သမီးဖြစ်သူ ဆိုင်စံ ကိုယ်တိုင် ပြောပြတဲ့ အဖေဖြစ်သူ အဆိုတော်ကြီး စိုင်းထီးစိုင် ရဲ့ စိတ်နေ စိတ်ထား အကြောင်း
|သမီးဖြစ်သူ ဆိုင်စံ ကိုယ်တိုင် ပြောပြတဲ့ အဖေဖြစ်သူ အဆိုတော်ကြီး စိုင်းထီးစိုင် ရဲ့ စိတ်နေ စိတ်ထား အကြောင်း
ဖေကြီးရဲ့ဘဝကောက်ကြောင်းတွေကို လူအများရေးလာကြတာတွေ့ရပါတယ် မှန်တာလဲ ရှိသလို မှားတာတွေလဲ ဒုနဲ့ဒေးပါပဲ။ အဲ့တော့ ကျမကလဲ ကျမသိတဲ့ အဖေ့အကြောင်းကို ပြောပြချင်လာတယ်။ကျမအရင်က မနက်တိုင်း နေ့တိုင်း တွေ့ခဲ့ရင်းနှီးခဲ့တဲ့ ကျမအဖေအကြောင်း အကျဉ်းချုံးလေးအနေနဲ့ပေါ့။ ဖေကြီးက စိတ်ထားဖြူစင်သလို အတ္တလဲ နည်းတယ်။ ကျမတို့ငယ်ငယ်ထဲက ရောင့်ရဲတတ်တဲ့စိတ် စာနာတတ်တဲ့စိတ် သနားကြင်နာတတ်တဲ့စိတ်ကို ဖေကြီးကပဲ မွေးမြူပေးခဲ့တယ်။ကျမအချစ်ဆုံးအရာကတော့ ဖေကြီးကဟာသဉာဏ်ကောင်းတယ် ရယ်စရာတွေအများကြီးပြောတတ်လို့ ဖေကြီးနဲ့အတူရှိခဲ့ ချိန်တိုင်းက အမှတ်ရစရာတွေဖြစ်ခဲ့တယ်။ ဖေကြီးက အရမ်းလဲယဉ်ကျေးသလို သူ့ရဲ့စကားသံဟာလဲ နူးညံ့လွန်းတယ်။ဖေကြီးမရှိတော့တဲ့နောက် အဲ့လိုအသံမျိုးကို သူ့ရဲ့ မောင်နှမတွေ တူ,တူမတွေ(ကျမရဲ့ ဦးလေးနဲ့အဒေါ်တွေ မောင်နှမဝမ်းကွဲတွေ)ဆီကပဲ ကြားဖြစ်တော့တယ်။
ဒီမိသားစုကလွဲရင် ဘယ်မှာမှမကြားရနိုင်တော့သလိုမျိုးထူးခြားတယ်။ ဖေကြီးက ကျမတို့ကိုရှမ်းစကားပြောတတ်အောင်သင်ပေးဖူးပါတယ်။ အမြဲတမ်းမအားတဲ့ကျမအဖေက တစ်လုံးနှစ်လုံးထက်ပိုမသင်ပေးနိုင်ခဲ့ဘူး။ဒါကြောင့်ကျမတို့ မောင်နှမသုံးယောက်စလုံးဟာ ရှမ်းစာရှမ်းစကားမတတ်ခဲ့ရဘူး။ ဒါပေမဲ့ ရှမ်းအိုးစည်သံတွေကို ရင်းနှီးအောင် ရှမ်းတောင် တန်းကြီးတွေကိုချစ်တတ်အောင် ရှမ်းသီချင်းတွေဆိုတတ်အောင်တော့ သင်ပေးခဲ့တယ်။ အဖေသိပ်ချစ်တဲ့အရာတွေကို သားသမီးတွေချစ်စေတဲ့ စိတ်ခံစားမှုနည်းနဲ့ပေါ့။ ဒါကြောင့်ကျမတို့ဟာ ကပြားတွေဖြစ်ခဲ့ကြပေမဲ့ ရှမ်းလူမျိုး ဓလေ့ထုံးစံတွေကို ချစ်တတ်ခဲ့ကြတယ်။လင်းခေးကို စရောက်ဖူးတော့ ကျမသိပ်ပျော်တယ်။ ကျမကို ရန်ကုန်မှာမွေးခဲ့ပေမဲ့ လင်းခေးရောက်တိုင်း အမေ့အိမ်ကိုပြန်ရသလိုပဲ နွေးထွေးနေတယ်။ လင်းခေးမှာ ဖေကြီးနဲ့အမှတ်တရတွေလဲအများကြီးရှိခဲ့တယ်။ ဖေကြီးရဲ့အနုပညာခံယူချက်ဟာလဲ အင်မတန် လေးစားစရာကောင်းတယ်။ သီချင်းတွေကိုချစ်လွန်းလို့ သီဆိုခဲ့ဖန်တီးခဲ့ပေမဲ့ သူ့ဘဝဟာ ကြမ်းတမ်းခဲ့တယ် ပေးဆပ်ခဲ့ရတာတွေများလွန်းတယ်။မနာလိုသူ သစ္စာမရှိသူ ကိုယ့်ကျိုးကြည့်တတ်သူတွေ တွေ့လာရင်တောင် ဘယ်သူ့ကိုမှအပြစ်မတင်ပဲ အံကြိတ်သည်းခံနိုင်ခဲ့တာကတော့ အတုယူစရာအကောင်းဆုံးပါပဲ။ ဖေကြီးဟာ သူကွယ်လွန်ခဲ့တဲ့အချိန်ထိ လက်တွဲခဲ့တဲ့ The Wild Ones ဝိုင်းတော်သားတွေကို သိပ်ချစ်ရှာတယ်။ သူအားတဲ့အချိန်တွေမှာ The Wild Ones က ဘေ့စ်ဂစ်တာတီးတဲ့ ဦးစောဂျက်ဆင်အကြောင်းကို အမြဲတမ်းရယ်မောပြီး သတိတရ ပြန်ပြောပြလေ့ရှိတယ်။
The Wild Ones က ဝိုင်းတော်သားတွေမှာ ဘယ်သူက ဈေးဝယ်ရကြောင်း ဘယ်သူက ဟင်းချက်ရကြောင်း ဘယ်လိုချက်ကြောင်း ဘယ်လိုစားကြရကြောင်းတွေဟာ ဂီတနဲ့အရမ်းအလှမ်းဝေးနေသေးတဲ့ ကျမတို့မောင်နှမတွေအတွက် ချစ်စရာပုံပြင်လေးတွေဖြစ်ခဲ့တယ်။ ဖေကြီးမရှိတော့တဲ့ အချိန်မှာတော့ သူ့အကြောင်းတွေပြန်ပြောရင်း ပြုံးရရယ်ရတာ ကလဲ အင်မတန်ကျေနပ်စရာကောင်းပါတယ်။နောက်ပြီး ဖေကြီးနားထောင်ခဲ့တဲ့ကက်ဆက်ခွေတွေဟာ အခုထိအိမ်မှာရှိနေသေးတယ်။ ဂီတကိုဝါသနာပါတဲ့ ကျမနဲ့ ကျမအကိုကို သီချင်းတွေအများကြီးပေးနားထောင်ခဲ့တယ်။ အရွယ်ရောက်လာကြလို့ ကိုယ်တိုင်ဖန်တီးချင်လာတော့လဲ အားပေးခဲ့တယ်။အနုပညာဆိုတာ အတင်းကြီးသင်ယူ အတင်းကြီးလုပ်ယူလို့မရတဲ့အရာမို့ သီချင်းတွေနားထောင် စာတွေဖတ်စေရင်း ဝမ်းစာပြည့်စေချင်ခဲ့တယ်။ နာမည်ကြီးရဖို့ထက် သီချင်းတွေကိုချစ်တတ်ဖို့ လမ်းပြပေးခဲ့တယ် အတုယူစေခဲ့တယ်။ ကိုယ်ပိုင်ဖန်တီးမှုကို သဘောကျတယ်။
