“အစိုးရိမ် ရဆုံး အခြေအနေကို ရောက်ရှိ နေပြီဖြစ်တဲ့ ဖားကန့်ဒေသက မူးယစ် ဆေးဝါး”
|“အစိုးရိမ် ရဆုံး အခြေအနေကို ရောက်ရှိ နေပြီဖြစ်တဲ့ ဖားကန့်ဒေသက မူးယစ် ဆေးဝါး”
ဖားကန့်ဒေသရဲ့ မူးယစ်ဆေးဝါးအခြေအနေက စိုးရိမ်စရာအ နေအထားကို ရောက်နေပြီလို့ ပြောဆိုရမယ် ထင်ပါတယ် ။ဘာကြောင့်လည်းဆိုတော့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေဟာ လူများအမြဲနေထိုင်ရာ မြို့ပေါ်ရပ်ကွက်တွေ ၊ ကျေးရွာတွေ စာသင်ကျောင်းတွေထဲ အထိ အတင့်ရဲစွာ ရောင်းဝယ်ဖောက် ကားလာနေတာကိုလည်း တွေ့နေရပါတယ် ။
2018 ခုနှစ်က ခြောက်တန်းကျောင်းသား ကလေးသူငယ်လေး ဟာ မူးယစ်ဆေးဝါးကို သူကိုယ်တိုင် စမ်းသပ်သုံးစွဲပြီး ကျောင်းခန်းထဲက သူငယ်ချင်းတွေကို သုံးစွဲဘို့ ရောင်းဝယ်ဖောက်ကားလာတဲ့အထိ ဖြစ်လာနေပါတယ် ။ကျနော်တို့ကသာ မသိမရှိပါမယ် ။ဒီဖြစ်စဉ်တွေက ရှိနေအုံးမှာ အသေအချာပါပဲ ။ဘာကြောင့် လည်း ဆိုတော့ ဖားကန့်ဒေသမှာ မူးယစ်ဆေးဝါးကို ရွာပုံစံ စုဖွဲ့တည်ဆောက်ပြီး တရွာလုံးက အိမ်တိုင်းမှာ ရောင်းဝယ်ဖောက်ကားနေကြလို့ပါပဲ ။
ကျောင်းသားလူငယ်တွေ ကျောင်းသွားတဲ့လမ်းတွေပေါ်မှာ အကြောထဲ ကို မူးယစ်ဆေးထိုးသွင်းနေသူတွေကို ဆေးထိုးအပ်တန်းလန်းနဲ့ မမြင်ချင်အဆုံးပါ ။ဒီလို သုံးစွဲနေတာကို သက်ဆိုင်ရာ မူးယစ်အထူး အဖွဲ့အပါအဝင် တာဝန်ရှိသူတွေ အားလုံး အသိပါ ။ဘာကြောင့် ဒီအတိုင်း မမြင်ချင် မသိချင်ယောင်ဆောင်နေတာလဲဟာ စိတ်မကောင်း စရာပါ ။ ဒီလို ဖြစ်နေတာဟာ ကျနော်ကြားမိခဲ့တဲ့ စကားတခွန်းကြောင့်လည်း ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပါတယ် ။အဲဒီစကားကတော့ ” မူးယစ်ရာဇာတွေက အားလုံးကို အိတ်ထဲထည့်ထားတာ ။ သူတို့ရောင်းချင်ရင် လမ်းပေါ်တောင် ခင်းရောင်းလို့ ရတယ်။ အဖမ်းအဆီး ကြမ်းတဲ့ မူးယစ်တပ်ဖွဲ့ဝင်တွေကို ဖားကန့်နဲ့ ကချင်ပြည်နယ်ကို မပို့အောင် နည်းမျိုးစုံနဲ့ အထက်ကို ပိတ်ထားတာ ” တဲ့ ။
ကျနော်တို့နိုင်ငံ ၊ တိုင်း ၊ ပြည်နယ် ၊ခရိုင် ၊ မြို့နယ် ၊အုပ်စု ၊ကျေးရွာ ၊ ရပ်ကွက်က လူကြီးများအားလုံးဟာ တကယ်ပဲ မူးယစ်ရာဇာတွေရဲ့ ငွေဝယ်ကျွန်တွေ ဖြစ်နေကြပြီလား ။ဟုတ်တယ် မဟုတ်ဘူးဆိုတာ ဖားကန့်ဒေသရဲ့ လက်ရှိအခြေအနေက မီးမောင်းထိုးပြလို့ နေပါတယ် ။ဒါကြောင့်ပဲ မူးယစ်ဆေးဝါးဆိုရင် အဖမ်းအဆီး ကြမ်းတဲ့ မူးယစ် ထန်းနိင် (အများက ထန်းတင် လို့ခေါ်ကြ) တို့လို ၊ မူးယစ်ခင်ဇော်တို့လို လူမျိုးတွေကို ဖားကန့်ကနေ ဆွဲထုတ်သွားလား မပြောတတ် ။ဖားကန့်က မူးယစ်ဆေးဝါးလောကမှာ အခြားအဆင့်ကနေ အရာရှိဖြစ်သွားတဲ့ ဒီပုဂ္ဂိုလ် နှစ်ယောက်ဟာ ထင်ရှားတဲ့ ပြယုဒ်တွေပါ ။
