လပြည့်ည သန်းခေါင်ယံအချိန် သချုင်္ိင်းကုန်း မှာ လုပ်တဲ့ အကျွတ်အလွတ်ပွဲ အကြောင်း

လပြည့်ည သန်းခေါင်ယံအချိန် သချုင်္ိင်းကုန်း မှာ လုပ်တဲ့ အကျွတ်အလွတ်ပွဲ အကြောင်း

အသားနဲ့ ယူမလား၊ သက်သတ်လွတ် ယူမလား၊ ဆေးလိပ် ကြိုက်တတ်လား၊ လက်ဖက်ရည် ယူဦးမလား” စသော စကား ပြောဆိုနေကြသူများသည် ထမင်းဆိုင် တစ်ဆိုင်၊ စားသောက်ဆိုင် တစ်ဆိုင်တွင် မေးမြန်း နေကြခြင်း မဟုတ်ပါ။

မန္တလေးမြို့အစွန်မှာရှိတဲ့ သုသာန်ထဲမှာ အသက် (၄၀) ကျော် အရွယ်ရှိတဲ့ အမျိုးသမီး သုံဦး ပြောဆိုနေတဲ့ အသံတွေပဲ ဖြစ်ပါသည်။

ဒါဟာ နှစ်စဉ်မပြတ် ကျင်းပပြုလုပ်လာတဲ့ မန္တလေးမြို့တော် ဘက် တောင်အင်း-မြောက်အင်း သုသာန်ထဲမှာ သီတင်းကျွတ်လပြည့်နေ့ ညနေ (၆းဝဝ) အချိန်ကတည်းက စပြီး ကျင်းပပြုလုပ်နေတဲ့ အကျွတ် အလွတ် ဒါနပြု အမျှဝေပွဲတော် ဖြစ်ပါတယ်။ အာဟာရဒါန အလှူရှင်တွေက လာရောက်ကြည့်ရှုသူ၊ သေဆုံးသွားသူတွေ ရဲ့ ဆွေမျိုးသားချင်းတွေကို မေးမြန်းနေတာပဲ ဖြစ်ပါတယ်။

အကျွတ်အလွတ် ဒါနပြု အမျှဝေ ပွဲတော်ဆိုပြီး ၁၉၆၉ ခုနှစ်က စတင်လို့ ချောက်မြို့ကနေ စတင်ပြုလုပ်ခဲ့ပြီး၊ ၁၉၈၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ ၊ ၁၉၇၇ ခုနှစ်တွင် မန္တလေးမြို့တို့၌ ပထမဆုံအကြိမ် မြစ်ကျင်းပ ပြုလုပ်လာခြင်း ဖြစ်သည်။

အကျွတ်အလွတ် ပွဲတော်ကို သတင်းကျွတ် လပြည့်နေ့ည တွင်သာ ပြုလုပ်ပြီး၊ ဗုဒ္ဓဘာသာလူမျိုးတို့၏ သက်ကြီး ရွယ်အိုများကို ပူဇော်ကန်တော့သည့်လ၊ ရဟန်းတော်များ ဝါကျွတ်သည့်လ ဖြစ်သည့်အတွက် သီတင်းကျွတ် လပြည့်နေ့ကိုသာ ရွေးချယ်ခြင်း ဖြစ်ပြီး၊ ဒါနပြု အမျှဝေပွဲတော် ကျင်းပသည့် အချိန်ကိုလည်း ထိုအလေ့ကို ယုံကြည် သူများရဲ့ အဆိုအရ ပြိတ္တာများ အတွက် အဆင်ပြေသည့် ညနေ နေဝင်ရိသရော အချိန်တွင်သာ စတင်ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

မန္တလေးမြို့ တောင်အင်း၊ မြောက်အင်း သုသာန်တွင်လည်း အောက်တိုဘာလ (၂၈) ရက်နေ့က (၃၈) ကြိမ်မြောက် အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် အကျွတ်အလွတ် ဒါနပြုအမျှဝေပွဲတော်ကို လူအများတဖွဲဖွဲ လာရောက်ကြသည်။ ယခင်က အကျွတ်အလွတ် ပွဲတော်ကို တောင်အင်း၊ မြောက်အင်း မရှိစဉ်အချိန်က မန္တလေးမြို့နှင့် အလှမ်းမဝေးလှသော တောင်မြင့် သုသာန်တွင်သာ ကျင်းပပြုလုပ်ခဲ့သောကြောင့် လူအများမှာ သုသာန်နယ်မြေတွင် ပြွတ်သိပ်၊ ပိတ်ဆို့လျက်ရှိသည်။

