မရမ်းကုန်း မုဒိတာ အိမ်ရာ ရှိ နိုင်ငံခြားသားများ အား ဝင်ရောက် စစ်ဆေးရာ မှ မူးယစ်ဆေးဝါးများ နှင့်အတူ နိုင်ဂျီးရီးယား နိုင်ငံသား ( ၂) ဦးနှင့် မြန်မာ အမျိုးသမီး တစ်ဦး ဖမ်းမိ

မရမ်းကုန်း မုဒိတာ အိမ်ရာ ရှိ နိုင်ငံခြားသားများ အား ဝင်ရောက် စစ်ဆေးရာ မှ မူးယစ်ဆေးဝါးများ နှင့်အတူ နိုင်ဂျီးရီးယား နိုင်ငံသား ( ၂) ဦးနှင့် မြန်မာ အမျိုးသမီး တစ်ဦး ဖမ်းမိ

မုဒိတာ အိမ်ရာ ( ၁ ) အ တွင်း ရှိ နိုင်ငံခြား သား များ နေထိုင် သည့် တိုက် ခန်း များ ကို သက်ဆိုင်ရာ တာဝန်ရှိ သူများက ဇွန်လ ၄ ရက် နံနက်ပိုင်း က ဝင်ရောက် စစ်ဆေး ရာ မူးယစ်ဆေးဝါး များ ဖမ်းဆီး ရ မိကြောင်း သိရ သည် ။

ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၊ မုဒိတာ အိမ်ရာ (၁)၊ A ဆောင် တွင် နိုင်ငံခြားသားများ နေထိုင် သည့် တိုက်ခန်း ၃၃ ခန်းရှိကြောင်း၊ ယင်းတိုက်ခန်း ၃၃ ခန်းအနက် နိုင်ဂျီးရီးယားနိုင်ငံသား များ နေထိုင်သည့် တိုက်ခန်း ၁၀ ခန်းရှိကြောင်း၊ အဆိုပါ တိုက်ခန်းများ ကို သက်ဆိုင်ရာ တာဝန်ရှိ သူများ က ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရ သည် ။

ထိုသို့စစ်ဆေးရာ စစ်ဆေးမည်ဆို သည့် သတင်း ကြိုတင်ပေါက်ကြားမှုများ ဖြစ်ပေါ်ခဲ့ သည့် အတွက် နိုင်ဂျီးရီးယား နိုင်ငံသားများက တိုက်ခန်းများကို အပြင်မှသော့ခတ်ကာ တိမ်းရှောင်ခဲ့ကြကြောင်း၊ ယင်းအနက် တိုက်ခန်း ၃ ခန်းမှာ ကြိုတင်သတင်း မရရှိသည့်အတွက် တိမ်ရှောင်နိုင်ခြင်းမရှိဘဲ ဝင်ရောက်စစ်ဆေး ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခန်း ၃ ခုအနက် တိုက်ခန်းတစ်ခုအတွင်း မူးယစ် ဆေးဝါး အရောင်းအဝယ်ပြုလုပ် သုံးစွဲနေသည့် နိုင်ဂျီးရီးယား နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် တိုက်ခန်းမှာ COVID-19 ကာလ အတွင်း နိုင်ဂျီးရီးယား နိုင်ငံသားများကို မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်နေသည်ဟု အိမ်ရာတာဝန်ရှိသူများက သိရှိခဲ့သည့်အတွက် မူးယစ်ရဲတပ်ဖွဲ့သို့ သတင်းပေးတိုင်ကြားခဲ့ပြီး ယနေ့ဝင်ရောက် စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်။

“မနက် ၆ နာရီလောက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးတယ်။ မစစ်ဆေးခင်ရက်က နိုင်ငံခြားသားတွေရှိတဲ့ အခန်းအကုန် စာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပေးလိုက်တယ်။ ဒီနေ့စစ်တာက နိုင်ဂျီးရီးယားနိုင်ငံသားတွေကို အဓိကစစ်ရတာပါ။ ကိုရီးယားရော၊ နိုင်ဂျီးရီးယားရော အခန်း ၃၃ ခန်း ရှိတယ်။

