တင့်ကားတပ်ကြီး ကို လက်ဗလာ နဲ့ ရင်ဆိုင် ခဲ့တဲ့ အမည်မသိ သူရဲကောင်း တဦး

တင့်ကားတပ်ကြီး ကို လက်ဗလာ နဲ့ ရင်ဆိုင် ခဲ့တဲ့ အမည်မသိ သူရဲကောင်း တဦး

နှစ် ၁၀၀ အတွင်း အရေးအပါဆုံး လူသား ၁၀၀ ထဲမှာ ဂန္နီတို့နဲ့အတူ အရွေးခံရသူ။ “Time 100: The most influential of the Century” ထဲမှာ အရွေးခံရသူဟာ ဘယ်သူမှန်းကို မသိရတော့ပါ။ လွန်ခဲ့တဲ့ ၃၁ နှစ်က ဇွန်လ ၅ ရက်နေ့မနက် ဒီလိုအချိန်မှာ Times မဂ္ဂဇင်း ရဲ့ ဓာတ်ပုံဆရာ Jeff Widener ဟာ Beijing Hotel ရဲ့ ၆ ထပ်ရှိ သူ့အခန်းရဲ့ လသာဆောင်ကနေ အပြင်ထွက်လာပါတယ်။

အဲ့ဒီနေ့မတိုင်ခင် ဇွန်လ 4 ရက်နေ့ မနက်အစောကြီး မှာ တိန့်ရှောင်ဖိန် ရဲ့အမိန့်နဲ့ Tiananmen ရင်ပြင်မှာရှိတဲ့ ကျောင်းသားနဲ့လူထု များစွာကို တင့်ကားတွေကနေ စက်သေနတ်တွေနဲ့ ပစ်ကာ ရက်ရက်စက်စက်နှိမ်နှင်းခဲ့လို့ လူပေါင်း ရာနဲ့ချီကာ ထောင်ဂဏန်းအထိသေဆုံးခဲ့ပါတယ်။ အားလုံးက တရုတ်စစ်တပ် ရဲ့ ပူပူနွေးနွေး ရက်စက်မှုကို မြင်ထားကြတာမို့ တင့်ကားတွေမြင်ရင် ထွက်ပြေးကြတဲ့အချိန်ပါ။

ဓာတ်ပုံဆရာ Jeff Widener လှမ်းကြည့် လိုက်တော့ တင့်ကားအစီး ပေါင်းများစွာပါတဲ့ တင့်ကားတန်းကြီးဟာ Tiananmen ရင်ပြင်ဘက်ကို ချီတက်လာနေပါတယ်။ အဲ့ဒီအချိန်မှာ ဓာတ်ပုံဆရာ Jeff Widener ဟာ သူ့မျက်စိကိုသူ မယုံနိုင်အောင် ဖြစ်သွားပါတယ်။ အင်္ကျီအဖြူ ဘောင်းဘီ အနက်ဝတ်ထားပြီး လက်နှစ်ဖက်မှာ ဈေးဝယ်တဲ့ အိတ်ကိုင်ထားတဲ့ လူငယ်တစ်ယောက်ဟာ Type 59 တင့်ကားတန်းကြီးရှေ့မှာ ရဲရဲဝံ့ဝံ့ မတ်တပ်ရပ်လိုက်ပါတယ်။

အဲ့ဒီလူငယ်ကို တက်ကြိတ်လုလုအထိ တင့်ကား တန်းကြီးရှေ့ တိုးလာခဲ့ပေမယ့် လူငယ်က မတုန်မလှုပ်ပဲ တင့်ကားတန်းကြီးကို အံတုကာ ရပ်တန့်နေခဲ့ပါတယ်။ အရမ်းနီးကပ်လာချိန်မှာ ထိပ်ဆုံးတင့်ကားက ရပ်တန့်သွားပြီး နောက်က တင့်ကားပေါင်းများစွာကပါ ရပ်တန့် သွားပါတယ်။

