ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်း ကို အပိုင်စား ရတဲ့ ပြာတောင်ရှင်မ နဲ့ နေရာချင်း အလဲ ခံရသူ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်း ကို အပိုင်စား ရတဲ့ ပြာတောင်ရှင်မ နဲ့ နေရာချင်း အလဲ ခံရသူ

သူနာမည်က ဒေါ်အုံးမေ (နာမည်လွှဲ) နှင့် သူ့ခင်ပွန်း ဦးအောင်နိုင် (နာမည်လွှဲ)တို့ သည် ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းက ရွာလေးတစ်ရွာမှာ နေထိုင်ကြပါတယ်။ သူမှာ သား (၁)ယောက်၊ သမီး (၂)ယောက်ရှိတယ်၊ သူတို့သားသမီးတွေအားလုံးက ရန်ကုန်ကိုပြောင်းရွှေ့ပြီးနေကြတယ်။ ဒေါ်အုံးမေနဲ့ သူ့ အမျိုးသားသာ နယ်မှာကျန်ခဲ့တယ်၊

ရွာဓလေ့လေးကို အရင်ပြောပြချင်ပါတယ် ရွာသူရွာသားတွေဟာ ရွာရဲ့အနောက်ဘက်ခြမ်း တော်တော်ဝေးတဲ့ နေရာမှာ ကန်ကြီးတစ်ကန်ရှိတယ်၊ အဲ့ဒီကန်ကို တစ်ရွာလုံးကသောက်ရေအနေနဲ့ ခပ်ပြီးသုံးကြတယ်။ ညနေ လေးနာရီ၊ ငါးနာရီဆိုရင် ရေခပ်ဆင်းကြတယ်၊ သမီးအပျိုရှိတဲ့အိမ်ဆို သမီးအပျိုတွေရေခပ်ကြတယ်၊ သားသမီးမရှိတဲ့ အိမ်ဆို ကိုယ်တိုင်ရေခပ်ဆင်းကြတယ်။

ဇာတ်လမ်းရဲ့အစက အဲ့ဒီမှာစတာ အဲ့ဒီ ဒေါ်အုံးမေဟာ ညနေ (၅)နာရီလောက်မှာ ရေခပ်သွားတယ်၊ လမ်းမှာ သူ့အမျိုးသား နဲ့ သွားတွေ့တယ်၊ သူ့အမျိုးသားက ငါနဲ့တောထဲသွားရအောင် နင်အိမ်ပြန်ပြီး နားကပ်တွေချွတ်ခဲ့ဆိုပြီးပြောတယ်။ သူက လည်း တောက မနက်ကျမှသွားရင်လည်း ရရဲ့သားနဲ့ ဘာလို့အခုသွားမှာလဲမေးတော့ နင်ကလည်း ပြောတဲ့ အတိုင်း လုပ်ပါ ဆိုပြီး ပြောလို့ အိမ်ပြန်လာ နားကပ်ချွတ်ပြီး ပြန်ထွက်လာတယ်၊ သူ့ခင်ပွန်းခေါ်ရာနောက်လိုက်လာရင်းကနေ ငါတို့ရဲ့ ယာတောက ဒီမှာမှမဟုတ်တာဆိုတော့ လျှာမရှည်နဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားတယ်၊ (တကယ်တော့ နတ်က သူ့ခင်ပွန်း ဟန်ဆောင်ပြီး ခေါ်သွားတာလေ။)

အဲ့ဒီမှာ အိမ်ကသူ့ခင်ပွန်းက သူ့မိန်းမပျောက်လို့ လိုက်ရှာတော့ တစ်ရက်လည်းမတွေ့ နှစ်ရက်လည်းမတွေ့တော့ ဒါ မဟုတ်တော့ဘူး ဆိုပြီး နတ်ဆရာနဲ့မေးကြည့်တော့ နတ်လှည့်သွားတာပြောတယ် (နတ်လှည့်တယ်ဆိုတာ နတ်က ခေါ်သွားတာလေ) အဲ့ဒီနတ်ဆရာက အခုခေါ်ရင်တော့ မှီသေးတယ် နည်းနည်းထပ်ကြာရင် သူ့အသက်မရတော့ဘူး ဆိုလို့ တောနင်းရှာကြတယ်၊ လူတွေအားလုံးလည်း တောနင်းရှာကြတယ်၊