ဖားကန့်က မူးယစ်ဆေးဝါးအကြောင်း ပြောရင် ကချင်ပြည်နယ် မူးယစ် အထူးတပ်ဖွဲ့ ရဲမှူး ဒေါင်းစတား အကြောင်းကို ချန်ထားလို့ရမည်မထင်ပါ ။ချင်းလူမျိုးဖြစ်သူ ရဲမှူး ဒေါင်းစတားဟာ မူးယစ်ဆေးဝါး ဖမ်းဆီးရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်မှာ နာမည်တလုံးရခဲ့သည်ဟု ဆို ရပေမည် ။
ကချင်ပြည်နယ် မူးယစ်ရဲမှူး ဒေါင်းစတား လက်ထက်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရေး လုပ်ငန်းများတွင် လူသိများသော မှတ်တိုင်တခု ရှိခဲ့သည် ။ထိုအရာကတော့ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးနိုင်မှုကြောင့် အခြားအဆင့်မှ အရာရှိ ဖြစ်သွားသော သာဓကများရှိခဲ့သည် ။ထိုသူများကတော့ အထက်မှာ တင်ပြခဲ့ပြီး ဖြစ်တဲ့ ရဲတပ်ကြီး ထန်းနိင် ဘဝမှ ဗိုလ်ကြီး ထန်းနိင် ဘဝကို ရောက်ရှိခဲ့သည် ။ထို့အပြင် နောက်တဦးကတော့ တပ်ကြပ် ခင်ဇော်ဘဝမှ ဗိုလ်ကြီး ခင်ဇော်ဘဝသို့ ရှောက်ရှိခဲ့ကြသည် ။ မူးယစ်ဆေးဝါး ဖမ်းဆီးရာ အလွန်တော်သော အဆိုပါအရာရှိများကို မြန်မာပြည်၏ ထုံးစံအတိုင်း ချောင်ထိုးထားပုံပေါ်သည် ။မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အဆမတန်များပြားသော ကချင်ပြည်နယ် ဖားကန့်ကို ရောက်မလာတော့ ။သတင်းအစအနပင်မကြားရတော့ ။
ယခုအခါ ဖားကန့်ဒေသ၏ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုသည် ထမင်းစားရေသောက်ပြဿနာ ဖြစ်လို့ပင်နေတော့သည် ။အလွန်လွယ်လင့်တကူရရှိနိုင်သော ရောင်းကုန်ပစ္စည်းတခုပင် ဖြစ်လို့နေပါသည် ။ကွမ်းယာဆိုင် အလွန်ပေါများလှသော ကွမ်းယာသည် ၂၄နာရီ ဝယ်မရသော်လည်း ရာမ ၊ ဖိုး ကဲ့သို့သော မူးယစ်ဆေးဝါးသည် အချိန်မရွေး ဝယ်လို့ရနေပြန်သည် ။ဖုန်းဆက်လိုက်ယုံဖြင့် လိုသလောက် လာပို့ပေးနေသည် ။
ဖားကန့်ရှိ မူးယစ်ကုန်သည်များက အဖမ်းအဆီးကြမ်းသော အဖမ်းအဆီတော်သော မူးယစ် တပ်ဖွဲ့ဝင်များကို ကချင်ပြည်နယ်နှင့် ဖားကန့်မပို့ရန် အထက်အဆင့်ဆင့်ကို တားထားသလားထင်ရလောင်အောင် ကချင်ပြည်နယ်ကို တာဝန်မပေးပဲ ထားနေသလားထင်ရသည် ။ကချင်ပြည်နယ် ဖားကန့်အဆင့်က မူးယစ်ရာဇာများသည် နေပြည်တော်က မူးယစ်တပ်ဖွဲ့ ရဲချုပ် အထိများ ပိုင်နေသလားမပြောတတ် ။
