ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ မမြင်တွေ့ရနိုင်တဲ့ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီ စနစ် ဆိုတာ…
|ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ မမြင်တွေ့ရနိုင်တဲ့ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီ စနစ် ဆိုတာ…
အမေရိကန် မှာ ဖြစ်နေပျက်နေတာတွေကို မြင်တော့ ဒီမိုကရေစီ ရဲ့ အရသာကို တွေးမိတယ်။ ဒီမိုကရေစီ စနစ်ရဲ့ သဘောမှာ ဒီလိုပဲ အမျိုးစုံရှိနေတာပဲ။ ဆန္ဒထုတ်ဖော်သူ လုယက်သူ အချောင်သမားတွေ တာဝန်သိတတ်သူတွေ ဖက်ဆစ်တွေ မျိုးချစ်တွေ လူသား ဝါဒီတွေ မျိုးစုံပေါ့။
သမ္မတဆိုတာလည်း ပြည့်သူ့ဝန်ကို ထမ်းရတဲ့ ပြည်သူ့အစေခံဆိုတာ ပေါ်လွင်သလို စစ်တပ်အင်စတီကျူးရှင်းကလည်း ဘယ်သူ့ဩဇာခံသက်သက်မှမဟုတ်ဘဲ ကိုယ့် ပရော်ဖက်ရှင်နယ် ရပ်တည်ချက်အပြည့်နဲ့ ရပ်တည်ကြတယ်။ မီးတွေလောင်နေ အဆောက်အဦတွေ ဖျက်ဆီး ခံနေရတဲ့ ကြားထဲက အနင်းခံရတဲ့ လူ့ဂုဏ်သိက္ခာနဲ့ မတရားမှုကို တုန့်ပြန်တွန်းလှန်တဲ့ လူ့မာန လူသားဂုဏ်ရည်ကိုလည်း တစ်ပြိုင်တည်း မြင်နေရပါတယ်။ ဒီမိုကရေစီရဲ့ အရသာ ပါပဲ။
ဒါမျိုးကို တရုတ်ပြည်မကြီးမှာ မမြင်ရနိုင်သလို မြောက်ကိုရီးယား မှာ ရုရှားမှာ မြန်မာမှာ အီရန်မှာ မမြင်ရနိုင်ပါဘူး။ သာမန်နိုင်ငံသားတွေကို အလွယ်တကူ ထိလို့ မရဘူးဆိုတာကို ဖော်ပြနေတဲ့ ပုံရိပ်တွေပါပဲ။ မိမိဦးခေါင်းကို မတ်မတ်ထောင်ထားနိုင်တဲ့ အရပ် ပါပဲ။ အမေရိကန် ဟာ ဒီမိုကရေစီ နဲ့ လွတ်လပ်မှုရဲ့ တန်ဖိုးတွေ အသက်ဝင်နေပြီဆိုတာကို မြင်ရပါတယ်။ အလွန်အကျွံအင်အားသုံးချင်သူတွေရှိပေမဲ့ လုပ်ချင်သလောက်လုပ်လို့မရတာကိုလည်း မြင်ရပါတယ်။ ရုပ်ဝတ္တုပစ္စည်းတွေ ပျက်စီးပေမဲ့ လွတ်လပ်ခွင့် ကိုတန်ဖိုးထားတဲ့ အသက်ဝိညာဉ်ရှိနေသရွေ့ အမေရိကန်ဟာ မကျဆုံးသေးပါဘူး အချင်းချင်း ပြန်လည်ထိန်းညှိတဲ့ အရွေ့တစ်ခုကိုရောက်လာရမှာပဲလို့ မြင်မိတယ်။
အာဏာရှင်နိုင်ငံကြီးတွေကတော့ ပိတ်ဆိုပိတ် တိတ်ဆိုတိတ် အားလုံး ငြိမ်ဝပ်ပိပြားကျိုးကြေလို့ပေါ့။ မြန်မာပြည်က လူ့အခွင့်အရေးကို လှောင်ပြောင်သူတချို့ဟာ အခု အမေရိကန်ဖြစ်နေပုံကိုကြည့်ပြီး လှောင်ပြောင်သရော်ချင်ကြတယ် လက်ရှိကိုယ့်နိုင်ငံမှာ ကိုယ်တိုင် အခွဲခြားခံနေရတဲ့ဘဝ အဖိ နှိပ်ခံနေရတဲ့ ဘဝတွေကို မေ့လို့နေကြတာ အတော်ရယ်စရာကောင်းပါတယ်။
ဒီမိုကရေစီစနစ်ကတော့ ခြေထောက်ရေစို ပါတယ်။ အချုပ်ကား ပြာပြာကြီးတွေလို မိုးလုံလေလုံမဟုတ်ဘူးဆိုတာကိုလည်း သတိချပ်စေချင်ပါတယ်။
Lynn Htet Swe