ပြည်သူ့ အတွက်ဆို သမ္မတကိုတောင် အာခံရဲတဲ့ အမေရိကန် စစ်တပ် နှင့် အထီးကျန် ထရန့်

ပြည်သူ့ အတွက်ဆို သမ္မတကိုတောင် အာခံရဲတဲ့ အမေရိကန် စစ်တပ် နှင့် အထီးကျန် ထရန့်

ဂျိမ်းစ် မက်တစ်စ်သည် သမ္မတ ဒေါ်နယ် ထရန့် မှ ကာကွယ်ရေး ဝန်ကြီး အဖြစ် ပထမဆုံး ခန့်အပ်ခြင်း ခံခဲ့ရသော အများကြည်ညိုလေးစားခြင်း ခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း တဦး ဖြစ်ပါတယ်။ အစိုးရ အဖွဲ့ထဲရှိ လူကြီး သုံးဦး ထဲမှ တယောက်လို့ သတ်မှတ်ခြင်း ခံခဲ့ရသူ လည်း ဖြစ်ပါတယ်။ ၂၀၁၈ ဒီဇင်ဘာလ အတွင်း မှာ ဆီရီးယား အရေး အပေါ် ထရန့် နဲ့ သဘောကွဲလွဲပြီး ရာထူးက နှုတ်ထွက်သွားခဲ့ပါတယ်။

ထိုအချိန်ကတည်းက ထရန့်အကြောင်းကို မကောင်းလည်း မပြော ကောင်း တာလည်း မရည်ညွှန်းပဲ သူ့ဖာသာ နေလာခဲ့ရာက ယခုကဲ့သို့ မကြုံဖူးအောင် စစ်ဖက်-အရပ်ဖက် ဆက်ဆံရေး အကျပ်အတည်းကြီး ဆိုက်ရောက်လာချိန်တွင်တော့ ဗိုလ်ချုပ်ကြီးဟောင်း မက်တစ်စ် အဖို့ ရေငုံနှုတ်ပိတ် မနေနိုင်တော့ပဲ သူ့ရဲ့ ဘော့စ် ဖြစ်ခဲ့သူကို အပြင်းအထန် ဝေဖန် လာပါတယ်။

“တပ်မတော်အတွင်း မိမိလို ကျမ်းသစ္စာ ကျိမ်ဆို ခဲ့ကြရတဲ့ တပ်ဖွဲ့ဝင်များ အဖို့ မည်သို့သော အခြေအနေမျိုး ကျရောက်နေစေကာမူ မိမိနိုင်ငံသားများ ၏ ဖွဲ့စည်းပုံပါ အခွင့်အရေးများ ကို ချိုးဖောက်ရန် အမိန့်ပေးခြင်း ခံရလိမ့်မယ်လို့ ကျွန်တော် အိမ်မက်တောင် မမက်ခဲ့ဖူးပါဘူးဗျာ” ဟူ ၍ ပြောလာ ခဲ့သည်။ တဆက်တည်း “ဒေါ်နယ် ထရန့် ဟာ အမေရိကန် ပြည်သူများ စည်းလုံးညီညွတ်ရေး ကို ဖေါ်ဆောင်ဖို့ နေနေသာသာ ဟန်ဆောင် ပန်ဆောင်တောင် မလုပ်ခဲ့ဖူးတဲ့ သမ္မတ တယောက် အဖြစ် ကျွန်တော့်အဖို့ တသက်မှာ တခါ တွေ့ကြုံခဲ့ရပါပြီ” ဟုလည်း ဆိုပြန်သည်။

ထိုသို့ ပြောဆို ဝေဖန်နေခြင်းသည် သူတယောက်တည်း မဟုတ်၊ အခြားသော လက်ရှိ နှင့် အနားယူ နေကြသော ဗိုလ်ချုပ်ကြီးများလည်း အမေရိကန် မြို့ကြီးများတွင် မငြိမ်မသက် ဖြစ်နေမှုများ အပေါ် ထရန့် ၏ တုန့်ပြန်မှုကို ဝေဖန်လာကြပြီ ဖြစ်ပါတယ်။

