တက္ကစီ ကားပိုင်ရှင် ပြောပြ လာတဲ့ YBS (၄၀) ယာဉ်တိုက်မှု မှာ ဆုံးပါးသွားတဲ့ ယာဉ်မောင်းလေး ရဲ့ ဘဝ

တက္ကစီ ကားပိုင်ရှင် ပြောပြ လာတဲ့ YBS (၄၀) ယာဉ်တိုက်မှု မှာ ဆုံးပါးသွားတဲ့ ယာဉ်မောင်းလေး ရဲ့ ဘဝ

ကျနော်တို့ ကံကောင်းပါရစေ…

ကျနော်စာမရေးဖြစ်တာကြာပြီ။ Covid 19 ကပ်ရောဂါကြောင့် ကျနော်တို့မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာနှင့်အဝှမ်း စိတ်မချမ်းမြေ့ဘွယ်ရာဖြစ်နေကြချိန် စာရေးချင်စိတ်မရှိဖြစ်နေတာ။ ကျနော့စာဖတ်ပီးရင်လည်း အသိမိတ်ဆွေတွေကဝမ်းနည်းကြေကွဲရကြောင်း ပြန်ကြားရတော့ရေးချင်ပေမဲ့ မရေးဖြစ်ခဲ့ပါဘူး။ အခုတော့ ရေးရပါပြီ။ ဘာကြောင့်လဲ ဆိုတော့ လွန်ခဲ့တဲ့ သုံးလေးရက်က ရန်ကုန်မြို့ ဆင်မလိုက်အနီး ဘူရင့်နောင်လမ်းမကြီးပေါ မှာ YBS 40 Bus နဲ့ တိုက်မိပြီး လူ ၃ ဥိးသေဆုံးခဲ့ရတဲ့ Taxi FF-2574 ပိုင်ရှင်ဟာ ကျနော်ဖြစ်နေ ခဲ့လို့ပါဘဲ။ ကျနော် ယူကြုံးမရ နှမြောဝမ်းနည်း စွာဖြင့်ဘဲ ဒီစာကိုရေးရပါတော့မယ်။

မှတ်မှတ် ရရ ဇွန်လ ၂ ရက်နေ့ မနက် ၇ နာရီကျော်လောက် မှာ ကျနော်အိမ်ဖုန်းမှာ call ထဝင်လာပါတယ်။ ကျနော်အိပ်ယာဝင် နောက်ကျတော့ မထချင်ထချင် နဲ့ အိပ်ယာကထ ဖုန်းကို သွားကိုင်လိုက်တော့ လူတစ်ယောက် နာမည်ပြောပါတယ်။ ကျနော်သိတဲ့ နာမည်မဟုတ်တော့ ဖုန်းမှားနေတယ်ပြောပီး ချက်ချင်း ဖုန်းချပစ်လိုက်ပါတယ်။ ကျနော်အိပ်ယာနား မရောက်မီ ဖုန်းထပ်ဝင်လာပြန်တယ်။ ဖုန်းကောက်ကိုင်လိုက်တာ နဲ့ဘဲ တဘက်ကအသံရှင်က “FF 2574 ကားသိလား”တဲ့…

ကျနော့် ကားနံပါတ်တွေ သိတာပေါ့ “ဟုတ်ပါတယ် ကျနော့ကားပါ” အခု မနက် “အဲဒီကား ယာဉ်တိုက်မှုဖြစ်လို့ပါ” လို့တဘက်ကပြောလိုက်တော့… ကျနော် အိပ်ချင်စိတ်ပျောက်သွားပါပီ… ကျနော် ချက်ချင်းဘဲ တဘက်ကို “ကျနော့်ယာဉ်မောင်း နဲ့ စကားပြောချင် ပါတယ်” လည်းပြော လိုက်ချိန်… “ယာဉ်မောင်း ဆုံးသွားပါပီ” ကျနော် ရဲ့အသိစိတ်တွေ ဝေးဝါးသွားပါပီ။ ကျနော် ကိုင်ထားတဲ့ဖုန်းကို လက်နှစ်ဘက် နဲ့ ကျစ်ကျစ်ပါအောင်ဆုပ်ပီး စကားပြန်မပြောနိုင်အောင် တစ်ကိုယ်လုံးတုန်ရီနေပီ။ ကျနော် နောက်ဆုံးကြားလိုက်တာကတော့ ရဲအုပ် ကသူ့ရာထူးနဲ့နာမည်ပြောပီး လှည်းတန်း ယာဉ်ထိန်းစခန်းကို လာရောက်ဆက်သွယ်ဘို့ပါဘဲ။

