ကာမပိုင် ရှိသူနဲ့​ ဖောက်ပြားလျှင် ကြုံရ မည့်ဒု-သ-န-သော အကြောင်း

ကာမပိုင် ရှိသူနဲ့​ ဖောက်ပြားလျှင် ကြုံရ မည့်ဒု-သ-န-သော အကြောင်း

ဒု – သ – န – သော ဆိုတဲ့ဒီစကား​ ​လေးလုံးအကြောင်း ကတော့မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊​ဇေတဝန် ကျောင်းတော်မှာသီတင်းသုံး နေတော်မူချိန်က ဖြစ်၏။

တစ်နေ့သာဝတ္ထိပြည်ရှင်​ကောသလဘုရင်ဟာတိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသားအမျိုးသမီးတစ်ဦးကို နှစ်သက်သဘောကျခဲ့၏။

နန်းတော်ပြန်ရောက်ပြီးအဲဒီအမျိုးသမီးအကြောင်းကိုစုံးစမ်းခိုင်းတဲ့ အခါအိမ်ထောင်ရှိအမျိုးသမီး တစ်ယောက်ဆိုတာသိခဲ့ရပေမယ့် ဘုရင်ကောသလဟာအမျိုးသမီးအပေါ်စွဲလန်းနေမိတဲ့အတွက်ဒီအမျိုးသမီးကို အရယူဖို့သူမရဲ့​ယောက်ျားကိုခေါ်ပြီးနန်းတော်မှာအလုပ်ခန့်ခဲ့၏

ကောသလမင်းကြီးဟာအမျိုးသမီးဟာလင်ရှိမယား ဖြစ်နေတဲ့အတွက်အဲဒီလင်ယောက်ျားကိုတစ်နည်း နည်းနဲ့အပြစ်ရှာပြီးအပြစ်အတိုင်းအဆုံးစီရင်ကာကျန်ခဲ့တဲ့အမျိုးသမီးကိုသိမ်းပိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူဆင်းရဲသား လင်ယောက်ျားကိုနန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်၏။

လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်းတစ်နေ့တော့ သူဆင်းရဲသား​ယောက်ျားကို တာဝန်တစ်ခုကိုစေခိုင်းခဲ့၏။

ဘုရင်ကြီးက”အချင်းယောက်ျားငါ့ဘုရင်နန်းတော်ကနေတစ်ယူဇနာကျော်ကျော်လောက်မှာရှိတဲ့မြစ်တစ်ခုကိုသွားပြီးအဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့အရုဏဝတီမြေကိုငါဘုရင် ရေးချိုးချိန်အမီ​ဆောင်ယူကာ ဆက်သရမယ်။

အချိန်မီ ရောက်မလာရင်သင့်ကိုမင်းပြစ်မင်းဒဏ်ပေးမယ်။အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့မင်းအမိန့်နဲ့ စေခိုင်းခဲ့၏။

ဘုရင်ကြီးဟာမဖြစ်နိုင်တာကိုတမင် အပြစ်ရှာပြီးခိုင်းတဲ့သဘော ဖြစ်ပေမယ့်မင်းခယောက်ျားသူဆင်းရဲသားကတော့အမိန့်အတိုင်းသွားရောက်ဆောင်ယူရမှာဖြစ်ပါ၏။

ဒါနဲ့သူဆင်းရဲသားလည်းဇနီးမယားကိုအကျိုးအကြောင်းပြောကာထမင်းရိက္ခာပြင်စေပြီးတစ်ယူဇနာခရီးကို အပြီးနှင်ခဲ့၏။

လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကိုခရီးသွား ယောက်ျားကိုလည်း လှူကာကျန်တဲ့အစားအစာတွေကိုလည်းမြစ်ထဲမှာရှိတဲ့ သတ္တဝါတွေကိုကျွေးမွေးလှူဒါန်းပြီးသစ္စာပြုလိုက်၏။

တိုတိုပြောရရင်ဒီကုသိုလ်ကောင်းမှုကြောင့်ပဲမရနိုင်တဲ့ကုမုဒြာကြာနဲ့အရုဏဝတီမြေကို ရရှိခဲ့၏။

ဘုရင်အမိန့်အတိုင်းလိုအပ်တာကိုယူဆောင်ပြီးနန်းတော်သို့အချိန်မီရောက် အောင်ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ဘုရင်ကြီးဟာသူဆင်းရဲသားမရောက်ခင်နန်းတော်မြို့တံခါးကိုစောစောအပိတ်ခိုင်းလိုက်၏။

ဆင်းရဲသားယောက်ျားဟာမြို့တံခါးပိတ်ထားတဲ့ အတွက်အဲဒီညအိပ်စရာမရှိတဲ့အခါနောက်ဆုံးသတ္တဝါ​တွေရဲ့ ထုံးစံအတိုင်းဒုက္ခရောက်မှဘုရားကျောင်း ကန်ကိုသတိရကာမြတ်စွာဘုရားကျောင်းတော်မှာသွားရောက်အိပ်စက်ခဲ့ရ၏။

