ဓလေ့စရိုက်များကို ဆက်စပ် လေ့လာသော ပညာရှင်များကမူ၊ မိမိအလုပ်ကို အကောင်းဆုံး လုပ်မည်ဟု သဘောမထား၊ အပြစ်တင်စရာ ရှာမရလျှင် နွားကိုပုံချတတ်သော စိတ်ဓာတ်မျိုးနှင့်ကား ဘယ်တိုင်းပြည် ဘယ်လူမျိုးမှ တိုးတက်လာစရာ အကြောင်းမရှိဟု ကောက်ချက်ချ ထားကြပါသည်။

crd : blacker

Add a Comment

Your email address will not be published. Required fields are marked *

15 + seventeen =