ထိပ်ဆုံးတင့်ကားရဲ့ သေနတ်သမားနဲ့ အဲ့ဒီလူငယ်က စကားပြောပါတယ် ပြီးတော့ တင့်ကားပေါ်တွယ် တက်လိုက်ပါတယ်။ တင့်ကားအဖုံးပွင့်သွားပြီး အထဲကနေ ခေါင်းဆောင်ထွက်လာပါတယ်။ သူနဲ့လူငယ်ခဏ စကားပြောပါတယ်။ လူငယ်ကပြန်ဆင်းသွားချိန်မှာ တင့်ကားတွေက ဆက်ထွက်ဖို့ လုပ်ပါတယ်။ လူငယ်က ရဲရဲဝံ့ဝံ့ ပြန်ရပ်နေပြန်ပါတယ်။ ပထမဆုံးတင့်ကားက ရှောင်ဖို့ကွေ့လိုက်ပါတယ်။ သူက တင့်ကားရှေ့ကနေ လိုက်ပြီးမတ်တပ်ရပ်ကာ တားဆီးပြန်ပါတယ်။ နောက်ဆုံးမတော့ တင့်ကားအားလုံးရှေ့မတိုးနိုင်ပဲ ရပ်တန့် သွားပါတော့တယ်။

အဲ့ဒီအခိုက် အတန့်လေးဟာ တရုတ်ပြည်ကြီး ဒီမိုကရေစီ ရဖို့ လက်တစ်လုံးအလိုမှာပါ။ ဖြစ်ချင်တော့ လမ်းဘေးကရပ်နေတဲ့ ပြည်သူတွေက သူနဲ့အတူဝင်မပါပဲ သူ့ကို အတင်းဆွဲခေါ်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် အညတရသူရဲကောင်းဟာ တင့်ကားတပ်ကြီးနဲ့လူတစ်ယောက်ကိုကြောက်အောင်ခြိမ်းခြောက် လို့မရဘူးဆိုတာ ရဲရဲဝံ့ဝံ့ပြသွားပါတယ်။

ဒီဓာတ်ပုံဟာ သတင်းဌာနတွေ မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးပုံ အဖြစ်အသုံးပြုဆုံး ပုံတစ်ပုံ ဖြစ်လာပါတယ်။ သူဘယ်သူလဲဆိုတာ အခုထိ ဘယ်သူမှမသိရပါ။ တစ်ချို့က သူဟာ သေနတ်နဲ့ပစ်ပြီး သေဒဏ်အပေးခံရတဲ့ ဒါဇင်နဲ့ချီတဲ့ကျောင်းသားတွေထဲပါသွားတယ်လို့ ဆိုသလို တစ်ချို့ကလည်း သူရဲကောင်းဟာ အေးဆေးနေတတ်သူလို့ဆိုနေပြန်ပါတယ်။

၁၉၉၀ ခုနှစ်မှာ ကွန်မြူနစ်ပါတီအတွင်းရေးမှုး ကျန်ဇီမင်း ကို အင်တာဗျုးမှာမေးခဲ့ရာမှာ ကျန်ဇီမင်းက အဲ့ဒီလူဘယ်သူလဲဆိုတာ သူမသိဘူး လို့ဆိုပါတယ်။ ကွန်မြူနစ်ပါတီရဲ့ အတွင်းသတင်းတွေအရလည်း သူဘယ်သူလဲဆိုတာ မှတ်တမ်းမှတ်ရာ မရှိပါဘူး။ ဘာပဲပြောပြော လူငယ် တစ်ယောက်ဟာ စစ်တင့်ကားတန်းကြီးနဲ့ တက်ကြိတ်မှာ၊ မနေ့ကတင် ပူပူ နွေးနွေး ရက်ရက်စက်စက်ပစ်သတ်ပြခဲ့တာကို မကြောက်ပဲ ရဲဝံ့စွာ ဆန့်ကျင်ပြခဲ့ပါတယ်။

လက်ထဲမှာ ဈေးဝယ်အိတ်နှစ်အိတ် ကိုကိုင်ထားတဲ့ လူငယ် တစ်ယောက်ဟာ လက်နက်အပြည့်အစုံနဲ့ T59 တင့်ကားတန်းကြီး ကို ရပ်တန့်အောင် ဆန့်ကျင်ပြနိုင်ခဲ့ပါတယ်။ ဘေးကလူအုပ်ကြီကတော့ ရပ်ကြည့်နေခဲ့ပါတယ်။ ကျနော်ကတော့ အဲ့ဒီလူအုပ်ကြီးအကြောင်းကို ဆက်တွေး မိနေပါတယ်။ အဲ့ဒီ့ လူအုပ်ကြီးသာ…

Richard Myo Thant
5-6-2020

Add a Comment

Your email address will not be published. Required fields are marked *

5 × four =