ကျနော့သားလေးက နိုးလာပီး… “ဒယ်ဒယ် ဘာဖြစ်တာလဲ” လို့မေးလာချိန် သားရေ အိမ်ကကား accident ဖြစ်လို့တဲ့ ယာဉ်မောင်း မောင်ကျော်ဇော်လည်း ဆုံးသွားရှာပြီ။ ​သားလည်း ခဏငြိမ်သွားတယ်။ ဝမ်းနည်းကြေကွဲတဲ့ အသံနဲ့ အဖေကိုနှစ်သိမ့်ရှာတယ်။ အဖေ တစ်ခု သားတစ်ခုဘဝမှာ အားပေးနှစ်သိမ့်ပေးဖို့လူ အနားမှာ ရှားမှ ရှားဘဲလေ။ “ဒယ်ဒယ် ဖုန်းသတင်း ဆိုတော့ အမှန်လို့ပြောမရနိုင်ဘူး ။ ရဲစခန်းလိုက်ပီး confirm လုပ်ရအုံး မှာလေ” “အေးပါ သားရယ်။ ကော်ဖီ တစ်ခွက်ပူပူလေး လုပ်ပေးပါ” ကျန်ာမျက်နှာသစ် ကော်ဖီကို ကမန်းကတန်းသောက်ပီး ကားစက်နိုးထွက်တော့ သားမျက်နှာငယ် နဲ့ ကျန်ခဲ့တယ်။ လမ်းမှာ ဂရုတစိုက်မောင်းသွား ဘို့လည်း စိုရိမ်ကြီးစွာမှာရှာတယ်။ လမ်းမှာတော့ ဆုတောင်းမိပါသေးတယ်။ သားပြောသလိုသတင်းအမှားဖြစ်ပါစေပေါ့။

ဒါပေမဲ့ ဆုတောင်း မပြည့်ခဲ့ပါဘူး။ တာဝန်ကျ ရဲအုပ်ကို ဝင်တွေ့တော့ ကျနော့်ကား နဲ့ပါတ်သက်တဲ့ စာရွက်စာတမ်းတွေထုတ်ပြပီး ယာဉ်မောင်းနာမည် ကိုမေး၊ အတည်ပြုပါတယ်။ ကျနော် ဝမ်းနည်းစွာဖြင့်ရဲအုပ် သိလိုသမျှ မေးသမျှဖြေပီး ကျနော့ကားနဲ့ ယာဉ်မောင်း ကိုမေးတော့။ အားလုံး သယ်ယူသွားကြပါပြီတဲ့။ ကားကို ကရိန်းနဲဆွဲပီး ယာဉ်မောင်း နဲ့အတူ ခရီးသည် ၂ ဦးပါပေါင်း ၃ ဦးဆုံးကြောင်း သိလိုက်ရပါတော့တယ်။ ဆိုးရွားလွန်းတဲ့ ဖြစ်စဉ်ပါဘဲ။

တကယ်တော့ ကျနာ့် ယာဉ်မောင်းလေးဟာ ရိုးသားလွန်းတဲ့ သစ္စာရှိတဲ့ လူကောင်း တစ်ယောက်ပါ။ သူ့တတ်ကျွမ်းတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုပီး မိသားစုကို လုပ်ကျွေးနေရသူပါ။ ကျနော်နဲ့ လက်တွဲလာတာ ၂ နှစ်နီးပါးရှိပါပီ။ ကျနော့မိသားစုနဲ့ပါ ရင်းနီး ခင်မင်နေပါပီ။ အခုလို ခေတ်ကြပ်ကြီး မှာ ယာဉ်မောင်း နဲ့ ယာဉ်ပိုင်ရှင်အဆင်ပြေကြ သင့်တင့်ကြတယ်ဆိုတာ အတော်ရှားနေပါပီ။

