ကိုဗစ် တိုက်ဖျက်ရေး မှာ အမေရိကန်ကို နောက်ကောက်ချ နိုင်ခဲ့တဲ့ မြန်မာပြည်

ကိုဗစ် တိုက်ဖျက်ရေး မှာ အမေရိကန်ကို နောက်ကောက်ချ နိုင်ခဲ့တဲ့ မြန်မာပြည်

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၂ သန်း နားကို ကပ်လာပါပြီ။ လူဦးရေ အချိုးအစားနဲ့ စိတ်တွက် တွက်ကြည့်တော့ ဒါဟာ လူ ၁၇၅ ယောက်မှာ တယောက်နှုန်းလောက် ဗိုင်းရပ်စ် ကူးစက်ခံထားရပြီ ဆိုတဲ့ သဘောပေါ့။ သေဆုံးတာကလည်း လူ တသိန်း တသောင်း ကျော်ပြီ။

ယူအက်စ်မှာ ပေါ့စ်တစ် လူနာတွေ့တဲ့အခါ “ခင်ဗျား အိမ် မှာပဲ နေပါ၊ ဘယ်မှ မသွားပါနဲ့၊ ကျန်းမာရေး အာမခံ ဆောင်ထားပါ။ အာမခံ မရှိရင် ၂၁၁ ကို ဖုန်းခေါ်ပါ” ဆိုတာ မှာနေကြ စကားပါ။

ပြဿနာက အဲဒီ ပေါ့စ်တစ် လူနာတွေ အားလုံးက ပြန်ပြီး သက်သာမလာမချင်း အိမ်ထဲမှာပဲ အကုန် နေနေကြတာလား ဆိုတာ စောင့်ကြည့် မနေနိုင်တာ၊ စောင့်ကြည့်တဲ့ အစီအစဉ်လည်း ရှိပုံ မပေါ်တာပါ။

ဒီတော့လဲ ကူးစက်ခံရသူ အများစုက အိမ်မှာပဲနေ၊ ဖျားနာလာတဲ့ ဝေဒနာကို ကြိတ်မှိတ်ခံစား၊ အဖျားပျောက်ဆေးလေး သောက်၊ အားရှိမယ် ထင်တာတွေ ရွေးပြီး စားသောက်ရင်း ပြန်လည် သက်သာရတယ်။ အသက်ရှူ အရမ်းကို ကျပ်လာတော့မှ ဆေးရုံကို ပြေးပေါ့။

နက်ဂတစ် ရလဒ် တကြိမ် ပြန်ရပြီ ဆိုတာ နဲ့ “မင်းနေကောင်းသွားပြီ၊ အလုပ်လာပြန်ဆင်းတော့” ဆိုလို့ ပြန်ဆင်းနေရသူတွေ မနည်းမနော။ ဆက်တိုက် ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကြောင့် ဒီကိစ္စကိုလည်း ဇောင်းပေး ပြောမနေနိုင်အားတော့ဘူး။

မနေ့က ကြည့်မိတဲ့ အမေစုရဲ့ လိုက်ဖ်က ဝန်ကြီး ဦးဝင်းမြတ်အေးရဲ့ ပြောစကားထဲမှာ ရွှေပြည်ကြီးမှာ လူ နှစ်သိန်းကျော်လောက်ကို Quarantine ထားပေးခဲ့ရသတဲ့။ လူနှစ်သိန်းကျော်ကို ရက်သတ္တ နှစ်ပတ် သုံးပတ်လောက် တင်ကျွေးရမယ့် ကုန်ကျစရိတ်တွေ အတွက် လှူကြ ကူကြသူတွေလည်း ရှိပေလို့သာပဲ။ နို့မို့ဆို ဒီတိုင်းပြည် မွဲတဲတဲ အတွက် နည်းတဲ့ ဝန်လား။

ပေါ့စ်တစ် တွေ့ပြီဟေ့ ဆိုတာနဲ့ ချက်ချင်း ဆေးရုံမှာ ခေါ်ထားပြီး မပျောက်မချင်း ကုသပေး။ နက်ဂတစ် ရလဒ် နှစ်ကြိမ်တွေ့မှ ဆေးရုံက ဆင်းခိုင်းတဲ့ အပြင် လိုအပ်ရင် နောက်ထပ် Q ပါ ထပ်နေခိုင်း။ လူနည်းနေသေးလို့ အဲဒီလို လုပ်နိုင်တာ ပြောသူ ရှိမယ်။ အဲဒီလို လုပ်နေလို့ လူနည်းတာလို့လည်း တွေးလို့ ရနိုင်တာပဲ။

ကွာရန်တင်းနေရတုန်း မှာ ဘဲဥတလုံး၊ ငံပြာရည်ကြော်နဲ့ပဲမို့ စားရတာ အဆင်မပြေတဲ့ အကြောင်းလေးတွေ ပြောနေတာလည်း ကြားမိတယ်။ မစာမနာ ပြောလိုရင်း မဟုတ်၊ ဒီကာလလေးမှာ အဆင်မပြေတာလေးတွေ နည်းနည်းတော့ ကူပံ့အောင့်အည်း ကြရင်း ရင်ဆိုင်ကြတော့ ပိုမကောင်းလားပေါ့။

ယူအက်စ်မှာ ကူးစက်ခံနေရသူ များပြားနေဆဲ ဖြစ်နေရခြင်းရဲ့ အဓိက အကြောင်းတရားတွေထဲက နောက်တခုက ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အင်မတန် အားနည်းတာပါ။ ဒီမှာက ဘာမှကို ဖြစ်မနေသလိုဘဲ နေချင်စားချင် သွားချင်ကြသူက အရမ်းများတယ်။

ရွေးကောက်ပွဲ နီးလာလို့ နိုင်ငံရေးတွေ ပါနေတာ၊ တကယ်တော့ သူတို့ နိုင်ငံ ဒီလောက်ကြီး ကူးစက်ခံနေရတာ၊ သေဆုံးနေကြရတာ မဟုတ်ဘူးလို့ကို မှတ်ထင်ထားသူတွေမှ မနည်းမနော။ မြန်မာနိုင်ငံကတော့ လစ်ဟာချက် တချို့ ရှိလင့်ကစားတောင် ဒီဘက် ယူအက်စ်ထက်စာရင်တော့ ပြည်သူက ပူးပေါင်း ပါဝင်မှု အားကောင်းတယ်လို့ မြင်ပါတယ်။

တကယ်တော့ စိတ်မသက်သာစရာ၊ စိတ်ညစ်စရာ ဒီလို ကိုဗစ် အကြောင်းကို မရေးချင်လှတော့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရင်ဆိုင်နေရတာ မပြီးသေးဘူး၊ ပေါ့ပေါ့နေလိုက်လို့ မဖြစ်သေးဘူး ဆိုတာတော့ တွေးမိနေစေဖို့ လိုနေအုံးမယ် ထင်တာပဲ။ အားလုံး မဖျားမနာ ကျန်းမာ ဘေးကင်းပါစေ။ အချိန်ကာလ တခု လွန်သွားရင်တော့လည်း ကျွန်တော်တို့တွေ အရင်လို နေခွင့် ပြန်ရကြမှာပါ။

ချစ်ခြင်းမေတ္တာဖြင့်…

ကလိုစေးထူး
ဇွန်လ ၅ ရက်၊ ၂၀၂၀ ခုနှစ်။

Add a Comment

Your email address will not be published. Required fields are marked *

14 − 3 =