ကူးစက်မှု ကို ထိန်းချုပ်ထား နိုင်တဲ့ မြန်မာပြည် နဲ့ နောက် (၂) ပတ်ဆို အဖြေပေါ် တော့မယ့် အမေရိကန်

ကူးစက်မှု ကို ထိန်းချုပ်ထား နိုင်တဲ့ မြန်မာပြည် နဲ့ နောက် (၂) ပတ်ဆို အဖြေပေါ် တော့မယ့် အမေရိကန်

အမေရိကားမှာ ဆန္ဒပြပွဲတွေကြောင့် တရက်တည်း နဲ့ လူပေါင်း ၂၁၀၀၀ လောက် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ကုန်ပြီလို့ ရေးနေကြတာ တချို့ တွေ့မိတယ်။ တကယ်တော့ တရက်ကို လူ ၂ သောင်းကျော် ပျှမ်းမျှနှုန်းလောက်နဲ့ ကူးစက်နေခဲ့တာ လနဲ့ကို ချီပြီး ကြာနေပါပြီ။ ဆန္ဒပြပွဲတွေ မဖြစ်ခင်ကတည်းကိုက စံချိန်တင် အနေ နဲ့ တရက်တည်း ၃ သောင်းခွဲကျော် ကူးစက် သူတွေ ရှာတွေ့တာ ရှိခဲ့တာပါ။ နောက်နှစ်ပတ်လောက် ဆို ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါပဲ။

အခုတော့ စုစုပေါင်း ကူးစက်ခံထားရသူ ဦးရေ ၂ သန်းကျော် သွားပါပြီ။ ဒီစာကို ရေးနေချိန်အထိ ကိုဗစ်ကြောင့် သေဆုံးသွားရသူ ယူအက်စ်မှာ ၁၁၂၈၁၃ ယောက် ရှိပါပြီ။ ကူးစက်နှုန်းတွေ မကျလာသေးပေမယ့် သေဆုံးမှုတွေတော့ လျော့လာတာကိုပဲ အားတက်ရမယ့် သဘောပါ။ လုပ်ငန်းတွေ အားလုံးနီးပါး ပုံမှန်လိုပဲ ပြန်ဖွင့်ပြီး သွားလာ နေကြတာ ဖြစ်လို့ ကူးစက်မှုနှုန်းက ကာကွယ်ဆေးပေါ်လာမှပဲ ကျတော့မယ်လို့ကို ထင်တာပါပဲ။

နယူးဇီလန်မှာတော့ နောက်ဆုံးကျန်တဲ့ ကိုဗစ်လူနာ သက်သာသွားပြီ ဖြစ်လို့ အခု ဆိုရင် သူတို့ တနိုင်ငံလုံးမှာ ကိုဗစ်ကင်းစင်သွားပါပြီတဲ့။ နယူးဇီလန်မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁၅၀၄ ယောက် ရှိခဲ့တဲ့ အနက် ၂၂ ယောက် ဖိတ်စင်ခဲ့ပြီး ကျန်တဲ့သူတွေ အားလုံး ပြန်လည် သက်သာလာခဲ့တာပါ။ အခုဆိုရင် သူတို့ ပြည်သူတွေ ဘယ်လောက်တောင် ကြောင့်ကြမှု ကင်းနေကြမလဲ တွေးမိရင် အားကျ မုဒိတာပွားစရာ။

