ရဲဗိုက်ပူ များ (၄) လအတွင်း ဝိတ်မကျ ပါက အရေးယူမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ညွှန်ကြား

ရဲဗိုက်ပူ များ (၄) လအတွင်း ဝိတ်မကျ ပါက အရေးယူမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ညွှန်ကြား

ကိုယ်အလေးချိန်လွန်နေသည့်၊ ဗိုက်ပူနေသည့် ရဲတပ်ဖွဲ့ဝင်များ အချိန် (၄)လ အတွင်း ကိုယ်အလေး ချိန်လျှော့ရန် ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရပါတယ်။

ကိုယ်အလေးချိန်လျော့ရန် မေလအလယ်ပိုင်းက ညွှန်ကြားထားပြီး အချိန် (၄) လအတွင်း ဝိတ်မလျှော့ပါက ရဲစည်းကမ်းအရ အရေးယူမည်ဟု ညွှန်ကြားထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်းက ဆိုပါတယ်။ ယင်းညွှန်ကြားချက်အတိုင်းလိုက်နာရန် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် များကို ထပ်ဆင့်ညွှန်ကြားထားကြောင်း ၎င်းက ဆိုပါတယ်။

ကိုယ်အလေးချိန် စံသတ်မှတ်ရာ တွင် Body Mass Index (BMI) ခန္ဓာ (ကိုယ်အလေးချိန်နှင့် အရပ်အမြင့် အချိုးအစား) တွက်ချက်နည်းဖြင့် အဝလွန်/ မလွန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဥပမာ အရပ်အမြင့် ငါးပေ လေးလက်မရှိသူသည် ကိုယ်အလေးချိန် ၁၄၀ ပေါင်ရှိပါက BMI 24 ရှိပြီး အဝ မလွန်ဘဲ သာမန် အနေအထားလို့ သတ်မှတ်ထားပါတယ်။

ရဲတပ်ဖွဲ့ဝင်များ နိုင်ငံတကာရဲတပ်ဖွဲ့ကဲ့သို့ စမတ်ကျစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်စေရန် နိုင်ငံတကာစံနှုန်းအတိုင်း ဝိတ်လျော့ရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်တွင် ပါဝင်ကြောင်း အမှတ်-၁၁ ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ) မှ ရဲမှူးမိုးကျော်က ပြောပါတယ်။

ထိုကြောင့် အဝလွန်၊ ဗိုက်ပူသည့် တပ်ဖွဲ့ဝင်များကို ညနေပိုင်းတွင် အားကစားလုပ်ရန် အချိန်ပေးထားကြောင်း ၎င်းက ပြောသည်။ “ကျွန်တော်တို့က ညနေ ၄ နာရီဆိုရင် တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီးတော့ အဝလွန်၊ ဗိုက်ပူတဲ့ တပ်ဖွဲ့ဝင်တွေဆို ကိုယ်လက် ကြံ့ခိုင်ရေးပေါ့ ပြေးတာတို့ ဒိုက်ထိုးတာတို့ ခြင်းခတ် တာတို့ ဒါလေးတွေကို ဆောင်ရွက်နေတယ်” ဟု ရဲမှူးမိုးကျော်က ပြောပါတယ်။

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက အားကစား လုပ်ရန် အချိန်ရသော်လည်း နယ်မြေရဲအများစုကမူ ရဲလုပ်ငန်းများ လုပ်နေရသည့် အတွက်အားကစားလုပ်ရန် အချိန်မရကြဟု ပြောဆိုနေကြပါတယ်။

ယင်းသို့ ဝိတ်လျော့နိုင်ရေးအတွက် တစ်ရက် လျှင် ၂ နာရီ သို့မဟုတ် သုံးနာရီခန့် အချိန်ပေးစေလိုကြောင်း ထားဝယ်ခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အချိန်ပေးဖို့လိုတာပေါ့၊ မပေးဘဲနဲ့ ဘယ်လိုဝိတ်ချရမှာလဲ”ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောပါတယ်။

အဝလွန်၊ ဗိုက်ပူ တပ်ဖွဲ့ဝင်များဝိတ်လျော့ရန် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့အပြင် အကျဉ်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ အစရှိသည့် ဌာနများကိုလည်း ညွှန်ကြားထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

(ထားဝယ် စောင့်ကြည့်)

Add a Comment

Your email address will not be published. Required fields are marked *

11 + twelve =