လိုင်းကြေးကလေး ပေးရင် အေးဆေးယူတတ်တဲ့ မူးယစ်အထူးတပ်ဖွဲ့ဝင်တွေကို ကချင်ပြည်နယ် ကို လွှတ်ခိုင်းသည့် သဘောဖြစ်နေသည် ။NLD အစိုးရ တက်မလာခင်အချိန်ထိ ဖားကန့်ဒေသရဲ့ မူးယစ်ဆေးဝါးဟာ လက်ရှိလောက် မဆိုသေးပါ ။အခုကတော့ မူးယစ်ဆေးဝါးကို အုပ်စုလိုက် ရွာလိုက် အုံနှင့် ကျင်းနှင့် ပွဲဈေးတန်းလို ရောင်းချနေတာကြီးက အကျည်းတန် ရုပ်ဆိုးလွန်းလှသည် ။NLD အစိုးရ လက်ထက်မှာ ကချင်ပြည်နယ်အစိုးရက မူးယစ်ဆေးဝါး ကိစ္စတွေကို တွန်းတွန်းတိုက်တိုက် လုပ်တာ မတွေ့ရပေ ။လျှောက်ပြန်သံပေး လမ်းမပေါ်မှာ မူးယစ်တပ်ဖွဲ့တွေ Check Point လုပ်ပြီး စစ်ဆေးနေတာတော့ မကြာခဏ တွေ့နေရသည် ။မူးယစ်ဆေးဝါးကို ယခင်ကလို သတင်းနှင့် ဖမ်းဆီးတာ မတွေ့ရ တော့ ။
ကချင်ပြည်နယ် မူးယစ်အထူးတပ်ဖွဲ့မှာ ဒေါင်းစတားတို့လို ရဲမှူးတွေ ၊ တပ်ကြပ် ထန်နိင် ၊ တပ်ကြပ် ခင်ဇော် တို့လို့ မူးယစ်ဆေးဝါးကို တကယ်ဖမ်းဆီးနိုင်ပြီး အရာရှိကြီးများ ဖြစ်သွားနိုင်သည့် မူးယစ်တပ်ဖွဲ့ဝင်တွေ နောက်နောင် ပေါ်ပေါက်လာဘို့ဆိုတာ ဖြစ်နိုင်ပါ့မလား လို့တွေးမိသည် ။တကယ်ဖမ်းဆီးသည့် လူတွေ မရှိတော့ ကချင်ပြည်နယ် ဖားကန့်က မူးယစ် ရာဇာများ လက်ခမောင်းခတ်ပြီး မူးယစ်ဆေးဝါး အရောင်းမြှင့်တင်ပွဲများ လုပ်လို့ကောင်းနေကြသည် ။
ဖားကန့်က မူးယစ်ဆေးဝါးကြောင်းပြောရင် ချန်ထားလို့ မရသည် အဖွဲ့တဖွဲ့ရှိသေးသည် ။အဲဒါ ကတော့ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ ပက်ဂျဆန် အဖွဲ့ဖြစ်သည် ။ကချင်လူမျိုးအများစု ပါဝင်သည့် အဖွဲ့ဖြစ်သည် ။ပေါ်လာလိုက် ပျောက်သွားလိုက် ပါ ။ဘာအဖွဲ့တွေ ညာအဖွဲ့တွေ ပေါ်လာပါစေ ကချင်ပြည်နယ် ဖားကန့်က မူးယစ်ဆေးဝါးကတော့ ပန်းပန်လျှက်ပါပဲ ။ထောတဲ့ လူတွေကလည်း ထောမြဲ ထောလျှက်ပါပဲ ။လျှောတဲ့ လူတွေလည်း လျှောမြဲ လျှောလျှက်ပါပဲ ။ကချင်တိုင်းရင်းသားလူမျိုးများအပါအဝင် မျိုးဆက်သစ်လူငယ်အများစုဟာ ဒီမူးယစ်ဆေးဝါး ကို ကျော်ဖြတ်နိုင်ဘို့ အလွန်ခက်ခဲနေအုံးမည် ထင်ပါသည် ။
မူးယစ်ဆေးဝါးတွေ တကယ်လျှော့ချဘို့ဆိုရင် တကယ်ဖမ်းဆီးဘို့ လိုပါသည် ။တကယ်ဖမ်းတဲ့ မူးယစ် အထူးတပ်ဖွဲ့ဝင်တွေ လိုပါသည် ။လိုင်းကြေးယူပြီး အေးရာအေးကြောင်း တာဝန်ကျေယုံလောက် နေတဲ့မူးယစ်တပ်ဖွဲ့ဝင်တွေကို တာဝန်မပေးသင့်ပါ ။ရောင်းဝယ်ဖောက်ကားမှုမှန်သမျှကို ဖမ်းဆီးနိုင်မှ တင်သွင်းမှုတွေဟာ အလိုလို လျှော့ချပြီးသား ဖြစ် ပါမည် ။
လက်ရှိ ဖားကန့်ဒေသရဲ့ မူးယစ်ဆေးဝါးဟာ အစိုးရိမ်ရဆုံး မနေအထားကို ရောက်ရှိနေပြီး မူယစ်လည်းမကယ်နိုင် ၊ ရဲတပ်ရင်းလည်း မဆိုင်သလိုနေ ၊ ရဲတပ်ဖွဲ့ ဘာမှမလုပ်နိုင် ၊ KIA ၊ KIO ကလည်း ဒီအတိုင်း ထိုင်ကြည့်နေတော့ ပြည်သူများရဲ့ဘဝဟာ ကိုယ့်ဘဝကိုယ်ကျောင်းပြီး အဖွဲ့အစည်း အသီးသီးက တောင်းသမျှပိုက်ဆံကို အနိုင်ကျင့်ခံရင်း ပေးနေကျ ယုံမျှပါပဲ ။သက်ဆိုင်သူ အားလုံး သားသမီးချင်းကိုယ်ချင်းစာစိတ်ကလေးများ နှလုံးသွင်းနိုင်ကြပါစေ
crd : panpyoelat