၎င်းတို့သည် ထရန့်ကို ချည်း သက်သက် ဝေဖန်လိုကြ၍ မဟုတ်။ လက်ရှိ စစ်ဖက်-အရပ်ဖက် ဆက်ဆံရေး အကျပ် အတည်းသည် ဒီမိုကရေစီ စံနှုန်းများနှင့် အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စည်းလုံးညီညွတ်စွာ ရပ်တည်နေမှုအား ရေရှည်တွင် ထိခိုက်လာတော့မည့် အရေးကြောင့် စိုးရိမ်ပူပန်လာကြတဲ့ အတွက် ဖြစ်ပါတယ်။

ပထမဆုံး စိုးရိမ်စရာ ဖြစ်လာခဲ့ရတာကတော့ ဇွန်လ ၁ ရက်နေ့တွင် ၁၈၀၇ ခုနှစ် အတွင်း ပြဌာန်းခဲ့တဲ့ Insurrection Law (ပုန်ကန်ခြားနားမှု နှိမ်နှင်းရေး ဥပဒေ) ကို သုံးပြီး စစ်တပ်နှင့် မငြိမ်သက်မှုများကို နှိမ်နှင်းမယ်လို့ ပြောလာတာကြောင့်ပဲ ဖြစ်ပါတယ်။ တဆက်တည်းမှာ ဓါတ်ပုံ အရိုက်ခံရန် သက်သက် အတွက် အိမ်ဖြူတော် အနီးက ဘုရားကျောင်းကို ကာကွယ်ရေး ဝန်ကြီး မတ် အက်စ်ပါ နဲ့ ပူးတွဲ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး မတ် မီလီ တို့ ခြံရံပြီး လမ်းလျှောက်ထွက်လာတဲ့ အခါ သူ၏လုံခြုံရေး အတွက် ငြိမ်းချမ်းစွာ ထိုင်ပြီး ဆန္ဒပြနေတဲ့သူတွေကို မျက်ရည်ယိုဗုံး များနဲ့ ပစ်ခတ်ပြီး လူစုခွဲတာ ခံလိုက်ရပါတယ်။

ဇွန်လ ၃ ရက်နေ့မှာတော့ အမြဲလို ကျိုးနွံခဲ့တဲ့ ကာကွယ်ရေး ဝန်ကြီး အက်စ်ပါ က အိမ်ဖြူတော်နဲ့ ပြောင်ပြောင်တင်းတင်း လမ်းခွဲလိုက်ပြီး မိမိအနေနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးများ တောင်းဆိုခြင်းမရှိပဲနှင့် Insurrection Law သုံးမှာကို မထောက်ခံဘူးလို့ ပြောလာပါတယ်။ ပူးတွဲ စစ်သေနာပတိချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီး မီလီ ကလည်း “ဥပဒေနှင့် အညီသာ ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့” လက်အောက်ခံ တပ်ဖွဲ့အသီးသီးကို အကြောင်းကြားစာ ပို့ခဲ့ပါတယ်။

ဆိုလိုတာကတော့ သူ့ကို တရားမဝင်တဲ့ အမိန့်တွေ ပေးလာ မှာကို ကြောက်လို့ ကြိုကန်ထားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ကြည်းရေလေ စစ်ဦးစီးချုပ်တွေကလည်း လက်အောက်ခံ အရာရှိ အရာခံ အကြပ်တပ်သားများ အားလုံးကို ၎င်းတို့ ကာကွယ်ပါမည်ဟု ကျမ်းသစ္စာကျိမ်ဆိုထားသည့် ဖွဲ့စည်းပုံ ဥပဒေတွင် ပြည်သူများ ငြိမ်းချမ်းစွာ စုရုံးခွင့် ရှိတယ် ဆိုတာ ပါရှိကြောင်း ဆိုတဲ့ ရှင်းလင်းချက် စာ ကို ပူးတွဲ ထုတ်ပြန်လိုက်ပြန်ပါတယ်။