ယခုလက်ရှိ ကျင်းပသော တောင်အင်း-မြောက်အင်း သုသာန်မှာ မန္တလေးမြို့နှင့် အလှမ်းဝေးလှပြီး သွားလာရာ လမ်းမှာလည်း လူနေအိမ် မရှိသလောက် ရှားပါးသည့် အတွက် ယခင်လောက် လူစည်ကားခြင်း မရှိတော့။ လမ်းဘေးမီးတိုင်များလည်း မရှိသကဲ့သို့ သုသာန်သို့ သွားလာရာ လမ်းကလည်း တိတ်ဆိတ် လွန်းလှသည်။

သို့သော်လည်း အဆိုပါ နေရာသို့ ညဥ့်နက်လေ၊ လူအများ တဖွဲဖွဲ လာရောက် သူများ လာလေ ဖြစ်သည်။ သုသာန်နယ်မြေသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် မီးများမှာလည်း လင်းထိန်လျက် ရှိနေပြီး၊ ဒါနပြုလုပ်နေသူများကလည်း ဝင်ရောက်လာသူ အပေါင်းကို မေးမြန်းလျက်ရှိသည်။

”အမတို့က နှစ်စဉ်မပြတ် ဒါနပြုလုပ်နေတာပါ။ သက်ဆိုင်ရာ ဘိုးဘွားမိဘတွေကို အစာကျွေး၊ ဒါနပြုချင်သူတွေ အနေနဲ့ အမတို့က ကုသိုလ်ယူ စီစဉ်ပေးတယ်။ အသားကြိုက်တယ်ဆို အသားဟင်းလည်း ထည့်ပေးတယ်။ သက်သတ်လွတ်ဆိုရင် ငှက်ပျောသီးနဲ့ ထမင်း ထည့်ပေးတယ်။ ပြီးတော့ တခြားသူတို့ ကြိုက်တတ် တဲ့ ဆေးလိပ်တို့ ၊ လက်ဖက်ရည်တို့ကိုပါ ဒါနပြုနေတာပါ” ဟု လာရောက် ဒါနပြုနေသော စေတနာ မေတ္တာရှင်အဖွဲ့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ သုသာန် အတွင်းသို့ ဝင်ရောက်သည်နှင့် လူ အများမှာ ဟိုတစ်ခု၊ ဒီတစ်ခု ပျံ့နှံ့လျက် ရှိသည်။ ရေအိုး ငါးလုံးခန့် ရေခွက်နှင့်အတူ မြေပေါ်တွင် ချထားပြီး အိုးရှေ့မှာလည်း သဲများကို ညီညာစွာ ခင်းကျင်းထားသည်။ ပြိတ္တာများ နားနေရန်ဟူ၍ ဆိုင်းဘုတ်များ ချိတ်ဆွဲထားသည်။ စေတီပုထိုးရှေ့ တည့်တည့်တွင်လည်း ကြိုးများ တန်းထားကာ သဲများကိုလည်း ညီညာဖြန့်ဖြူးထားပြီ စေတီရှေ့တည့်တည့် သစ်ပင်၌ ပြိတ္တာများ ဘုရားဖူးရန် ဟူ၍ ချိတ်ဆွဲထားသည်။ ရေအိုးရှေ့တွင်လည်း ပြိတ္တာများ ရေသောက်ရန် ဟူ၍ စာရေးထားသည်။ သစ်ပင် အောက် များတွင်လည်း အင်ရွက်ပေါ်တွင် ထည့်ထားသော ထမင်းများ၊ လက်ဖက်ရည်ခွက်များကို ကိုင်ဆောင် လျက် ဟိုတစ်ခု ဒီတစ်ခု အလင်းရောင်များ အောက်တွင် ပျံ့နှံ့လျက်နေသည်။

အဆိုပါ အချိန်၌ ပွဲကျင်းပရေး ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက လော်စပီကာဖြင့် ပွဲလာသူများထံသို့ စကား ပြောကြားလိုက်သည်။

