အမေရိကန် နဲ့ တရုတ် တို့ရဲ့ နိုင်ငံရေး ကျားကွက်ထဲမှာ မြေစာပင် ဖြစ်နေ တဲ့ မြန်မာပြည်

အမေရိကန် နဲ့ တရုတ် တို့ရဲ့ နိုင်ငံရေး ကျားကွက်ထဲမှာ မြေစာပင် ဖြစ်နေ တဲ့ မြန်မာပြည်

အာဏာရှင် အဖြစ် ခြေလှမ်း နေသော ဒေါ်နယ် ထရန့်ကို ဆန့်ကျင်ခြင်းသည် အလိုလို နေရင်း တရုတ် ထောက်ခံသည့် ဘက် ရောက် သွားရသည်။ ထိုသို့ ယူဆလာကြခြင်းမှာလည်း ဒေါ်နယ် ထရန့်အား တရုတ်ကို ဆန့်ကျင် ချေမှုန်း မည့်သူဟု ယူဆလာကြခြင်းကြောင့်ပင် ဖြစ် သည်။ သူရဲကောင်းကြီး အဖြစ် ရှု့မြင်လာ ကြသည်။

တရုတ်သည် ချန်ကေရှိတ် လက်ထက်မှ စ၍ လူ့အခွင့်အရေးကို တသက်လုံးချိုးဖောက်လာ ခဲ့သည့်နိုင်ငံဖြစ်သည်။ မော်စီတုံး၏ မဟာခုန်ပျံ ကျော်လွှား စီမံကိန်း Great Leap ကြောင့် လူပေါင်း သန်းချီ၍ သေဆုံးခဲ့ကြရသည်။ စစ်ပြီးနောက် အမေရိကန် သမ္မတ အဆက် ဆက်သည် တရုတ်ကို လုံးဝ ပြိုကွဲသွားအောင် ထိ မည်သူမျှ မကြံစည်ကြ။ ကိုရီယား စစ်ပွဲ ကာလအတွင်း ‌ဗိုလ်ချုပ်ကြီး မက်အာသာက တရုတ်အား အနုမြူဗူံး ကြဲချဖို့ အကြံပေးလာ ၍ ဝါရှင်တန်သို့ ပြန်ခေါ်ခဲ့ရသည်။

အသို့ဆိုက အဘယ်ကြောင့် တရုတ်ကို လွှတ် ပေးခဲ့ကြ သနည်း။ အနောက်အုပ်စုမှ တရုတ် ပြိုကွဲသွား၍ မဖြစ်၊ ပြိုကွဲသွားမည်ဆိုက တရုတ်ပြည်တွင်း တွင် သူတလူ ငါတမင်း ဖြစ်လာပြီး သန်းပေါင်း ဘီလီယံနှင့် ချီသော တရုတ်ပြည်သူများ အငတ်ငတ် အပြတ်ပြတ် နှင့် ဒုက္ခသည်များအဖြစ် အိမ်နီးချင်းနိုင်ငံ များ၊ ထိုမှတဆင့် ကမ္ဘာနိုင်ငံ အသီးသီး သို့ ရောက်ရှိလာကြတော့မည်ဟု ယူဆခဲ့ကြသည်။

တရုတ်သည်သာ ထိုသို့ဖြစ်က စားနပ်ရိက္ခာ ပေါများကြွယ်ဝသော မြန်မာအား မည်သို့မျှ ချမ်းသာပေးကြမည်မဟုတ်၊ ယူနန် စစ်ဘု ရင်များက ရနိုင်သမျှ ဝင်ရောက်သိမ်းပိုက်ကြ ပေတော့မည်။ အလားတူ ဖြစ်စဉ်မျိုး မြန်မာသည် ၁၉၅၀ ကျော် ကာလများက ကျောကော့အောင် ခံခဲ့ ကြရပြီး ဖြစ်သည်။ အသက်သွေးချွေးမြောက် များစွာ ရင်းပြီး တရုတ်ဖြူ ကျုးကျော်လာသူ များကို တိုက်ထုတ်ခဲ့ကြရပြီး ဖြစ်သည် မဟုတ်ပါလား။