ကောသလဘုရင်ဟာ အဲဒီညမှာဆင်းရဲသားယောက်ျားကိုမင်းဒဏ်နဲ့ အဆုံးစီရင်ပြီးသူ့မယားကို သိမ်းပိုက် ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေးစတဲ့အတွေးတွေနဲ့ ကိလေသာမီးတောက်လောင်ကာအိပ်မရဖြစ်နေ ခဲ့၏။

အိမ်မပျော်ဖြစ်နေတဲ့ ဘုရင်ဟာညဥ့်နက်နက်အချိန်မှာလောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ငရဲသား လေးယောက် ရဲ့အသံကိုထူးထူးခြားခြား ကြားလိုက်ရ၏။

အဲဒီငရဲသား လေးယောက်ဟာငရဲခံရင်းသူတို့ မှားခဲ့တဲ့အမှားအတွက်ခံရတဲ့ဒုက္ခတွေကိုတစ်ယောက်နဲ့တစ်ယောက်ကြားရအောင် အော်ဟစ်ညဉ်းညူပြောကြားဖို့ ကြိုးစားကြရင်းအပြည့်အစုံ မပြောနိုင်ဘဲတစ်ယောက်က”ဒု”၊တစ်ယောက်က”သ”၊တစ်ယောက်က “န”၊တစ်ယောက်က “​သော”လို့တစ်လုံးစီလောက်ပဲအော်ပြောနိုင်ကြပြီးငရဲအိုးထဲပြန်မြုပ် သွားခဲ့ကြ၏။

အိပ်မပျော်ဖြစ်နေတဲ့ကောသလမင်းကြီးဟာအဲဒီအသံကြီးတွေကို ကြားပြီးအရမ်းထိတ် လန့်ကာဘယ်လိုမှအိပ်မရတော့ဘဲ တစ်ညလုံးမိုးလင်းခဲ့ရ၏။

မနက်လင်းတော့ကောသလဘုရင်ဟာညကအဖြစ်အပျက်တွေကိုတွေးတောကြောက်လန့်ပြီးပညာရှိပု ရောဟိတ်ကိုမေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက”အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီးအသက်အန္တရာယ် အတွက်စိုးရိမ်စရာဖြစ်ပါတယ်။

ဒီအန္တရာယ်တွေကင်းဖို့သဗ္ဗသတဆိုတဲ့ ယဇ်ကိုပူဇော်ရပါမယ်။ဒီယဇ်ပူဇော်ဖို့ အတွက်ဆင်၊မြင်း၊ နွားလဥသဘ၊ နို့ညှစ်နွားမ၊ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊ဝက်၊သတိုးသား၊ သတိုးသမီးစသဖြင့်သတ္တဝါတစ်မျိုးမျိုးကိုတစ်ရာစီပြုကာသတ်ပြီးပူဇော်ရပါမယ်။

အဲဒါဆိုဘုရင်ကြီးရဲ့အသက်အန္တရာယ် အတွက်စိုးရိမ်စရာမရှိပါ အရှင်မင်းကြီး”လို့လျှေက်တင် လိုက်ကြ၏။ကောသလဘုရင်ဟာဉာဏ်အမြင် နည်းပါးပြီးကိုယ့်အသက်ရှင်ရေးဆိုဘာမဆိုလုပ်နိုင်တဲ့ သူဖြစ်တဲ့အတွက်ပုရောဟိတ်ပြောတဲ့အတိုင်းစီရင်စေ၏။

ဘုရင်ရဲ့ယဇ်ပူဇော်မှုအစီအစဉ်ကြောင့်တိုင်းပြည်တစ်ပြည်လုံးအုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သား သမီးပါသွားတဲ့မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေးငိုကြွေးကြ၏။

ဒီအသံတွေကြောင့်ကောသလမင်း ကြီးရဲ့မိဘုရားဖြစ်တဲ့ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီးဒါဟာလမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့အကြောင်း၊ ဒီပြဿနာကိုဖြေရှင်းပေးနိုင်မှာဘုရားရှင်သာဖြစ်ကြောင်းနဲ့ဘုရားရှင်ထံ သွားရောက်လျှောက်ကြားဖို့အကြောင်း အကြံပြုလိုက်၏။နောက်ဆုံးတော့ကောသလမင်းကြီးဟာမိဘုရားကြီးရဲ့အကြံအတိုင်း ဘုရားရှင်ထံ သွားရောက်ခဲ့၏။