သားက ကျနော်တို့ စီးပွါးရေးကို စိတ်မဝင်စားသလိုရှိပေမဲ့ ဒယ်ဒယ့် ယာဉ်မောင်းတွေထဲ့မှာ သားသဘောကျတဲ့ ကောင်းတဲ့သူနှစ်ယောက်ဘဲ ရှိတယ်တဲ့ ။ ကိုကြီးကျော်ဇော နဲ့နောက်တစ်ယောက် ဦးကြည်ဝင်းဆိုတဲ့ ဦးလေးကြီးတဲ့။ ကြာပါပြီ။ ဦးကြည်ဝင်းက သားဆယ်တန်းလောက်ကတည်းက မောင်းခဲ့တဲ့ ယာဉ်မောင်း တစ်ဦးပါ။ သားဘဲ ဆရာဝန်ဖြစ်တော့မယ်။ ယာဉ်မောင်းပေါင်း မြောက်များစွာထဲက မောင်ကျော်ဇော် ကို သူအသိအမှတ်ပြုပေးတယ်။ တကယ်လည်း သဘောကျစရာကိုး။

ကျနော်က စစ်သားပီပီ တခါတရံအပြောကြမ်းတယ်။ တဘက်သား နားဝင်မချိုဘူး။ မောင်ကျော်ဇော် ကလည်း အညာသားပီပီ ဒဲ့ဘဲ။ “ဆရာ မကြိုက်ရင် ကားပြန်သိမ်းလေ” တဲ့ “ကျနော်က ကားဘဲ မောင်းစားတတ်တာ။ ဆရာ့ ကားမရှိရင် အခြားကား ရှာမောင်း ရမှာဘဲ” သူ့အပြော။ အော် ကျနော် စစ်သားလူထွက် ပင်စင်စား ဘာလုပ် တတ်တာမှတ်လို့။ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ ဒီအလုပ်ကို တသက်လုံး လုပ်စားမဲ့သူ။ ဒီလို အလုပ်ကိုစွဲမြဲစွာ ရိုးရိုးသားသား လုပ်မဲ့သူ ကျနော် ဘယ်မှာရှာရနိုင်မှာလဲ။ သူတင်နိုင်သမျှ ကားစပေါ်လက်ခံပီး သူ့နှစ်သက်ရာ ကားကို ဦးစားပေးခဲ့တာပါဘဲ။ သူက ပုဂံညောင်ဦး ကျနော်က ပခုက္ကူ။ အညာသား သံယောစဉ်လည်းပါမှာပေါ့လေ။

မဆုံးမီရက် ည ၈ နာရီလောက် အိမ်ရောက် လာခဲ့တယ်။ ၁၀ ရက်တခါ အုံနာကြေး လာပေးတာ။ သူလာရင် မနက်စောစော ဖြစ်ရင်ဖြစ် မဖြစ်ရင် ညနေ မိုးချုပ်ဘဲ။ တခါတရံ ကလေးနဲ့သူ့ဇနီး ခေါ်လာတတ်ပါတယ်။ ညကြီးမိုးချုပ်ခေါ်လာရင် ဆူရတယ်။ မင်းအခုပြန်ပို့ ဘာဖြစ်လို့ ကလေးတွေ လျှောက်ခေါ်နေတာ ရတာလဲ ပြောရတယ်။ အဲဒီနေ့က အိမ်ပေါ် တက်လာတယ်။ အုံနာကြေး ပိုက်ဆံ ကျနော့ရှေ့မှာ သူရေပေးတယ်။ ကိုဗစ် ကာလမှာ သူကိုယ်တိုင် ရေပေးတယ်။ ခရီးသည်ပေါင်းစုံ ဆီက ပိုက်ဆံဖြစ်လို့ ကျနာ့်ကိုပေးမရေစေဘူး။ ပီးစားပွဲပေါ် တင်ပီး ပိုက်ဆံ ကို ပိုသတ်ဆေးဖြန်သေးတယ်။