ထို့သို့သော ဘူမိနိုင်ငံရေး အနေအထားကြောင့် အနောက်နိုင်ငံများက တရုတ် ကို မချစ်သော်လည်း အောင့်ကာနမ်းခဲ့ကြသည်။ နောက်တချက်က တရုတ်သည် ဆိုဗီယက် လို မဟုတ်ပဲ ကွန်မြူနစ်ဝါဒ ကို ကမ္ဘာအနှံ့တင်ပို့ရန် မကြိုးစားခဲ့သောကြောင့်လည်း ဖြစ်သည်။ ထို့အတွက် တရုတ်အား ဆန့်ကျင်ပြီး ကွန်မြူနစ်ပါတီ ပြိုကွဲအောင် ကြံဆောင် ပါက မိမိတို့သာ ဒုက္ခရောက်ဖို့ ရှိသည်ကို ကောင်းစွာသိမြင်လာကြသည်။

ထို့အတွက် တရုတ်၏ အလွန် အကျွံ လုပ်ရပ် များကို ထိန်းကျောင်းပေးရင်း carrot & stick မူဝါဒ ကို ကျင့်သုံးပြီး ၎င်းတို့၏ ဈေး ကွက်များ ချဲ့ထွင်နိုင်ရေး အတွက် လူလတ် တန်းစား နိုင်ငံ ဖြစ်လာအောင် မျှော်မှန်းလုပ် ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဆိုကာ သမ္မတ နစ်ဆင် က ဆက်ဆံရေး ပုံမှန် ဖြစ်အောင် ကြိုးပမ်းလာ ခဲ့သည်။

နှစ်ဦးနှစ်ဖက် အကျိုးရှိရေး ‌ဆိုသည်မှာလည်း တရုတ်နှင့် ဝန်းရံပြီး ဆိုဗီယက်ကို ထိန်းချုပ် နိုင်ရေးပင် ဖြစ်သည်။ ထို့အတွက် ဗီတိုအာဏာ ကိုင်စွဲနိုင်သော တိုင်ဝမ်အား ကုလသမဂ္ဂ မှ ထုတ်ပယ်ပြီး ကွန်မြူနစ် တရုတ်ပြည်ကို ကုလသမဂ္ဂ အဖွဲ့ဝင် အဖြစ် ၁၉၇၁ မှ စ၍ နေရာပေးလာခဲ့ကြသည်။

ဒေါ်နယ်ထရန့် ကတော့ ၎င်းအား လူထုထောက်ခံမှု ရပြီး နောက်တကြိမ် ပြန်အရွေး ခံနိုင်ရေး အတွက် အမေရိကန် အလယ်ပိုင်း ရှိ အလုပ်သမား များ၏ မကျေနပ်မှုများကို ကောင်းကောင်းကြီး အသုံးချရကောင်းမှန်း သိလာပြီး တရုတ်ဆန့်ကျင်ရေးများကို အသားပေးလုပ်ဆောင်လာ ခဲ့သည်။ ထိုသို့ လုပ်ရန်လည်း မြှောက်ပေးနေသူများ ရှိနေ ကြသည်။