သူ့ရဲ့သားသမီးတွေကို သူ့သီချင်းတွေပြန်ဆိုတာထက် ကိုယ်ပိုင်ကြိုးစားစေချင်တာမို့ ကျမကလဲ အဖေ့စကားကိုနားထောင်ပြီး ကိုယ်ပိုင်သီချင်းတွေနဲ့ရပ်တည်နိုင်ဖို့ကြိုးစားနေရတယ်။ အဖေ့ရဲ့သမီးမို့လို အဖေသီချင်းတွေ ဆိုနေဦးမယ်ဆိုပေမဲ့ ဖေကြီးဖြစ်စေချင်သလိုဖြစ်အောင် ကျမပိုလို့ကြိုးစားရပါတယ်။ စုတုပြုမှာ စုပြီးတုပဲနေနေရင်တော့ အလကားပဲ ဒုတိယလူ အဖြစ်နဲ့မရပ်တည်ဖို့ အမြဲဆုံးမခဲ့တယ်။ကျမ အသက် ကိုးနှစ်လောက်မှာ အန်တီထွန်းအိန္ဒြာ ဗိုလ်ရဲ့အသံကို တုဆိုလို့ ဆူခံခဲ့ရဖူးတယ်။ ဖေကြီးက လူမျိုးနဲ့တိုင်းပြည်ကိုချစ်တယ်။ တိုင်းပြည်အတွက် စွန့်ချင်ပေမဲ့ အဖေတစ်ယောက်ဖြစ်နေတဲ့ ဖေကြီးဟာ သူ့ရင်သွေးတွေအတွက် နာမည်ကိုပါ ထိခိုက်ခံတဲ့အထိ အဖေပီသခဲ့ပါတယ်။တိုင်းပြည်အတွက် အာဇာနည်သူရဲကောင်းကြီးမဖြစ်ခဲ့ပေမဲ့ ကျမတို့မိသားစုအတွက်တော့ သူရဲကောင်းပါပဲ။ ကျမဘဝမှာ ဖေကြီးကို အဖေတစ်ယောက်အဖြစ်ပိုင်ဆိုင်ခွင့်ရတာ ဆုလာဒ်ကြီးတခုလိုပါပဲ။ နိုင်ငံကျော်အဆိုတော်ကြီးဆိုတာ ဖယ်လိုက်ရင်တောင် တည်ငြိမ် အေးချမ်းပြီး မေတ္တာ သစ္စာဂရုဏာကြီးမားတဲ့ မိသားစုကိုတာဝန်ယူတဲ့ ချစ်စရာကောင်းတဲ့ ပျော်စရာကောင်းတဲ့အဖေတယောက်မို့ ကျမကံကောင်းလွန်းပါတယ်။အခုချိန်ထိလဲ မိသားစုကို စောင့်ရှောက်နေတုန်းပါပဲ။ နာမည်ပျက် မရှိခဲ့တဲ့အဖေဖြစ်တဲ့အတွက် ကျမတို့မိသားစုကို လေးစားချစ်ခင်သူတွေ ကူညီချင်သူတွေများကြတာကြောင့် ကျေးဇူးကြီးလှပါတယ်။ ပစ္စည်းဥစ္စာအမွေတွေအပြင် နှလုံးသားကိုပါ အမွေပေးခဲ့တဲ့အဖေမို့ ဘဝဆက်တိုင်း အဖေတော်ခွင့်ရဖို့ ဆုတောင်း မိတယ်။
Credit ဆိုင္စံ