ထိုသို့ လက်ရှိ နှင့် အငြိမ်းစား ဗိုလ်ချုပ်ကြီးများ ပြန်ပြတ် သားသား နဲ့ တွန်းထုတ် ပြစ်ပြီး ပြောဆိုလာတာတွေက အမေရိကန် သမိုင်းမှာ အတော်ကို ထူးခြားတဲ့ ဖြစ်စဉ်တွေလို့ ဆိုပါတယ်။ ဒီအတိုင်း လက်ပိုက် ကြည့်နေ မယ်ဆိုရင် အမေရိကန်ရဲ့ ပြည်တွင်း ပြည်ပ မူဝါဒတွေအားလုံးဟာ စစ်ဖက်နဲ့ ရောယှက်ခံလာရနိုင်စရာ ရှိပြီး စစ်ဆင်ရေး တွေ အားလုံးလည်း နိုင်ငံရေး နဲ့ ရောယှက်လာကြမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မီလီ မတိုင်ခင် ယခင် ပူးတွဲ စစ်သေနာပတိချုပ် ဖြစ်ခဲ့တဲ့ မိုက် မူလန်ကလည်း ထုတ်ဖေါ်ပြောဆိုလာပါတယ်။ ဗိုလ်ချုပ်ကြီးများက စစ်တပ်အနေ နဲ့ ကာကွယ်ပေး ပါမယ်လို့ ကျမ်းကျိမ်ထားရတဲ့ ဖွဲ့စည်းပုံ၏ ပထမပြင်ဆင်ချက် နှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ဂုဏ်သိက္ခာ ထိခိုက်ပြီး စည်းလုံးမှု ပျက်ပြားသွားမှာကို အဓိက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

နောက်တချက် စိုးရိမ်နေကြပြန်တာက လက်နက်ကိုင် တပ်ဖွဲ့များအား ရန်သူကို တိုက်ခိုက်ရေး အတွက်နှင့် စစ်ပွဲအတွင်း အသုံးပြုမည့် လူကို သေစေနိုင်သည့် လက်နက်များ ကိုင်တွယ်နိုင်ရေးများသာ လေ့ကျင့် သင်ကြားထားပေးသူများ ဖြစ်ပြီး လူအုပ်ကြီး ကို ထိန်းသိမ်းဖို့ ကျွမ်းကျင်ကြသူများ မဟုတ်ကြဆိုသော အချက်ပင် ဖြစ်သည်။

ထရန့်က သူ၏ အစိုးရ အဖွဲ့တွင် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး များကို ခန့်ထားလာခဲ့ပြီး မြို့တော် ဝါရှင်တန်တွင် ပင် စစ်ရေးပြ အခမ်းအနားတွေ လုပ်ဖို့ထိ စိတ်ကူးလာနေ ခဲ့လို့ စစ်တပ်ကို နိုင်ငံရေး အသွေးအရောင်တွေ လွှမ်းမိုးခံရမယ့် အလားအလာ တွေ ရှိလာနေပါတယ်။ ဇွန်လ ၅ ရက်နေ့မှာ ယခင် ကာကွယ်ရေး ဝန်ကြီးဟောင်း လေးဦး အပါအဝင် အရာရှိကြီး ၈၉ ဦး မှ ထရန့်ရဲ့ လုပ်ရပ်များက စစ်တပ်အပေါ် ပြည်သူများမှ အယုံအကြည် မဲ့လာနိုင်ကြောင်း ကာကွယ်ရေး ဝန်ကြီး အင်စ်ပါ နှင့် ပူးတွဲ စစ်သေနာပတိချုပ် မီလီ တို့ထံ လက်မှတ် ရေးထိုးထားတဲ့ အိပ်ဖွင့်ပေးစာကို ထုတ်ပြန်လာခဲ့ပါတယ်။

အမေရိကန် နိုင်ငံသားများသည် စစ်တပ် ကို သမ္မတ အပါအဝင် အခြား အဖွဲ့အစည်းများထက် ပိုပြီး အလေးထားခဲ့ကြသူများ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်သည်သာ ပါတီကြီး တခုခု ကို ထောက်ခံမယ့် အရိပ်အယောင်များ တွေ့ရလျှင် ၎င်းတို့ အပေါ် လေးစားထောက်ခံနေမှု ယုတ်လျော့ ကျဆင်းသွားမှာ ဖြစ်တယ်လို့ ဒုခ် တက္ကသိုလ်မှ ပါမောက္ခ ပီတာ ဖေဘာက ပြောပါတယ်။