ဘုရားရှင်ထံရောက်တဲ့အခါကောသလမင်းကြီးကညကကြားခဲ့ရတဲ့ အသံတွေအကြောင်းလျှောက်ထားတဲ့ အခါမြတ်ဗုဒ္ဓက အဲဒီအသံတွေဟာတခြားမဟုတ် မကောင်းတဲ့ကာမေသုမိစ္ဆာစာရကံကြောင့်လောဟကုမ္ဘီ ငရဲမှာကျရောက်နေတဲ့ငရဲသား လေးယောက်တို့ရဲ့အသံပဲဖြစ်ကြောင်း မိန့်တော်မူကာအဲဒီ ငရဲသားတွေရဲ့အတိတ်အကြောင်းကိုဟောတော်မူပါ၏။

မြတ်ဗုဒ္ဓက”ဒီငရဲသားတွေဟာကဿပမြတ်စွာဘုရားရှင်လက်ထက်တုန်းကအတူသွားအတူလာအတူပျော်ပါးစားသောက်ကြတဲ့ ချမ်းသားတဲ့သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊သူဋ္ဌေးသားလေးယောက်ဟာငွေကြေး ချမ်းသာကြတဲ့အတွက်

အပျော်အပါး အမျိုးမျိုးကိုပျော်ပါးကြရင်း နောက်ဆုံးသူတို့လေးယောက်တိုင်ပင်ကာစည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့အမျိုးသမီးတွေကိုပေးကာသူတို့နဲ့ပျော်ပါးတဲ့အခါအသုံးပြုကြဖို့ ဆုံးဖြတ်ပြီးချောမောလှပတဲ့ အမျိုးသမီးမှန်သမျှအိမ်ထောင်ရှိရှိ မရှိရှိစည်းစိမ်ပေးပြီးပျော်ပါးခဲ့ကြကြောင်း၊

ကဿပဘုရားရှင် ပွင့်တော်မူတဲ့အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာပွင့်တဲ့အတွက် သူဋ္ဌေးသားလေး​ယောက်ဟာကာမေသုမိစ္ဆာစာရ အမှုကိုနှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ဒီအကုသိုလ်ကြောင့်ပဲသူတို့လေးယောက်သေတဲ့အခါအဝီစိငရဲမှာ ကျရောက်ကာအဝီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာခံစားပြီး အခု တစ်ခါလောဟကုမ္ဘီငရဲမှာ ထပ်ပြီးခံ နေရတာဖြစ်ကြောင်း၊

မင်းကြီးကြားတဲ့ အသံတွေဟာလောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့အဲဒီသူဋ္ဌေးသား လေးယောက် ရဲ့ အသံပဲဖြစ်ကြောင်း”စသဖြင့်အတိတ်ဆောင်ကာကောသလမင်းကြားခဲ့တဲ့အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကိုထပ်မံရှင်းလင်း မိန့်တော်မူပါ၏။

မြတ်စွာဘုရားရှင်ကကောသလမင်းကြီး ကြားခဲ့တဲ့အသံတွေထဲက “ဒု”ဆိုတဲ့အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့

“ဒုဇ္ဇီဝိတ မဇီဝိမှိ၊

ယေသန္တေ န ဒဒမှသေ။

ဝိဇ္ဇမာနေသု ဘောဂေသု၊

ဒီပံ နာကမွ အတ္တေနာ။”

ငါတို့အားစည်း စိမ်ဥစ္စာများထင်ရှားရှိကုန်ပါလျက်မပေးမလှူမိကြကုန်၊ မိမိ၏ မှီရာကိုင်းကျွန်းသဖွယ် ဖြစ်သည့်ကုသိုလ်​ကောင်းမှုကို မပြုမိကြသည့်ငါတို့သည် မကောင်းသဖြင့်အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ပြောလို တာဖြစ်ကြောင်း၊

“သ”ဆိုတဲ့ အသံဟာလည်းဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့

“သဋ္ဌိဝဿ သဟဿာနိ၊

ပရိပုဏ္ဏာနိ သဗ္ဗေသာ။

နိရေယ ပစ္စမာနာနံ၊

ကဒါ အန္တော ဘဝိဿတိ။”

လောဟကုမ္ဘီ ငရဲမှခံစားနေရသည့် ငါအားတို့ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီးဖြစ်သော်လည်း ထိုငရဲခံရမှုသည်မည်သည့်အခါတွင်အဆုံးသတ်မည်နည်း”လို့ပြောလိုတာ ဖြစ်ကြောင်း၊

“န”ဆိုတဲ့ အသံဟာလည်းဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“နတ္ထိ အန္တော ကုတော အန္တော၊

န အန္တော ပဋိဒိဿတိ။

တဒါ ဟိ ပကတံ ပါပံ၊

မမ တုယွဉ္စ မာရိသာ။”