သူမရဲတရဲ နဲ့ မျက်နှာအောက်ငုံ့ပီးပြောရှာတယ်။ “ဆရာ အားတော့နာပါတယ် ။စကားပြောစရာ ရှိလို့ပါ” “ပြော,,, မောင်ကျော်ဇော” ဆိုတော့ “ကျနော် အိမ်ငှားခ ပေးဘို့ လိုနေလို့ ကားစပေါ်ထဲက တစ်သိန်းလောက် ပြန်ထုတ်ပေးဘို့ပါ” ကျနော် ခဏစဉ်းစားတယ်။ ဒီ ကိုဗစ် ကာလ မှာရော အခြား သင်္ကြန်လို ရုံးပိတ်ရက်ရှည်တွေမှာရော တခါမှ ရက်မပျက်ခဲ့ဘူ။ သူ့ဘာသာ ကားမထွက်ချင်သာနေမယ် အုံနာခ မပျက်စေရဘူး။ ကားဆွဲမကောင်းဘူး လို့လည်း တခါမှ မငြီးငြူဘူး။ ကျနော်က ၀တ္ထရားအတိုင်း ကားဆွဲရတာ အဆင်ပြေလားလို့မေးရင် ဖေါက်သည်ရှိလို့ အဆင်ပြေပါတယ် ဆရာဘဲ။

မှတ်မိတာကတော့ သူ့ရဲ့ သားလေးမွေးတဲ့အချိန် သုံးလေးရက်ဘဲ ပျက်ဘူးတယ်။ ဒါကျနော်က အနားခိုင်းလို့။ ကလေးမီးဖွားချိန် ဇနီးအနားနေဘို့ တိုက်တွန်းလို့။ သူ့အလုပ်ရှင်ဘက် ကို အမြဲတွေးတတ်သူပါ။ အခွင့်အရေးမယူ ၊တာဝန်သိသူပါ။ “အေးလေ မောင်ကျော်ဇော လိုနေတာ ဆရာ ထုတ်ပေးမှာပေါ့” တဆက်တည်း ကျနော်က “ထုံးစံအရတော့ ကားစပေါ်ပြည့်အောင်ပြန်တင်ပေးရမယ်” ဆိုတော့… သူအားရဝမ်းသာစွာနဲ့… “ဆရာရယ် ကျေးဇူးတင်ပါတယ်။ တလတစ် တစ်သောင်းလောက် ခွဲပီး ပြည့်အောင်ဆပ်သွားပါ့မယ်” တဲ့ ကျနော် အခင်းဖြစ်တဲ့နေ့ ၉ နာရီခွဲမှာ တွေ့ဘို့ချိန်းခဲ့တာပါ။ သူ့အကူအညီတောင်းတဲ့ ငွေတစ်သိန်း ပေးမှာလေ။ သူလောကကြီးကနေ ၆ နာရီကျော်ခန့်မှာ ပြင်းထန်ဆိုးရွားလွန်တဲ့ဝေဒနာကို မချိမဆန်ခံစားပီးထွက်ခွါသွားရှာပီ။

နောက်ဆုံး အခွင့်အရေးတောင်းသွားရှာတဲ့ ချစ်တပည့်ဆန္ဒ မဖြည့်ဆည်းပေးလိုက်ရတာ ဝမ်းနည်းလို့မဆုံပါဘူး။ မျက်နှာငယ်နဲ့ကျန်ခဲ့ရှာတဲ့ဇနီးငယ်လေးနဲ့ ဥမမယ်စာမမြောက် ကလေးနှစ်ယောက်နေရေး၊ စားရေး စိတ်ဖြောင့်ပါမလား။ တမလွန်ကနေ တွေးပူနေရှာလေမလား။ ဝမ်းနည်းတယ် တပည့်ရေ။ ဒီလိုအပြစ်မဲ့တဲ့ လူကောင်းတွေ၊ တိုင်းပြည်ရဲ့ချမှတ်တဲ့ တည်မြဲ့အမိန့်နဲ့စည်းကမ်းလိုက်နာ၊ တရားဥပဒေဘောင်အတွင်းကသာ နေထိုင်လုပ်ကိုင်စားသောက်ကြတဲ့ အပြစ်မဲ့ပြည်သူတွေဘဝ စည်းကမ်းမဲ့သူ၊လောဘဒေါသနဲ့မောဟ များတဲ့ လူရမ်းကားအချို့တွေကြောင့် ထိခိုက်ပျက်စီးရတာ ဘယ်သူကို အပြစ်ပြောရမလဲ။ ကံကြမ္မာကိုဘဲ ယိုးမယ်ဖွဲ့ရတော့မှာလား။

