အသက်မပြည့်သူ မိန်းကလေး အား မိခင် ၏ ဦးလေး နှင့် အဒေါ် ၏ ယောက်ျား မှ အဓမ္မပြုကျင့်

အသက်မပြည့်သူ မိန်းကလေး အား မိခင် ၏ ဦးလေး နှင့် အဒေါ် ၏ ယောက်ျား မှ အဓမ္မပြုကျင့်

သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ နဘဲကွင်းကျေးရွာ အုပ်စုတွင် မိခင်၏ ဦးလေးဖြစ်သူ နှင့် အဒေါ်ဖြစ်သူ၏ ယောက်ျားဖြစ်သူ မှ အသက် ၁၅ နှစ် ကျော် မိန်းကလေးငယ်အား သားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်း လက်ပံတန်းမြို့မရဲစခန်း တာဝန်ရှိသူတဦးထံမှ သိရှိရပါသည်။

ဖြစ်စဉ်မှာ ဇွန်လ ၄ ရက်နေ့ ညတွင် လက်ပံတန်းမြို့၊ နဘဲကွင်း ကျေးရွာအုပ်စုတွင် အသက် ၁၅ နှစ် ၁၀ လ အရွယ် မိန်းကလေးအား မိခင်ဖြစ်သူ နှင့် အဒေါ်ဖြစ်သူ မှ အိမ်ထောင်အတင်းချ ပေးရန် စီစဉ်သည်ကို ဖခင်ဖြစ်သူမှ မကျေနပ် သဖြင့် အရက်သေစာ သောက်စားပြီး အော်ဟစ်သောင်းကျန်းနေ သဖြင့် လက်ပံတန်းမြို့မ ရဲစခန်းသို့ ဆက်သွယ်တိုင်ကြားသဖြင့် နယ်ထိန်းတပ်ဖွဲ့မှ သွားရောက်စဉ် မူးယစ်ယမ်းကားသည့် အကြောင်းအား ရှင်းပြရာမှ မသင်္ကာ၍ အဆိုပါ မိန်းကလေးအား ခေါ်ယူ စစ်ဆေးခဲ့ရာ မိခင်၏ ဦးလေးတော်စပ်သူ မှ ၂ ကြိမ်၊ အဒေါ်၏ ယောက်ျားမှ ၁ ကြိမ် အဓမ္မပြုကျင့် ခံခဲ့ရကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း လက်ပံတန်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒရဲမှူးမျိုးညွန့် ထံမှ သိရသည်။

“ကလေးမအမေ နဲ့ သူ့အဒေါ်က ယောက်ျားအတင်း စီစဉ်တာကို ဖအေဖြစ်သူက ငါ့သမီးလေး အသက်မပြည့်သေးတာ ကို ယောက်ျားအတင်းပေးစားရလား ဆိုပြီး အရက်သောက်ပြီး သောင်းကျန်း လို့ ရဲကိုခေါ်ပြီးဖမ်းခိုင်းတာ ရဲက လာဖမ်းတော့ ရဲကို ငိုယိုပြီး ကလေးကို ယောက်ျားအတင်းပေးစား လို့ သူသောင်းကျန်းတာဖြစ်ကြောင်း ပြောတော့ မှ ရဲက ကလေးမလေး ကို ခေါ်စစ်တော့ သားမယားပြုကျင့်ခံရတဲ့ ကိစ္စပေါ်လာတာ။ အဓိက ကလေးမ အမေနဲ့ အဒေါ်က ဒီကိစ္စကို သိလို့ နွားမရွံ့ပိတ်ပြီး အတင်းရောင်းတဲ့ ပုံစံမျိုး လုပ်တာ အဲဒါကို ဖခင်က မသိတာပါ။” ဟု လက်ပံတန်းမြို့ ဒေသခံတဦးကရှင်းပြသည်။

အသက်မပြည့် သေးသည့် မိန်းကလေး ကို သားမယားပြုကျင့်ခဲ့သည့် အသက် ၃၃ နှစ်အရွယ် တင်ဝင်းလှိုင် (၃၃နှစ်) နှင့် အသက် ၃၂ နှစ်အရွယ် ကျော်ထူး(ခ) ကျော်ဝင်းအောင်တို့ နှစ်ဦးတို့အား မိန်းကလေး၏ ဖခင်ဖြစ်သူမှ တရားလိုပြုလုပ်ကာ လက်ပံတန်းမြို့မရဲစခန်းမှ (ပ)၄၇၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Credit- မြေလတ်အသံ