ထရန့် သမ္မတ ရာထူး ယူစဉ်ကပင် ရှီကျင့်ဖျင် အား လေးစားကြောင်း ထုတ်ဖေါ်ချီးကြူးခဲ့သူ ဖြစ်သည့်အပြင် ဝူဟန်တွင် ကော်ရိုနာဗိုင်းရပ်အကြီးအကျယ် ကူးစက်နေချိန်တွင်ပင် ရှီ ကျင့်ဖျင်၏ ကိုင်တွယ်ပုံကို ချီးကြူးခဲ့ပြန်သည်။ တရုတ် အစိုးရပိုင် Bank of China အား ဒေါ်နယ် ထရန့်မှ ဒေါ်လာ ၂၁၁ သန်းအား ၂၀၂၀ မတိုင်မီ ပြန်ဆပ်ရဖို့ ရှိနေပြန်သည်။ ဤသည်က သိထားသည်များသာ ဖြစ်ပြီး ထရန့်၏ ဝင်ငွေခွန်ကြေငြာလွှာကို တရားဝင် ထုတ်ပြန်ချင်း မရှိသည့်အတွက် နောက်ထပ် မည်မျှကြွေးတင်နေမည်ကိုလည်း မသိနိုင်ပေ။

အမေရိကန် အပေါ် တရုတ်မှ ဒေါ်လာ ၁.၁ တြီလီယံ ကြွေးတင်နေပြီး အချိန်မရွေး ပြန် တောင်းနိုင်သည့် အန္တရာယ်လည်း ရှိနေပြန် သည်။ ကမ္ဘာနိုင်ငံရေး ဇာတ်ခုံကြီးပေါ်တွင် ထရန့်၊ ပူတင်၊ ရှီကျင့်ဖင်တို့သာ ကြီးစိုးနေမည်ဆိုက လစ်ဘရယ် ဒီမိုကရေစီ ပင် တဖြေး‌ဖြေး နေဝင်သွားဖို့ရှိသည်။

အာရှ နှင့်အာဖရိကတွင် စစ်အာဏာရှင်များ ပြန်လည် ခေါင်းထောင် လာကြပေမည်။ မကြာသေးခင်ကမှ မြောက် ကိုရီယား သည် အမေရိကန်တို့ နေဝင်သွားပြီ ဟုပင် ဝမ်းပန်းတသာ ကြွေးကျော်လာခဲ့သည် မဟုတ်ပါလော။ မြန်မာ ဒီမိုကရေစီ အရေး အတွက် အမေရိကန် တို့၏ လစ်ဘရယ် ဒီမိုကရေစီ ဝါဒဖြင့် ဦးဆောင်မှု ပေးနိုင်သော ရင့်ကျက်သည့် ခေါင်းဆောင်မှု လိုအပ်နေသည်။

အိုဘာမား က မြန်မာဒီမိုကရေစီ အရေး အတွက် အား ပေးအားမြှောက်ပြုခဲ့သည်မှာ အထင်အရှား ဖြစ်သည်။ နိုင်ငံ ခေါင်းဆောင်များကိုလည်း တလေးတစားဖြင့် အိမ်ဖြူတော်သို့ ဖိတ်ကြားခဲ့သည်။ ကိုယ်တိုင်လည်း လည်ပတ်ခဲ့သည်။ ဤသည်ကလည်း လိမ္မာပါးနပ်စွာဖြင့် တရုတ် အား တဖက်မှ engagement policy ဖြင့်၎င်း၊ တဖက်မှလည်း ဝိုင်းပတ်ထိန်းချုပ်နိုင်ရေး ဆိုသည့် containment policy ဖြင့်၎င်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကုန်သွယ်ရေးတွင်လည်း တရုတ်ကို ဖယ်ထုတ်ပြီး အာရှနိုင်ငံများနှင့် ပစိဖိတ် ဖြတ်ကျော် ကုန်သွယ်စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