ကျနော်ကား၊ ယာဉ်မောင်း နဲ့အတူ မချိမဆန့်၊ ရုပ်ပျက်ဆင်းပျက် နာကြင်စွာ ထိခိုက်ဆုံးပါးခဲ့ရတဲ့ မောင်နှမကရော… တာဝန်ကျရဲအုပ်က ပထမသတင်းအတိအကျ မသိပါဘူး။ ခရီးသည် ၂ ဦး အမျိုးသားနဲ့အမျိုးသမီးလောက်ဘဲ သိတာပါ။ နောက်နေနဲနဲမြင့်မှ Dead body ဆေးရုံကြီးက ယူဘို့သေဆုံးစာရင်းထောက်ခံချက်လာယူတဲ့ ဆင်းရဲနွမ်းပါးတဲ့ အဖိုးကြီး။ သူ့သမီးနဲ့သားပါလို့ ပြောပီး မှတ်ပုံတင်အသစ်လေးတွေ ကိုင်ပြမှ ။ အော်ဖြစ်ရလေ… ကျနော် ဘာပြောရမှန်းမသိတော့ပါ။ ကျနော့်က taxi ပိုင်ရှင်ပါလို့ပြောလိုက်တော့ မျက်ရေတွေ ပိုးပိုးပေါက်ပေါက်ကျပီး “ကျနော့သားလေး နဲ့သမီးလေးက မိဘကိုလုပ်ကျွေးနေကြတာပါဗျာ” “သူတို့အမေက ရောဂါသည် အခုအိမ်မှာ မနေဘူး၊ သူပါ လိုက်သေမယ်ဖြစ်နေတယ်” “ကျနော်တို့ မိအိုဖအိုကြီးတွေ ဒုက္ခရောက်ပါပီ”

ကျနော့ ရင်ထဲမှာမချိဘူး။ ဘယ်လိုနှစ်သိမ့်ရမှာလဲ။ “ဦးရယ် ကျနော့ယာဉ်မောင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်းမောင်းတတ်တဲ့ သူပါ။ ‌သောက်စားပျော်ပါးတတ်တဲ့သူလည်း မဟုတ်ပါဘူး” “ဟုတ်ပါတယ်။ အိမ်ကကလေးတွေက စီးနေကျ ငှားနေကျကား ရင်းနီးနေကြသူတွေပါ၊ တဘက်ကားက ရိုင်းရိုင်း စိုင်းစိုင်း ရက်ရက်စက်စက် လာတိုက်လို့ ဖြစ်တာပါ” တဲ့… အခုတော့ ငယ်ရွယ်နုပျို ကျန်းမာသန်စွမ်းတဲ့အချိန်မှာ ဥပစ္ဆေဒကံဆိုတဲ့ အဖြဝ်ဆိုးကြီးကို တပြိုင်တည်းတချိန်တည်းခံလိုက်ကြရရှာပီ။ ရင်သွေးနှစ်ဦးတပြိုင်တည်းအဖြစ်ဆီုးကြုံရတဲ့ မိဘနေရာ ဝင်ခံစားလို့ရနိုင်ပါ့မလားဗျာ။

