ဘာတွေဖြစ်လာ မှာလဲ သေသေချချာ မသိသေးတဲ့ ကိုဗစ် နဲ့ သတိထား ရမယ့် မြန်မာပြည်
|ဘာတွေဖြစ်လာ မှာလဲ သေသေချချာ မသိသေးတဲ့ ကိုဗစ် နဲ့ သတိထား ရမယ့် မြန်မာပြည်
ကိုဗစ်အကြောင်း မရေးဖြစ်တာ ကြာပြီ။ ကြာပြီဆိုတာ ခနခန ပြောနေသလို ဂဏန်းမငြိမ်သေးတာ။ ကိုဗစ်နဲ့လူ ယှဉ်တွဲနေရမှာလား။ အခု လူတွေ လုပ်နေသလို အကြောက်အလန့်မရှိ mask မပါ ဘာမပါ တိုးဝှေ့နေရမှာလား။ ဒီလိုတိုးဝှေ့နေလို့ second wave နဲ့ ကြုံလို့ တိုင်းပြည် ဗုန်းဗုန်းလဲမှာလား။ ဘာမှ ကို မသိသေးတာ
အထူးသဖြင့် new normal အတွက် ပြင်ဆင် ရတဲ့ ဆိုင်တွေ၊ ဟိုတယ်တွေ စတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေဟာ အတော် ပြဿနာ တက်ပါတယ်။ စားသောက်ဆိုင်လာစားတယ်ဆိုတာ မိတ်ဆွေတွေ စုဝေးပြီး socially စားကြသောက်ကြတာ ရှိသလို မိသားစုလိုက် လာစားတာလည်းရှိပါတယ်။ ဒီတော့ မိသားစုက အိမ်ကနေ ပူးပူး ကပ်ကပ်ထွက်လာပြီး ဆိုင်ကြမှ ခွဲပြီး အကာတွေနဲ့ထိုင်မယ်။ အဓိပ္ပါယ် မရှိလှ။
ဟော၊ အရက်ဝိုင်း ဆို အမြည်းများများ စားသူ ရှိမယ်၊ အရက် များများ သောက်သူ ရှိမယ်။ new normal မှာ အမြည်းပန်းကန်ကို လေးယောက် အညီအမျှခွဲထည့်ပေး၊ အရက်ကို လေးယောက် အညီအမျှသောက်၊ မှန်အကာခြားမှာ ရော့ဆိုပြီး လောကဝတ်နဲ့ လှမ်းထည့် ပေးတာတွေ လုပ်လို့မရ။
ဒါက စားသောက်သူအတွက်ပြောတာ။ ဆိုင်တွေ အတွက်ကျ ပိုဆိုးတယ်။ ဘတ်ဂျက် ကို တွက်ပြီး ဆိုင်ကို ပြင်ရမှာ။ new normal အတွက် ခုံတွေ အသေအချာပြင်ပြီးမှ တနှစ်လောက်ကျ ဗိုင်းရပ်စ်က လေနှင့်အတူ လျောတော့သည်ဆို ဒုက္ခ။ WHO ကတော့ ကမ္ဘာမှာ နေထိုင်တော့မည် လို့ ဆိုတယ်။ နေတော့မယ် ဆိုပေမယ့် ကာကွယ်ဆေးနဲ့ နျူးနော်မယ် စရာမလိုတော့ဘူးဆို ဘယ်လို လုပ်မတုန်း။
ဟိုတယ်တွေ၊ ရုပ်ရှင်ရုံတွေ၊ စတဲ့ လူစည်တဲ့ ဝန်ဆောင်မှု နေရာတွေကို နျူးနော်မယ်အတွက် ဘယ်လို ပြင်မလဲ။ ဘတ်စ်ကားလို အများပြည်သူ ပို့ဆောင်ရေးမှာ နျူးနော်မယ်က ဘယ်လို ဖြစ်လာမှာလဲ။ အိမ်ပြန်နောက်ကျတော့ မခံနိုင်ဘူး။ နျူးလည်းမနျူး၊ နော်မယ်အတိုင်း တိုးဝှေ့နေဆဲ ပြန်ဖြစ် မှာလား။
ဗိုင်းရပ်စ်ကို တကျောင်းတဂါထာ တရွာ တပုဒ်ဆန်း စောင့်ကြည့်နေ ရချိန်မှာ အားလုံးကို ခပ်ဆဆပဲ ပြောရဲတယ်။ လက်ညိုး တချောင်းထောင်ပြီး ရဲရဲပြောဖို့က အသက်တွေ၊ လူတွေ၊ ပိုက်ဆံတွေ။ ပြီးတော့ ဘဝတွေ
သတိနဲ့သာ နေပါလေ
သက္ကမိုးညို