”သက်ဆိုင်ရာ ဘိုးဘွား၊ မိဘ၊ ဆရာသမားများ နဲ့ ဆွေမျိုးသားချင်းများကို ဒါနပြု အမျှဝေလာရောက် ကျွေးမွေးကြသော ပရိသတ်များ အနေဖြင့် ခဏနေဆို မီးပိတ်ပါတော့မယ် ခင်ဗျာ။ အကျွတ်အလွတ် ဒါနပြု အမျှဝေပွဲတော် သန်းခေါင်ယံ အစားအစာ ကျွေးမွေးဧည့်ခံပွဲကို လာရောက် စားသောက် ကြတဲ့ ဆွေဟောင်း မျိုးဟောင်းများ၊ မိဘဆွေမျိုးများနဲ့ မိတ်ဆွေမျိုးများနဲ့ မိတ်ဆွေများအားလုံး ဆင်းရဲခပ် သိမ်းကင်းငြိမ်းကြပါစေ။ ဒီကနေ့ည ကျွေးမွေးတဲ့ အစားအစာများကို လည်း လွပ်လွပ်လပ်လပ် အားရပါးရ စားသုံးနိုင်ကြပါစေ” ဟု လော်စပီကာဖြင့် ပြောကြား လိုက်သည်။

ထိုအချိန်တွင် လူများမှာ စိတ် ဝင်စားမှုများ အပြည့်ရှိနေပြီး၊ ၎င်းတို့ ကျွေးမွေးထားသော ထမင်း၊ ဟင်း များကို အသံတိတ်စွာ စောင့်ကြည့် သူများ ပြည့်နက်လျက်ရှိနေကာ မိနစ် ပိုင်းအတွင်း သုသာန်တစ်ပြင်လုံး မီးမှိတ် လိုက်တော့သည်။

ထိုကဲ့သို့ မီးမှိတ်လိုက်သော ကြောင့် သုသာန် တစ်ပြင်လုံးမှာ လပြည့်နေ့ည၏ အလင်းရောင် အောက်တွင် မှုန်ဝါးဝါးသာ မြင်ရတော့ပြီး လူအများမှာလည်း စိတ်ဝင်စားသောကြောင့် ဘုရားဘေး ပတ်ပတ်လည် တန်းစီပြည့်နှက်နေခဲ့သည်။ ထိုအချိန် တာဝန်ကျ လူတစ်ဦးက ”လမ်းလေး ဘေးဖယ် ပေးကျပါဗျာ။ လူတွေ ပိတ်နေရင် သူတို့လာလို့ မရလို့ပါ” ဟု ပြောကြားလိုက်သောကြောင့် လူအများစုမှာလည်း သုံး၊လေး ယောက် သွားစရာ လမ်းဖြစ်အောင် ဟပေးလိုက်တော့သည်။

သိပ်မကြာခင်တွင် သုသာန် တစ်ပြင်လုံး မီးများပြန်လည် လင်းထိန် သွားတော့သည်။ ထိုအချိန်တွင် ပွဲလာ ဧည့်ပရိသတ်များ အနေဖြင့် သူ့ထက်ငါ တိုးဝှေ့ကာ စေတီရှေ့ သဲခင်းထားသော လမ်းအား ကြည့်ရှု၍ ” ဟိုမှာ ခြေရာကြီးလားမသိဘူး။ ဘုရားလာဖူး သွားတယ်ထင်တယ်” စသည်ဖြင့် အမျိုးမျိုးသော ပြောစကားများ ထင်မြင်ချက်များက အလျိုလျို ပေါ်ထွက် လာတော့သည်။

ပြိတ္တာများ အနေဖြင့် ဧည့်ခံ ကျွေးမွေးထားသော အစားအစာများအား လွပ်လပ်စွာ စားသောက်နိုင်ရန် အတွက် နာရီဝက်သော် လည်းကောင်း၊ ဆယ်ငါးမိနစ်သော် လည်းကောင်း မီးမှိတ်ထားပြီး ထိုဓလေ့ကို ယုံကြည်သူများ၏ အဆိုအရ ပြိတ္တာများသည် မီးပျက်ချိန်သာ လာရောက် စားသောက်လေ့ ရှိကြောင်း ယုံကြည်ကြသည်။

