ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေများ ငှားရမ်းမှု စာရင်းစစ် က ဥပဒေအရ စစ်ဆေး ပိုင်ခွင့်မရှိ
|ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေများ ငှားရမ်းမှု စာရင်းစစ် က ဥပဒေအရ စစ်ဆေး ပိုင်ခွင့်မရှိ
ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေများ ငှားရမ်း မှု စာရင်း စစ်ချုပ်ရုံးက ဥပဒေအရ စစ်ဆေးပိုင်ခွင့် မရှိ…
ကာကွယ်ရေးဝန်ကြီး ဌာနပိုင်မြေများကို ငှားရမ်းမှုများနှင့် ပတ်သက်၍ စာရင်းစစ်ချုပ်ရုံးက ဥပဒေအရ စစ်ဆေးပိုင်ခွင့်မရှိကြောင်း ယနေ့ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် စာရင်းစစ်ချုပ်ရုံးမှ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောကြားလိုက်သည်။
မြန်မာနောင်း သတင်းထောက်တစ်ဦးမှ “စာရင်းစစ်ချုပ် အစီရင်ခံစာတွေကို ကြည့်လို့ရှိရင် မြေငှားရမ်းခနည်းတာနဲ့ ပတ်သက်လို့ အကြံပြုထားတာ တော်တော်လေးသက်ရောက်မှုရှိထားတာ တွေ့ရပါတယ်။ ပြန်ပြီးညှိနှိုင်းနေတာတွေ ဘာတွေလည်း တွေ့ရတယ်။ ဒီထဲမှာ ကျွန်တော်သတိထားမိတဲ့ အချက်က ဝန်ကြီးဌာနအချို့ ပေါ့နော် တန်ဖိုးကြီးတဲ့ မြေပိုင်တဲ့ ဥပမာ ရန်ကုန်မှာ တန်ဖိုးကြီးတဲ့မြေပိုင်ဆိုင်တဲ့ ဝန်ကြီးဌာန အချို့ရှိပါတယ်။
နောက်ဆုံးတစ်ခုကို ပြောရမယ်ဆိုရင် ကာကွယ်ရေးဝန်ကြီးဌာန ကပိုင်တဲ့ ရန်ကုန်က စစ်သမိုင်းပြတိုက်ပေါ့၊ တစ်နှစ်ကို ဒေါ်လာ ၂ သန်းလောက်ရတဲ့ မြေဌားရမ်းခပေါ့နော်၊ ဒီလိုဟာတွေက စာရင်းတွေ ပြန်တက်လာတာကြည့်ရင် ဥပမာ လွှတ်တော်ကို ရောက်လာတဲ့ ဘတ်ဂျက်စာရင်းထဲမှာကြည့်မယ်ဆိုရင် ဒီဝင်ငွေတွေက သက်ဆိုင် ရာဝန်ကြီးဌာနမှာ ရှင်းရှင်းလင်းဖော်ပြထားခြင်းမရှိဘူး။ ဆိုတော့ အဲ့လိုဟာမျိုးတွေကိုရော စာရင်းချုပ်အနေနဲ့ အကြံပြုထားတာ၊ စိစစ်တွေ့ရှိထားတာ စသဖြင့် ရှိပါသလား” ဟု မေးမြန်းခဲ့ရာ…
စာရင်းစစ်ချုပ်ရုံးဘက်မှ ” ဒီဧရိယာနဲ့ပတ်သက်ရင် အစ်မတို့ရုံး က အမြဲထောက်ပြလေ့ရှိတဲ့ ဧရိယာတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတော် သမ္မတရုံးကလည်း ဒီဧရိယာနဲ့ ပတ်သက်ပြီး ပိုပြီးပြည့်စုံတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားရှိပြီးဖြစ်ပါတယ်။ စာချုပ်တွေ ချုပ်မယ်ဆိုရင်လည်း သမ္မတရုံးကို တင်ပြဖို့ အထိလည်း ပြောထား တာရှိသလို သမ္မတရုံးက ထုတ်ထားတဲ့ ၃/၂၀၁၈ တို့ ၃/၂၀၁၉ တို့ ဒါတွေနဲ့ သတ်မှတ်ထားချက်တွေနဲ့အညီ စစ်ဆေး ဆောင်ရွက်ပြီးတော့ တင်ပြရတယ်။