တောနင်းရှာတယ်ဆိုတာ လူငယ်အမျိုးသားတွေက ဗုံတွေတီး၊ သံကွင်းတွေတီးပြီး ပြန်လာအောင်နာမည်ခေါ် ရတယ် (ဒါက ကျွန်မတို့နယ်ရဲ့အရင်တုန်းကဓလေ့တစ်ခုပါ) အဲ့ဒီလိုခေါ်ရင် နတ်ကမဝှက်ရဲတော့ဘဲ ပြန်ပို့ပေးတယ်လေ…. သူ့တို့အိမ်မှာ လည်း ညစောင့်အိပ်တဲ့သူတွေက အများကြီးပေါ့ တစ်ညလုံးမအိပ်ဘဲနဲ့ စောင့်ကြည့်ကြတယ်၊ စိတ်ဝင်စားတဲ့သူတွေကော အားလုံး စောင့်ကြည့်နေကြတယ်၊

အိမ်ပေါ်မှာတော့ အမျိုးသမီးတွေ စောင့်အိပ်တယ်၊ အဲ့ဒီအချိန်မှာ ဒေါ်အုံးမေဟာ အိမ်ပေါ်ကိုဘယ်လိုတက်လာလဲမသိဘူး အိမ်ပေါ်ရောက်နေ တယ်။ ခြံထဲကဝင်ပေါက်ကလည်း မဝင်သွားဘူး၊ ခြံပေါက်မှာလည်း စောင့်နေတယ်သူတွေအများကြီး ဘယ်သူမှလည်း မမြင်လိုက်ရဘူး။ ဒါပေမယ့်သူမက အိမ်ပေါ်ရောက်နေပြီ လျှာကြီးထွက်ပြီး မောနေတယ်၊ ရေတောင်းလို့ ရေတိုက်ပြီး သတိလစ်သွားတယ်၊

နောက်သတိရတယ်အခါမှ ပြန်မေးကြည့်တော့ သူခင်ပွန်းနဲ့တူတဲ့ လူနောက်လိုက်သွား ကြောင်း၊ ရေကန် ကြီးရဲ့မနီးမဝေးက အပင်ကြီးမှာနေကြောင်း၊ လူတွေကို သူမြင်ရပေမယ့် လူတွေက သူ့ကိုမမြင်ရကြောင်း၊ သူလိုက်ခေါ်တော့လည်း လူတွေက မသိသလိုလုပ်သွားကြောင်း၊ သူကိုလည်း သူ့ခင်ပွန်းက ဒီမှာပဲသူ့နဲ့အတူနေရန် ပြောကြောင်း၊ ထမင်း ဟင်းများလည်း ကျွေးကြောင်း၊ နောက်ပြီးသူက ပြာတောတောင်ကိုလည်း ပြာတောတောင် ရှင်မအနေနဲ့ သွားရမည်ဖြစ်ကြောင်း၊ သူမက ပြောကြားခဲ့ပါတယ်။

အဲ့ဒီမှာ နတ်ဆရာက သူတောင်းပန်ထားတဲ့အတွက်ကြောင့် ပြန်ပို့ပေးတာဖြစ်ကြောင်း သူတို့က လက်မလွတ် သေးကြောင်း နောက် (၃)နှစ်ကြာလျှင် ပြန်ခေါ်မည်ဖြစ်ကြောင်း၊ နောက်တစ်ခါထပ်ခေါ်ရင် အသက်ကိုနှုတ်ယူမည်ဖြစ်ကြောင်း သူတို့က ပြာတောင်မှာ (၃)နှစ်တစ်ခါ လူစားလဲကြောင်း နတ်ဆရာက ပြောကြားခဲ့တယ်၊ တကယ်လို့ အသက် ရှင်ချင်ရင် ဘုရား၊ တရားမြဲအောင်လုပ်ပြီး အဲ့ဒီ (၃)နှစ်ပြည့်တဲ့နှစ်ကျရင် အစီအမံတွေလုပ်သင့်ကြောင်း ပြောကြားခဲ့တယ်။

အဲ့ဒီလိုနဲ့ ဒေါ်အုံးမေက အရင်အတိုင်းပဲ ပုံမှန်ပြန်ဖြစ်သွားတယ်။ (၃)နှစ်ပြည့်ခါနီးမှာ သူဟာ ပုံစံပြောင်းလာတယ် သာမန်လူ တွေလိုမဟုတ်တော့ဘဲ ….. အိမ်ထဲက အိမ်ပြင်မထွက်တော့ဘူး၊ စိတ်လည်း နည်းနည်းပြောင်းလာတယ်၊ အခြားသူတွေ ကတော့ သူမကို ရူးနေတယ်လို့ထင်ကြတယ်၊ နတ်သီချင်းဆိုချင်ဆိုတယ်၊ ကချင်ကနေတယ်၊ သူ့ခင်ပွန်းလည်း သူ့ကြောင့် အရှက်ရတယ်ဆိုပြီး တိုးတိုးကျိတ်ကျိတ်ကုကြတယ်။