သူ့အနားက ဩစတေးလျကလည်း ကူးစက်ခံရသူ ၇၂၀၀ ကျော်နဲ့ပဲ စာရင်း ရပ်နေ ခဲ့တာ ကြာပါပြီ။ အဲဒီလူတွေထဲကနေ ပြန်လည် သက်သာလာသူပေါင်း ၆၇၀၀ ကျော် ရှိခဲ့ပြီ ဆိုတော့ သူတို့လည်း အခြေအနေ အင်မတန် ကောင်းတဲ့ သဘောပါ။ နောက်ထပ် အားကျဖွယ်ရာ နိုင်ငံတွေက ဒိန်းမတ်၊ နော်ဝေ၊ လူဇင်ဘတ်၊ ခရိုအေးရှား၊ အိုက်စလန်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ဘာကီနာဖာဆို၊ အန်ဒိုရာ စတဲ့ နိုင်ငံတွေမှာလည်း ကူးစက်နှုန်းက သိသိသာသာကို တန့်သွားတာ တွေ့မိတယ်။

ပြောရမယ်ဆိုရင် မြန်မာကလည်း ကူးစက် ခံရတာကို အတိုင်းအတာ တခုထိ ကောင်းကောင်း ထိန်းချုပ်နိုင်နေဆဲ ဖြစ်တဲ့ အတွက် စုစုပေါင်း ကူးစက်ခံထားရသူ အရေအတွက် ၂၄၆ ယောက် ဆိုတာဟာ အိမ်နီးချင်းနိုင်ငံတွေထဲမှာ လာအိုပြီးရင် အခြေအနေ အကောင်းဆုံး နိုင်ငံပါ။ ပြန်လည်သက်သာလာသူ ၁၅၉ ယောက် ရှိ ခဲ့ပြီ ဆိုတာကလည်း အားတက်စရာပါပဲ။

ကူးစက်ခံရမှု လမ်းကြောင်းကို အတတ်နိုင်ဆုံး လိုက်နိုင်တာ၊ ကူးစက်ခံရဖွယ် ရှိနိုင်သူ မှန်သမျှကို quarantine ထားပေးနိုင်တာ၊ ပြည်သူကလည်း ပူးပေါင်းပါဝင်တာတွေကြောင့် အခုလို ရလဒ်ကောင်း ရထားတာပါ။ လုပ်ငန်းတွေ ပြန်ဖွင့်လာတာ၊ လူအများ ပြန်လည်သွားလာနေကြတာတွေမှာ တချို့လစ်ဟာ မှုလေးတွေ ရှိနေပေမယ့် ဒါကလည်း အရမ်းကြီးတော့ မဆိုးလှဘူးဘဲ မြင်ပါတယ်။

အမေရိကားက အသက် ၁၀၁ နှစ် အရွယ် ဖွားဖွား တယောက်ကတော့ ကိုဗစ်ကူးစက်ခံရပြီးတော့မှ ပြန်လည် သက်သာလာတဲ့အခါ အောင်ပွဲခံတဲ့ အနေနဲ့ ဘီယာတလုံး တောင်းသောက်ခဲ့ပါသတဲ့။ Bud light beer မော့နေတဲ့ ဖွားဖွားက ချစ်စရာကောင်းတာပေါ့။ ရောဂါ အကူးမခံရဘဲ လွန်မြောက်လာနိုင်လို့ အောင်ပွဲခံ သောက်ရမယ့် ဘီယာဆိုရင်တော့ ပိုလို့ အရသာရှိမှာ မဟုတ်လား။

အရင်ရက်တွေက ရေးခဲ့ဖူး သလိုပါပဲ။ အချိန်တန်တော့လည်း ဒီကာလ ဆိုးကြီးဟာ လွန်မြောက်သွားမှာပါ။ အခုလို ဖြတ်သန်းနေရတဲ့ အချိန်မှာတော့ ကျွန်တော်တို့ သတိလွတ်လိုက်လို့ မဖြစ်သေးဘူး။ ကပ်ဘေးကို အတူ ကျော်လွှားရင်း အားလုံး မဖျားမနာ ကျန်းမာကြပါစေ။

ချစ်ခြင်းမေတ္တာဖြင့်…
ကလိုစေးထူး ဇွန်လ ၉ ရက်၊ ၂၀၂၀ ခုနှစ်။

Add a Comment

Your email address will not be published. Required fields are marked *

2 × three =