ကမ်းခြေ များ တရားဝင် ပြန်လည်ပတ် ခွင့်ပြုပြီ

ကမ်းခြေ များ တရားဝင် ပြန်လည်ပတ် ခွင့်ပြုပြီ

ကိုဗစ် ကပ်ဘေးကြောင့် ယာယီပိတ်ထားသည့် တနင်္သာရီတိုင်း အတွင်းရှိ ကမ်းခြေများကို ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။တိုင်းအတွင်းရှိ ကမ်းခြေများကို ဇွန်လ ၃ ရက်နေ့မှ စတင်ကာ လည်ပတ် ခွင့်ပြုလိုက်ကြောင်း ၎င်းကဆိုသည်။ ကိုဗစ်ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်ကန့်သတ်နိုင်ရန် မတ်လ ၂၇ ရက်နေ့မှစတင်ကာ ကမ်းခြေအားလုံး ကို လည်ပတ်ခွင့်ပတ်ထားပြီးနောက် ၁၀ ပတ်နီးအကြာတွင် ပြန်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များ ဆိုင်ထိုင် ခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် ကမ်းခြေများကိုလည်း ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။“မောင်းမကန်ကမ်းခြေက ဖွင့်ခွင့်ပြုလိုက်ပြီ၊ ကမ်းခြေတွေ အားလုံးဖွင့်ခွင့်ပြုလိုက်ပြီ”ဟု ဦးကျော်မင်းက ပြောသည်။ ဒေသခံများက ကမ်းခြေ မဖွင့်မီကကတည်းပင် သွားရောက် လည်ပတ်နေကြသည်။ မေလ ၃၀ ရက်နေ့က ကမ်းခြေမဖွင့်သေးသော်လည်း မောင်းမကန်ကမ်းခြေတွင် လူရာချီလာရောက်လည်ပတ်ခဲ့သည်။

စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကိုမူ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်နှင့် အညီ ဖွင့်လှစ် ရမည်ဖြစ်ပြီး ညွှန်ကြားချက်နှင့် မကိုက်ညီပါက ပါဆယ် စနစ်ဖြင့်သာရောင်းချရမည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။ယင်းအပြင် တနင်္သာရီတိုင်းပြင်ပသို့ ပြေးဆွဲနေသည့် ကားများအနေဖြင့် မူလ တင်ဆောင်နိုင်သည့် ခရီသည်းဦးရေ၏ တစ်ဝက်သာ တင်ဆောင်ပြေးဆွဲရမည်ဖြစ်ပြီး ကားပေါ်ပါသူအားလုံး နှာခေါင်း စည်းတပ်ရမည်ဟု ထုတ်ပြန်သည်။သို့ရာတွင် ခရီးသည်တင်ကားငယ်အချို့ကမူ ခရီးသည်အပြည့် တင်ဆောင်ပြီး ပြေးဆွဲနေကြသည်ဟု ဝေဖန်မှု များလည်းရှိနေသည်။

ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်မြို့နယ် နှင့် မရမ်းကုန်းမြို့နယ် တွင် နေထိုင်ပြီး ရောက်လာသူများမှလွဲ၍ ကျန်မြို့နယ်နေသူ အားလုံး သက်ဆိုင်ရာ ထောက်ခံစာဖြင့် လာရောက်ပါက စောင့်ကြည့်စခန်းတွင် နေရန်မလိုတော့ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

Credit Dawei Watch

Add a Comment

Your email address will not be published. Required fields are marked *

twelve − eleven =