လက်ရှိမှာ ဒီမိုကရက် ခေါင်းဆောင် အများစုက ထောက်ခံ နေတဲ့ ဆန္ဒပြပွဲ များကို ရီပတ်ဘလီကင် သမ္မတက စစ်တပ်တွေ ခေါ်သုံးပြီး နှိမ်နှင်းမယ် ဆိုရင် စစ်တပ်ကို ဘက်လိုက်သွားပြီလို့ စွပ်စွဲခံကြရဖို့ ရှိနေပါတယ်။ ထိုအခြေအနေရောက်သွားရင် ပြန်ပြီး တော်တော်နဲ့ နာလံပြန်ထူလာနိုင်ဖွယ် မရှိဘူး လို့ မာခက် တက္ကသိုလ် ပါမောက္ခ ရီစာ ဘရုခ် က ဆိုပါတယ်။ ထရန့်သည် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ စစ်တပ်ကို အသုံးပြုရန် အသံထွက်လာခဲ့ခြင်းသည် ရွေးကောက်ပွဲ ရလဒ် အပေါ် အငြင်းပွားမှု ဖြစ်လာရင် ခေါ်သုံးနိုင်အောင် အားစမ်းတာ ဖြစ်နိုင်တယ် လို့ သုံးသပ်နေကြပါ တယ်။

ကိစ္စအတော် များများ မှာလည်း ထရန့် သည် စစ်ခေါင်းဆောင် များကို ကျဉ်းထဲကျပ်ထဲ ရောက်စေမယ့် အနေအထားကို တွန်းပို့ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်တွင် စစ်ဗိုလ်ချုပ်ကြီးများ ရဲ့ ပုန်ကန်မှု တွေကတော့ ၎င်းတို့ရဲ့ လက်နက်ကိုင်တပ်များကို နိုင်ငံရေး မုန်တိုင်းထဲ ဆွဲအသွင်းမခံရအောင် ကာကွယ် ခဲ့ကြတာ ဖြစ်ခဲ့ ပါတယ်။ သို့သော် ထရန့်ကို ဤကဲ့သို့ ဗိုလ်ချုပ်မီလီ လို သွယ်ဝိုက်၍သော်၎င်း၊ ဗိုလ်ချုပ် မက်တစ် လို ဗြောင်ကျကျ ဝေဖန်ခြင်းမျိုး များကပင် အခြေအနေတွေ ပိုမို ဆိုးဝါးကျယ်ပြန့်လာစေတဲ့ လက္ခဏာများသာ ဖြစ်ပါတယ်။

အမေရိကန် ဒီမိုကရေစီ ၏ အခြေခံအကျဆုံး စည်းမျဉ်း ကပင် စစ်တပ်သည် အရပ်သားများ ၏ ဦးဆောင်မှုအောက်မှာ ရှိရမည် ဖြစ်ပေမယ့် ကာကွယ်ရေးဝန်ကြီး၊ပင်တဂွန် က အရာရှိကြီးများ နဲ့ ဥပဒေပြု အမတ်များက ထရန့်ရဲ့ လုပ်ရပ်တွေအပေါ် အလန့်တကြား ဝေဖန် ပြစ်တင်လာတာ ကိုက စည်းကျော်သွားအောင် ဖြစ်သွားစေပါတယ်။

ဗိုလ်ချုပ်ကြီးများ အဖို့ အခုလို မြို့ပြ အခွင့်အရေး များကို အကာအကွယ် ပေးခဲ့ ခြင်းသည် ကပင် ရင်အေးစရာ ဖြစ်လာခဲ့ရပါတယ်။ သို့သော် မည်မျှပင် အခြေအနေ ဆိုးဝါးနေစေကာမူ ဒီမိုကရေစီ ကို ကယ်တင်ရန် စစ်တပ်ဖက် လှည့်ကြည့်ခဲ့ရတာကပင် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးလို့ ပညာရှင်များက ဝေဖန် ခဲ့ကြပါ တယ်။

လှစိုးဝေ

Add a Comment

Your email address will not be published. Required fields are marked *

twenty − ten =