ထရန့်ကတော့ အာဏာရလျှင် ရခြင်း မှာပင် အဆိုပါစာချုပ်ကို အမှိုက်ပုံးထဲ ပြစ်ထည့်ပြီလူပိန်းကြိုက် ကုန်သွယ်ခွန်ကို တိုးမြှင့်လိုက် ပြီး ကုန်သွယ်ရေး စစ်ပွဲကြီးကို စတင်လိုက် သည်။ ထရန့်အဖို့က မြန်မာဒီမိုကရေစီ အရေးအား ထောက်ခံဖို့နေနေသာသာ မိမိတို့၏ ခေါင်း ဆောင်အား အသိအမှတ် ပြုသည့် အနေဖြင့် ဖုန်းတောင် ဆက်ဖူးခဲ့သူ မဟုတ်ပေ။ မြန်မာ ပြည် ဘယ်နေရာတွင် ရှိသည်ကိုပင် ဘေးလူ ထောက်မပေးက သိနိုင်မည့်လူမျိုး မဟုတ်။

မိမိတို့ နိုင်ငံ အရေးကို ထည့်သွင်းစဉ်းစားမည်ဆိုက ထရန့်၏ တရုတ်အား ထိုးနှက်နေခြင်းသည် မြန်မာ ဒီမိုကရေစီ အရေး အတွက် ရေရှည်တွင် မည်သို့မျှ အကျိုးမပြူပဲ ဒေသတွင်း တင်းမာမှုများ မြင့်တက်လာဖို့သာ ရှိသည်။ နိုင်ငံဖွံ့ဖြိုးရေး အတွက်လည်း နှောင့်နှေးလာနိုင်သည်။

စစ်ဖြစ်ကြမည်ဆိုက တရုတ် ဒုက္ခ သည်များ ပြည်တွင်းသို့ သန်းနှင့်ချီ၍ ဝင်ရောက်လာ နိုင်သည်။ တရုတ်ကို ကြောက်နေစရာလည်းမလို၊ မြန်မာ အနေဖြင့် လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်ဖို့သာ လိုပေသည်။ ဤသည်ကို နိုင်ငံတော် အတိုင် ပင်ခံ၏ လုပ်ရပ်များက သက်သေခံနေပေသည်။ တရုတ်အား ရှဥ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ပုံစံမျိုးဖြင့် နိုင်ငံ၏ အကျိုး စီးပွားကို ထိခိုက်မှု မရှိလေအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည်။

တရုတ်ကလည်း မြန်မာကို ပြန်လည် ထိန်း ထားနိုင်ရန် ပြည်တွင်း သောင်းကျန်းမှုကို ဆက်လက် ရှိနေစေရေး လုပ်ဆောင် မည်လည်း ဖြစ်သည်။ ထိုအရေးကို ဖြေရှင်းနိုင်ဖို့ က မိမိတို့ နိုင်ငံအတွင်း စည်းလုံးညီညွတ်စွာ ဖြင့် ဖက်ဒရယ် ဒီမိုကရေစီကို ခိုင်မာစွာ တည်ဆောက်နိုင်မှ ဖြစ်ပေမည်။

အချုပ်အားဖြင့် ဆိုရက တရုတ် ပြည်တွင်းရေး မတည်မငြိမ် ဖြစ် လာပါက ရှေးဦးစွာ ထိခိုက် မည့် နိုင်ငံက မိမိတို့ နိုင်ငံသာ ဖြစ်ပေလိမ့် မည်ဆိုသည်ကို အမျှော်အမြင်ကြီးစွာဖြင့် သိထားရန်လိုပေသည်။ တရုတ်ကတော့ အင်အားကြီးနိုင်ငံ ဖြစ်လာ သည်နှင့်အမျှ ငြိမ်ကုပ် မနေတော့ပဲ ကမ္ဘာ ဇာတ်ခုံတွင် ၎င်း နှင့် ထိုက်တန်သည့် ‌နေရာ ကို မရမက ယူပေတော့မည်။ ထိုအရေးကို လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်ဖို့ က ထရန့်အား မည်သို့မျှ အားကိုး၍ မရပေ။

(မှတ်ချက်- မိမိ၏ သဘောထား သက်သက် သာ ဖြစ်သည်)

လှစိုးဝေ

Add a Comment

Your email address will not be published. Required fields are marked *

ten + 9 =