နိုင်ဂျီးရီးယားက ၁၀ ခန်းရှိတယ်။ စစ်တဲ့ အချိန်မှာ ညထဲက သတင်းပေါက်ကြားလို့ အပြင်ကနေ သော့တွေခတ်ပြီး ဘယ်သူမှ မရှိတော့ဘူး။ သတင်းမပေါက်ကြားတဲ့ အခန်းသုံးခန်းကိုတော့ စစ်ဆေးလို့ရတယ်။ ၇၁၅ အခန်းကို စစ်ဆေးတဲ့အချိန်မှာ ဆေးအရောင်းအဝယ် လုပ်နေတာရော သုံးစွဲနေတာကိုရော မိသွားပါတယ်။

အဲ့ဒီနိုင်ဂျီးရီးယားသားကို ဖမ်းတဲ့အချိန်မှာ ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး ထိခိုက်မှုမရှိအောင် ဖမ်းလိုက်ပါတယ်။ ဆေးပြားတွေရော ဆေးခြောက်တွေရော ထိုးတဲ့အပ်တွေရော မိသွားပါတယ်။ အဲ့တိုက်ခန်းက COVID ကာလမှာ နိုင်ဂျီးရီးယားသားတွေကို ဆေးအရောင်းအဝယ် လုပ်နေတယ် ဆိုတာကို အန်တီတို့က သတင်း ရထားတယ်။ မူးယစ်တပ်ဖွဲ့ကိုလည်း အကြောင်းကြားထားတယ်။

လက်ပူးလက်ကြပ် မမိတော့ အမှုပြန်ပတ်နိုင်တယ် ပြောလို့ ဒီနေ့ စစ်ဆေးချိန်မှ မိသွားတယ်။ ဗမာကောင်မလေးတွေကို အပြင်က သော့ခတ်ထားခဲ့ပြီး နိုင်ဂျီးရီးယားသားတွေ ထွက်ပြေးသွားတဲ့ တိုက်ခန်းသုံးခန်း လောက်ရှိတယ်။ မိတာက နိုင်ဂျီးရီးယားသား နှစ်ယောက် ဆေးရောင်းတဲ့ မြန်မာအမျိုးသမီး တစ်ယောက်ရယ် မိသွားတယ်။

ဆေးမိတဲ့ တိုက်ခန်းက နိုင်ဂျီးရီးယားသားနဲ့ မြန်မာအမျိုးသမီး ကိုတော့ ရဲစခန်းကို ခေါ်သွားတယ်။ နောက်တစ်ယောက်ကိုတော့ လဝက က passport သိမ်းသွားပြီး လာဖြေရှင်း ခိုင်းထားတယ်လို့ ပြောတယ်” ဟုမုဒိတာအိမ်ရာ A ဆောင်သာယာရေးဥက္ကဋ္ဌ ဒေါ်ဥမ္မာကြည်က ပြောကြားသည်။

တိမ်းရှောင်သွားသည့် နိုင်ဂျီးရီးယားနိုင်ငံသားများ၏ တိုက်ခန်း များကို အိမ်ရာတာဝန်ရှိသူများက သော့ခတ်ပြီး တိုက်ခန်းများ ပိတ်ထားကြောင်း၊ မွန်းလွဲပိုင်းတွင် အချို့မှာ ပြန်လည် ရောက်ရှိလာသော်လည်း တိုက်ခန်းအတွင်း ဝင်ရောက်ခွင့် မပေးကြောင်း သိရသည်။

လက်ရှိတွင် မုဒိတာအိမ်ရာ (၁)၊ Aဆောင်တွင် မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသည့် နိုင်ဂျီးရီးယား နိုင်ငံသား တစ်ဦးနှင့် မြန်မာအမျိုးသမီး တစ်ဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး အခြားတိုက်ခန်းတစ်ခု မှ နိုင်ဂျီးရီးယား နိုင်ငံသားတစ်ဦး ၏ passport ကို လဝက မှ တာဝန်ရှိသူများက သိမ်းဆည်းသွား ခဲ့ကြောင်း သိရသည်။

လေးစားမှုဖြင့် ခရစ်ဒက် EMG