နောက်တစ်ခါ အဖွဲ့အစည်းတွေအနေနဲ့လည်း အခုအခါမှာဆိုလို့ရှိရင် တန်ဖိုးတွေနဲ့ပတ်သက်ပြီး နိုင်ငံပိုင် မြေတင်မကဘူး၊ အဆောက်အဦတွေ နဲ့ပတ်သက်ပြီး ပုဂ္ဂလိကကို ငှားရမ်းမယ်ဆိုလို့ရှိရင် အရင်ဆုံး Facility Study ကို စနစ်တကျ စုံစမ်းပြီးတော့မှ ကာလတန်ဖိုးနဲ့အညီ ဖြစ်စေဖို့ကို ညွှန်ကြားချက်တွေကို ပြောပေးပါတယ်။ နောက်ပြီး တော့ သမ္မတရုံးက ထုတ်တဲ့ စာချုပ်ချုပ်ဆိုတဲ့အခါမှာ လိုက်နာရမဲ့ ညွှန်ကြားချက် ၄၁/၂၀၁၈ နဲ့လည်း စာရင်းစစ်ချုပ်ရုံးက သဘောထားမှတ်ချက်တွေနဲ့ ပြန်ကြားလျက်ရှိ ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ သတင်းထောက်က ” ခုနက ကျွန်တော် မေးတဲ့ထဲမှာပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဲ့ဒီ မြေနေရာပေါ့နော် စစ်သမိုင်းပြတိုက် ဒေါ်လာနှစ်သန်းလောက်တန်တဲ့ မြေနေရာကို ဝင်ငွေစာရင်းမှာ တိတိကျကျမတွေ့ရတဲ့ အခြေအနေပေါ့၊ ဒါမျိုးတွေနဲ့ပတ်သက်ပြီး စိစစ်တွေ့ရှိထားတဲ့ တစုံတရာရှိလားပေါ့နော်။ အကြံပြုထားတာပေါ့၊ ဒါကို ဘယ်လို လုပ်သင့်ပါတယ်ဆိုတာမျိုးပေါ့” ဟု ထပ်ဆင့်မေးမြန်းခဲ့ရာ၎င်းက…
“ကာကွယ်ရေးဝန်ကြီးဌာနဟာ ကျမတို့စိစစ်ရတဲ့ Scope ထဲမှာ မပါ ပါဘူး” ဟု ဖြေကြားခဲ့သည်။
ထို့အတွက် သတင်းထောက်က ထိုသို့ဆောင်ရွက်ခွင့်မရှိသော်လည်း စာရင်းစစ်ချုပ်ရုံးအနေဖြင့် မည်သို့ အကြံများပေးချင်သနည်းဟု မေးမြန်းခဲ့ရာ…
“ကာကွယ်ရေးဝန်ကြီးဌာနဟာ ကျမတို့စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးပိုင်ခွင့်ရှိတဲ့ထဲမှာ မပါပါဘူး။ စာရင်း စစ်ချုပ်ရုံးရဲ့ ဥပဒေအရ စစ်ဆေးပိုင်ခွင့်မရှိတဲ့အတွက် ကျမအနေနဲ့ အကြံပြုဖို့ အတိအကျ မရှိပါဘူးရှင့်” ဟု ဖြေကြားခဲ့သည်။
သို့ရာတွင် “အကြံပြုချက်ပြောတာပါ။ ဘယ်လိုမျိုးဆိုလို့ရှိရင် ပိုကောင်းမယ် ဆိုတာမျိုးပေါ့” ဟု အကြံပြုချက်နှင့်ပတ်သက်၍ ထပ်မံမေးမြန်းခဲ့ရာ…
“ဒါကတော့ ခုန ဖြေလိုက်တဲ့အတိုင်းပဲလေ။ သမ္မတရုံးက ထုတ်ထား တဲ့ ညွှန်ကြားချက် များနဲ့အညီ ဖြစ်စေရေးကို အစိုးရအဖွဲ့အစည်း တိုင်းက ဆောင်ရွက်ကြရမှာ အဓိက တာဝန်ရှိပါတယ်။ ဒါနဲ့အညီဖြစ်ဖို့အတွက်ကိုတော့ ထိန်းကျောင်းပေးတာကတော့ စာရင်းစစ်ချုပ်ရုံးပေါ့နော်” ဟု ဖြေကြားခဲ့သည်။
crd : blacker