ခါးတောင်း ကျိုက် တခြား ဟိုဟာ တခြား ဖြစ်နေတဲ့ နှာခေါင်းစည်း ဖမ်းပွဲများ

ခါးတောင်း ကျိုက် တခြား ဟိုဟာ တခြား ဖြစ်နေတဲ့ နှာခေါင်းစည်း ဖမ်းပွဲများ

လွန်ခဲ့တဲ့ တစ်ပတ်လောက်က နေမကောင်းတဲ့ အဘွား အတွက် ဈေးထိပ်မှာ ဆေးထွက်ဝယ်တယ်။ အပြန်လူရှင်းတဲ့နေရာရောက်တော့ အာသီသရှိတဲ့ ဆေးလိပ်ကိုထုတ်၊ ပီကီဘလိုင်ဒါထဲကလို ဟန်ပါပါနဲ့ mask လေးအသာ မေးချိတ်ပြီး ကောက်ဖွာလိုက်ရော။

လမ်းသွားရင်း ဘေးဘီဝဲယာ ကြည့်တယ် ဆိုတာ ကား ဆိုက်ကား ရှောင်ရုံကလွဲ အပေါင်းသင်းနဲ့မျက်နှာချင်းဆိုင်တိုးတောင် မြင်တဲ့လူမျိုးမဟုတ်တဲ့ ကျွန်တော်က ပိုဆိုးချင်တော့ earbuds လေး နားထဲထည့် အသည်းကွဲ သီချင်းလေးနားထောင်ရင်း ဖီးလ်လာမိပြန်တယ်။

ကျောကိုလာပုပ် ညှပ်ခေါ်သွားခံရမှ သိတဲ့ အဖြစ် ကျွန်တော် Mask မေးချိတ်ထားမိလို့တဲ့ခင်ဗျား၊ ကျွန်တော့်ကို ပူးပေါင်းဆောင်ရွက်ပေးပါ ရောဂါဖြစ်မှာစိုးလို့ဘာညာ ခေါင်းစဉ်နဲ့ ကားပေါ်တင်သွားပါလေရော။ ဒါနဲ့ ဘာနဲ့တင်လဲမေး ကားက ခွေးဘီလူး။ ပြောတော့ ရောဂါဖြစ်မှာစိုးလို့ဆိုတဲ့ တာဝန်ရှိစည်ပင် တစ်သိုက်က mask မတပ်ထားတဲ့လူ ချိတ်ထားတဲ့လူမှန်သမျှကားပေါ်ဆွဲတင်တာများဗျာ။ မြင်သာအောင်ပြောရရင် မထသ ခေတ်က မှော်ဘီကားလိုပဲ ၃ပေအကွာမပြောနဲ့ ၃ စင်တီမီတာတောင်မကွာဘူး။ ငါးပိသိပ်ငါးချဉ်သိပ်ကို ဖမ်းတာ။

တရားကျမိတာ တစ်ခုက တရားရုံး ထိသွားရမယ့် ဆင်တွေ သိပ်တန်ဖိုးရှိတယ်ဆိုတာပဲ။ ကားထဲ အရမ်းအသက်ရှုကြပ်တယ်။ ဒီလိုနဲ့ တရားရုံး ရောက်တော့ အသည်းပေါက်စေတာက နာမည်စာရင်းသွင်းနေတဲ့ ရဲမေတစ်ယောက်၊ ခင်ဗျားတို့ကို မြင်စေချင်တယ် လူသတ် တရားခံကြီးမိလို့မေးမြန်းနေတဲ့ အတိုင်းပဲ ငေါက်လားငန်းလားနဲ့။

“နာမည်ပြော” လို့ပြောတဲ့လေသံမကြိုက်လို့ မပြောပဲ ဘုရှိုးရှိုးလိုက် မှ လေသံပြေပြစ်သွားတယ်။ ရှိစေတော့ သူတို့ ပိုင်နက်ကိုးဗျ၊ အပြင်မှာစောင့်တဲ့ သေနတ်တွေနဲ့ ရဲတစ်သိုက်ကလဲ mask လေးတွေမေးချိတ်ပြီး ဆေးလိပ်လေးတွေတဖွာဖွာနဲ့ အထာကျချက်၊ ရဲမလုပ်မိလို့ နောင်တအတည်ရမိသွားစေတဲ့နေ့က အဲ့နေ့ပဲ။

ဒါနဲ့ အစိုးရဌာနပီပီ သိပ်ကြာတာပဲ အဖမ်းခံပြီး ရမှတော့ မထူးဇာတ်ခင်းပြီး တရားရုံးရှေ့ ခပ်တည်တည်နဲ့ လေးလိပ်လောက် ထပ်သောက်ပြနေတဲ့အချိန် တစ်ယောက်တစ်မျိုးပြောနေသံကြားတာတွေက အိမ်ရှေ့ကြွက်ပုပ်ထွက်ပစ်ရင်း အဖမ်းခံရတဲ့သူနဲ့ ဈေးသည်တစ်ယောက် ထမင်းစားခံနီး mask ချွတ်လိုက်လို့အဖမ်းခံရတဲ့သူ နဲ့ စည်ပင်မြောင်းတူးရင်း maskမတပ်မိလို့ အဖမ်းခံ ရတာပါ ပါသေးတယ်ဗျာ။

ပြင်းပြင်းထန်ထန်ကိုအရေးယူတာဗျ။ မပေါ့ကျ ပါနဲ့ mask ကို ထမင်းစားရင်းလဲ တပ်ပါ၊ ရေသောက်ရင်း လဲ တပ်ပါ၊ ဆေးလိပ်သောက်ရင်းလဲတပ်ရမှာဖြစ်သလို ကွမ်းဝါးနေလဲတပ်ပါ။ အေ လျှာက်ကောင်းလဲ အထောင်းမသက်သာပါ အချိန်ကုန် ငွေကုန် လူပင်ပန်းတယ်။

ထပ်ပြောရရင် ကြီးကြီးမားမားအမှုတွေတော့ မသိဘူး Mask မတပ်တဲ့ အမှု ကိုတော့ အင်အား သုံးပြီး ဖမ်းစီးနေပါပြီ သာကေတမှာဆို အချုပ်ကားစီးတဲ့ အတွေ့အကြုံပါ ယူလို့ရပါတယ်လို့ အတွေ့အကြုံလေး sharing လုပ်ရင်း အဆုံးသက်ပါတော့မယ်။

စာကြွင်း ။ ဈေးထဲဆို ၂ထောင်ပဲ ဆောင် ရတယ် ဆိုလား စာရင်းပျောက်လေ

Aung Soe Paing

Add a Comment

Your email address will not be published. Required fields are marked *

4 × 3 =