”အစ်မက သေဆုံးသွားပြီ ဖြစ်တဲ့ အစ်မဦးလေးကို အာဟာရဒါနပြု လာရောက်ကျွေးမွေး၊ အမျှဝေပေးတာ။ လာရောက် စားသောက်လိမ့်မယ်လို့တော့ ယုံကြည်တယ်” ဟု သုသာန်အတွင်း လာရောက် ဒါနပြု ကျွေးမွေး နေသော အသက် (၃၀) ကျော် အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

အကျွတ်အလွတ် ဒါနပြု အမျှဝေပွဲဟူသောကြောင့် ဗုဒ္ဓဘာသာ လူမျိုးများအနေဖြင့် စိတ်ဝင် စားသောကြောင့် လာရောက်သူများပြားကာ ကျွေးမွေးချိန်တွင်လည်း သိလို၊ မြင်လိုဇောဖြင့် ကျွေးမွေးထားသော နေရာများတွင် လူအများဝိုင်းအုံ၍ ထိုင်ကြည့်ခြင်း၊ အော်ဟစ် ဆူညံခြင်း တို့ကြောင့် သက်ဆိုင်ရာ ဆွေမျိုးများ အနေဖြင့် လာရောက် စားသောက်ယူခြင်း မရှိသလို ပုံစံမပျက်ဘဲ ကျန်ရစ်နေသည် ကိုလည်း တွေ့ရှိရတတ်ကြောင်း လာရောက် ဒါနပြုသူများက ဆိုသည်။

အကျွတ်အလွတ် ဒါနပြုအမျှဝေ ပွဲတော် ဆိုသည်မှာ ”ပေတ ဥဒ္ဒိဿဒါန”ပေတ-ပြိတ္တာများကို၊ ဥဒ္ဒိသ- ရပ်ညွှန်း ၍၊ ဒါန- ပေးလှူခြင်း၊ အစားဆင်းရဲ၊ အဝတ်ဆင်းရဲ၊ အနေဆင်းရဲနေကြသော ပြိတ္တာများကို ရည်ညွှန်း၍ လှူဒါန်း သော အလှူကို ခေါ်ဆိုကြောင်း မန္တလေးမြို့ မြတောင်ကျောင်းတိုက်မှ ထုတ်ဝေသော အကျွတ် အလွတ် မှတ်တမ်း စာအုပ်အရ သိရသည်။

ထို့ကြောင့် ပြိတ္တာများအား သတင်း ကျွတ် လပြည့်ကျော် (၁) ရက်နေ့ ၊ နံနက် (၈းဝဝ) နာရီတွင် သံဃာတော် အပါး (၂၀) အား ပင့်ဖိတ်၍ လှူဖွယ်ပစ္စည်းများနှင့် တကွ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ပြိတ္တာ ဖြစ်ရသည်မှာ ဥစ္စာစွဲ၊ သားမယားစွဲဖြင့် သေလွန်ကြကုန်သောသူများ၊ မနာလိုဝန်တိုခြင်း၊ ငြူစူ စောင်းမြောင်း ခြင်းများ ကုန်သော သူများ၊ ပေးကမ်းလှူဒါန်းခြင်း မရှိသော သူများ၊ သူတစ်ပါးတို့ ပေးကမ်း လှူဒါန်းသည်ကိုလည်း တားမြစ်သောသူများ၊ သေအံ့ဆဲဆဲ အခါတွင်လည်း ရတနာသုံးပါး ကင်းလွတ်၍ မသင့်မတင့် နှလုံးသွင်းမိပါက မကောင်းသောစိတ်၊ အကုသိုလ်စိတ်များ ဖြစ်ပေါ်လာပြီး သေဆုံးခြင်းတို့များမှာ ပြိတ္တာဘဝသို့ ကျရောက်ပါကြောင်း အဆိုပါ စာအုပ်တွင် ဖော်ပြထားသည်။

မန္တလေးမြို့ ကောင်းကင်ယံတွင် အစွမ်းကုန် တောက်ပနေသည့် လရောင် ထွက်လာသည်နှင့် တစ်ပြိုင်နက် လာရောက်ဒါနပြုကြသူများ အသီးသီး ပြန်ကုန်ကြသည်။ သုသာန်မြေသည် ပြန်လည်၍ တိတ်ဆိတ် သွားသည်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

seventeen + 4 =