ငါတို့အားအဆုံးအပိုင်းအခြားသည် မရှိခဲ့၊ငရဲ၏ အဆုံးကားအဘယ်မှာ ရှိအံ့နည်း။ ငရဲခံရခြင်း၏အပိုင်းအခြားသည်မထင်ရှား။ငါတို့သည် လူဖြစ်စဉ်ကမကောင်းမှု အများအပြားကိုပြုမိခဲ့လေပြီ”လို့ပြောလိုတာ ဖြစ်ကြောင်း၊

“​သော”ဆိုတဲ့ အသံဟာလည်းဒီအသံပိုင်ရှင် အနေနဲ့

“​သောဟံ နူန ဣတောဂန္တွာ၊

ယောနိံ လဒ္ဓါန မာနုသိံ။

ဝဒညူ သီလသမ္ပန္နော၊

ကာဟာမိ ကုသလံ ဗဟုံ။”

ငါသည် ဤသံပူရည် ငရဲမှလွတ်မြောက်ပြီး လူ့ဘဝကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကိုသိ​လေ့ရှိသည်ဖြစ်၍၊သီလနှင့်ပြည့်စုံသည်ဖြစ်၍၊များစွာသော ကုသိုလ်ကောင်းမှုကိုပြုပါတော့အံ့”လို့ပြောလိုက်​တာဖြစ်ကြောင်း စသဖြင့်ဒု – သ – န – သော ဆိုတဲ့အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကိုဟောကြား ချီးမြှင့်တော်မူပါ၏။

အသံပိုင်ရှင်တွေရဲ့အတိတ်ဇာတ်ကြောင်းနဲ့ဆိုလိုရင်းအဓိပ္ပါယ်တွေကိုကြာူနာ လိုက်ရတဲ့ ကောသလဘုရင်အရမ်းကြောက်လန့်သွားပြီးသူများသားမယားကိုပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်းပျောက်ကုန်ပါ​တော့၏။

ဒီဖော်ပြချက်တွေကတော့ဒု – သ – န – သော ဆိုတဲ့တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့အကြောင်းနဲ့ဒု – သ – န – သော ဆိုတဲ့စကားအဓိပ္ပါယ်နဲ့ဒီစကားပိုင်းရှင်တွေရဲ့အတိတ်ဇာတ်ကြောင်း​လေးပဲဖြစ်ပါ၏။

ဒီနေရာမှအဓိကပြောချင်တာကအများသိထားကြတဲ့ဒု – သ – န – သော ဆိုတဲ့စကားလုံးတွေအကြောင်းနဲ့ဒီအသံတွေကို ပြုကြတဲ့ငရဲသားတွေရဲ့ မကောင်းတဲ့လုပ်ရပ်တွေ အကြောင်းကိုပြောချင်တာဖြစ်ပါ၏။ဒီငရဲသားတွေရဲ့ အတိတ်ကလုပ်ခဲ့တဲ့သူတပါးသားမယားကို ဖျက်စီးခဲ့တဲ့ကာမေသုမိစ္ဆာစာရ ကံရဲ့တန်ပြန် သက်ရောက်မှု အကျိုးပေးရဲကြောက်စရာ ကောင်းပုံကိုသိစေချင်တာ ဖြစ်ပါ၏။

စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ကျူးလွန်ခဲ့ကြတဲ့အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင်ခံရတတ်တဲ့ သဘောကိုသဘောပေါက် နားလည်စေချင်တာဖြစ်၏။ပြီး​တော့ ဒီလို အကုသိုလ်မျိုးမပြုဖြစ်အောင်ကိုယ်ကျင့်သီလကို အထူးလုံခြုံစေချင်တာဖြစ်ပါ၏။

ဒါကြောင့်ဒု – သ – န – သောဆိုတဲ့စကားလုံးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာ အဖြစ်အပျက်အဓိပ္ပါယ် တွေကိုကောင်းကောင်းနားလည်သဘောပေါက်ပြီးရခဲတဲ့လူ့ဘဝကို ရထားကာဘုရားသာသနာနဲ့လည်းကြုံနေကြတဲ့ အခိုက်မှာကိုယ်ကျင့်သီလကို လုံခြုံအောင်စောင့်ထိန်းရင်းကုသိုလ် ကောင်းမှုများကိုပါရသမျှ စုဆောင်းနိုင်ကြဖို့ဒီစာစုလေး နဲ့ အသိပေးရင်းဒု သ န သောမှ ရှောင်နိုင်အောင်ကြိုးစားကြဖို့လည်း စေတနာစကားမေတ္တာအားဖြင့် တိုက်တွန်းသမှုပြုလိုက်ရပါ၏။

အချစ်စစ်ကိုရှာဘဝလက်တွဲဖော်နဲ့သာလှပတဲ့ဘဝတစ်ခုတည်ဆောက်ဖို့ တိုက်တွန်းပါ၏။

– Ashin Pan Dita –