ဒါပေမယ့် တကယ့်ပြည်တဲ့နေ့မှာ သူ့ခင်ပွန်းက မေ့သွားတယ်… ဘာကြောင့်လဲဆိုတော့ သူမကပုံမှန်ပြန်ဖြစ်သွားတယ်။ နေပြန်ကောင်းလာတယ်လေ…. အဲ့ဒီတော့ သူ့ခင်ပွန်းက လုံးဝပျောက်သွားပြီမှတ်တယ် မနက်ဖြန်ပြည့်မယ်နေ့မှာ မပြည့်ခင် ညနေမှာ တစ်နေကုန် သူ့ခင်ပွန်းအတွက် ဟင်းချက်တယ်၊ အဝတ်လျှောက်တယ်၊ အိမ်အလုပ်တွေ အကုန်လုပ်တယ်၊ ပြီးတော့ ဟင်းတွေလည်း အများကြီးဝယ်ထားခဲ့တယ်၊ သူ့ခင်ပွန်းကတော့ သူ့မိန်းမ တော်တော် သဘောကောင်းနေတယ် ဆိုပြီး ဝမ်းသာနေတယ်။

မနက်အစောကြီးကျတော့ သူ့ခင်ပွန်းက သူ့ကိုစောင့်ကြည့်ရတာကောင်းလာပြီထင်ပြီး စိတ်ချလက်ချအိပ်သွားတယ်၊ အဲ့ဒီပြည့်တဲ့နေ့မနက်မှာပဲ သူ့က ဝတ်ကောင်းစားလှတွေဝတ်ပြီး သဘက်တစ်ခု ခေါင်းပေါင်းပေါင်းပြီး မနက် (၄)နာရီ လောက် အိမ်ကထွက်သွားခဲ့တယ်၊ သူ့ခင်ပွန်းနိုးတော့ သူ့မိန်းမကိုမတွေ့လို့ လိုက်ရှာကြတယ်။ နောက်နေ့ ကျမှ တံငါသည် တွေက သူတို့တွေ့လိုက်ကြောင်း၊ ကင်းချောင်းဘက်ကိုသွားကြောင်း သူတို့ငါးဖမ်းနေတုန်း ကြည်နေ့ရင်းနဲ့ ချောင်းထဲကို ခုန်ချသွားကြောင်း တွေ့တဲ့သူတွေက ပြောကြလို့ ကင်းချောင်းကို လိုက်ရှာတော့ ပြောပြောနေ တဲ့ ပြာတောင်နားမှာ သူ့အလောင်းကိုပြန်တွေ့တယ်၊

မြင်မကောင်းအောင် သေနေတယ်၊ မျက်လုံးတွေမရှိတော့ဘူး၊ ဂဏန်းတွေစားသွားလို့ထင်တယ်၊ သူ့အသု ဘရက်လည် အတွက် သူ့သားသမီးတွေက သူ့အသုဘအတွက် နယ်ကိုပြန်လာတော့ သူ့သမီးကိုပူးပြီးပြောတယ်၊ သူအခု ပြာတောင်ရှင်မဖြစ်နေပြီဖြစ်ကြောင်း အဲ့ဒီတောင်မှာ (၃)နှစ်အထိ နေရမည်ဖြစ်ကြောင်း သူအတွက်စိတ်မပူပါနဲ့ဆိုပြီး ဝင်ပူးပြီးပြောသွားတယ်။

(စာရေးသူစကားချပ်) စာမရေးတတ်လို့ ရေးတတ်သလိုရေးသားလိုက်ပါတယ်၊ စာကြမ်းတွေအများကြီး ကျန်သေးတယ်။ တကယ်အမှန်၊ ဖြစ်ရပ်မှန်တွေချည်းပဲ အံ့သြစရာကောင်းလောက်အောင်ကို ကြုံတွေ့ခဲ့ရတာတွေ အများကြီးပါပဲ။ (၃၁) ဘုံမှာ ကျင်လည်ကြတဲ့သူတွေဟာ အများကြီးရှိပါတယ်။ သူတို့ကို ရည်စူးပြီး အလှူလုပ်၊ အမျှဝေပေးကြပါ။ သူတို့ဘဝဟာ တကယ်တမ်းတော့ အရမ်းသနားစရာကောင်းပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာနိုင်ကြပါစေ…….. အဲ့ဒီတုန်းက အဘွားဒေါ်အုန်းမေဟာ ခုဆိုရင် နှစ်ပေါင်း (၁၀)နှစ်ကျော်သွားပြီ ဆိုတော့ ကျွတ်သွားပြီထင်ပါတယ်။ အဘွားကောင်းရာမွန်ရာ ဘုံဘဝကိုထပ်ရောက်နိုင်ပါစေ….

crd : blacker