ကျနော် စာရေးနေချိန်မှာ ကျနော်ကားလေးလည်း ကားသင်္ချိုင်းကို ရောက်နေပါပြီ။ သွားလည်းမကြည့်ချင်တော့ပါဘူး။ ဒီကားလေးက ကျနောရဲ့ သွားလေသူချစ်ဇနီး အမြတ်တနိုးဝယ်ထား ခဲ့တဲ့ကားပါ။ Probox taxi တွေရောင်းပီး fielder taxi ကားတွေနဲ့ အစားထိုးတော့ ဒီကားကို ပထမဆုံး ဝယ်ခဲ့တာပါ။ ကျန်တဲ့ကားတွေသာ အလဲအထပ်၊ အရောင်းအဝယ်လုပ်မယ်။ သူ့ထားခဲ့တဲ့ကားကို ဒီအတိုင်းဘဲ ရှိစေချင်လို့ လာဝယ်သူတိုင်းကို ငြင်းခဲ့တာပါ။ အခုတော့ ကားရယ်လို့ပြောဘို့ခက်လောက်အောင် စုတ်ပြတ် ကြေမွပျက်စီးသွားခဲ့ရပြီ။ ပင်စင်စားကျနော်တို့လို လူတွေအဖို့ ပစ္စည်းတစ်ခုထူထောင်ဘို့ရာ လွယ်ကူလှတာမဟုတ်ပါဘူး။ သက်စွန့်ဆံဖျား ပင်လယ်ရပ်ခြားမှာ ရှာဖွေရသမျှ ဇနီးဖြစ်သူ စုစောင်းထိန်းသိမ်းတတ်လို့သာ ဒီလိုကျန်ခဲ့တာ။ အခုတော့ နှမြောဝမ်နည်းစွာနဲ့ဘဲ ပစ္စည်းသင်္ခါ လူသင်္ခါ မှတ်ယူရတော့မှာပါဘဲ။

ကျနော်က ကားလုပ်ငန်း လုပ်တော့ တစ်စုံတစ်ရာပြဿနာပေါ်ခဲ့လျှင် ကျနော့ ငယ်သူငယ်ချင်း ယခင်မော်တော်ယာဉ်ထိန်းဌာနမှာ ရဲအုပ်အဆင့်နဲ့နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ရန်ကုန် မန္တလေးမြို့ကြီးတွေမှာ အတွေ့အကြုံ များစွာရှိတဲ့ (ယခုဘော်လခဲ ခရိုင်ဒုရဲမှူးကြီး) အောင်မင်းစိန်ဆီကို ဖုန်းဆက် တတ်ပါတယ်။ အခုလည်း ဖုန်းဆက်ပီးပြောပြမိပါတယ်။ သူငယ်ချင်းရေ စိတ်မကောင်းဘူးကွာ တဲ့ မင်းကံမကောင်းဘူးတဲ့… စကားတွေအပြန်အလှန်များစွာပြောတဲ့ အထဲက သူစကားတစ်ခွန်းက ကျနော်ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ အဲဒီနေရာသူငယ်ချင်း မဖြစ်တာဘဲ ကံကောင်းတယ်လို့မှတ်ပါတော့ တဲ့။

ကျနော် နေ့စဉ်ပြုသမျှ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဂုဏ်တော်ကုသိုလ်၊ aမတ္တာကုသိုလ်နဲ့ဘာဝနာကုသိုလ်အစုစုတို့ကို… ချစ်တပည့်မောင်ကျော်ဇော (၃၂)နှစ် သမီးငယ်မနှင်းဝေ (၂၉)နှစ် သားလေးမောင်ရဲနောင်ထွန်း (၂၈)နှစ်တို့ကိုအမျှပေးဝေပါတယ်။ aရာက်ရာဘုံဘဝမှသာဓုခေါ်ကြပါ။ ဘဝဆက်တိုင်းဒီလို အဖြစ်ဆိုးမျိုးနဲ့ မကြုံပါရစေနဲ့လို့ ဆုတောင်းပေးပါတယ်။

PS – ကျနော်ပို့စ်ကိုဖတ်ပြီး မည်သည့် အဖွဲ့အစည်း၊ ဌာနနဲ့ လူပုဂ္ဂိုလ်ကိုမျှ ရင့်သီးကြမ်းတမ်းစွာ comment မပေးကြဘို့နဲ့ ရုတ်တရက်ဆုံးပါးသွားရှာကြတဲ့ ကလေးများကိုသာ မေတ္တာပို့အမျှ ဝေပေးကြပါရန် အနူးအညွတ်တောင်းပန်အပ်ပါတယ်….

(Win Kyi)

Add a Comment

Your email address will not be published. Required fields are marked *

nine + four =