အထက်တန်းကျောင်း များ အရင်ဖွင့်ပြီး မှ အလယ်တန်း နဲ့ မူလတန်းများ ပြန်ဖွင့်မည်

အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်ရေး ကြိုတင်ပြင် ဆင်ထားရန် မြို့နယ် ပညာရေးမှူး ရုံးအချို့က အခြေခံပညာကျောင်းအုပ်ကြီးများအား ဇန်နဝါရီ ၅ ရက် က ညွှန်ကြားထားပါတယ်။ စာသင်နှစ်တစ်နှစ်နီးပါး ရပ်နားထားရတဲ့ အခြေခံပညာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုချက်ရတာနဲ့ တပြိုင်နက် အဆင်သင့် ဖွင့်လှစ်နိုင်ဖို့သာမက ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် အထက်တန်းကျောင်း ၇၀၀၀ ကျော်ကို ဇန်နဝါရီလ ပထမပတ်ကတည်းက စစ်ဆေးပြင်ဆင်နေတာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ စုံစမ်းသိရပါတယ်။

ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ အခြေခံပညာကျောင်းတွေကိုလည်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လနောက်ဆုံးပတ်က စမ်းသပ်ဖွင့်လှစ်ခဲ့တဲ့ နည်းလမ်းအတိုင်း အထက်တန်းကျောင်းတွေကို အရင်ဖွင့်လှစ်ပြီးမှ အလယ်တန်းအဆင့်နဲ့ မူလတန်းအဆင့် စာသင်ကျောင်းတွေ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

အခြေခံပညာကျောင်းများ ပြန်ဖွင့်ရေးအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက စီမံချက် ရေးဆွဲကာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန က ယခင်ညွှန်ကြားထားသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာ တွင် ကိုဗစ် ကာကွယ်မှု နည်းလမ်းများနှင့်အညီ ပြင်ဆင်ရ မည့် အချက် ၈၀ ချက်အတိုင်း ကြိုတင်ပြင်ဆင်ထားရန် မြို့နယ် ပညာရေးမှူးရုံးအချို့က ညွှန် ကြားချက်ထုတ်ပြန် ထားပါတယ်။

ကျောင်းများ ပြန်ဖွင့်မည့် ရက်ကို မဆုံးဖြတ်ရသေးဘဲ ရောဂါကူးစက်ပြန့်ပွားမှုလျော့ နည်းသွားမှု အပေါ် မူတည်ကာ ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ဗဟို ကော်မတီက ခွင့်ပြုလျှင် ကျောင်း များ ပြန်ဖွင့်နိုင်ရေး အဆင်သင့် ပြင်ဆင်ထားမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

‘‘ဖွင့်ခွင့်ရတဲ့အချိန်မှာ အ ဆင်သင့်ဖြစ်အောင် ကြိုတင်ပြင် ဆင်ထားဖို့ပါ။ ကြိုတင်ပြင်ဆင် ထားပြီး အဆင်သင့်ဖြစ်နေပြီဆို ရင် ဖွင့်ခွင့်ပြုပြီဆိုတဲ့ညွှန်ကြား ချက်ရတာနဲ့ သွားစစ်ရင် ကျောင်း အကုန်လုံး A အဆင့်ရရင် အချိန် တိုအတွင်း ကျောင်းတွေအကုန် ဖွင့်နိုင်အောင် ကြိုတင်ပြင်ဆင် ထားဖို့ပါ’’ဟု ဦးကိုလေးဝင်းက ဆိုသည်။ ၂၀၂၀ ဇူလိုင်လတွင် အခြေခံပညာ အထက်တန်းအဆင့်အတန်းများ ဖွင့်လှစ်ခဲ့စဉ်က ကျောင်းများတွင် COVID-19 ကာကွယ်ရေးပြင်ဆင်ထားမှုကို ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက သတ်မှတ်ထားသည့် Check List အချက် ၈၀ နှင့်ကိုက် ညီမှုရှိ၊ မရှိစစ်ဆေးပြီး အဆင့် A၊ B၊ C သတ်မှတ်ကာ အဆင့် A ရမှသာ ဖွင့်ခွင့်ပြုခဲ့ပါတယ်။

ကျောင်းတွင် ကိုဗစ် ရောဂါကာကွယ်တားဆီးရေးစီမံ ဆောင်ရွက်မှု၊ ကိုဗစ် ရောဂါသံသယ လက္ခဏာရှိသူ၊ ဖျား နာသူ၊ ကိုဗစ် ရောဂါရှိသူ အား တွေ့ရှိပါက ဆောင်ရွက်ရ မည့်လုပ်ငန်း၊ ပိုးသတ်သန့်စင် ခြင်းပြုလုပ်ရန် ဆောင်ရွက်ထား ရှိမှု၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်း ရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုစ သည့်အချက်များ Check List တွင် ပါဝင်ပါတယ်။

ထို Check List များကို ရောဂါကူးစက်မှုဆိုင်ရာ နောက်ဆုံးတွေ့ရှိချက်များ၊ လုပ်ငန်း ဆောင်ရွက်မှု အတွေ့အကြုံများ အပါအဝင် ပြောင်းလဲနေသော အခြေအနေအရပ်ရပ်နှင့်အညီ မွမ်းမံပြင်ဆင်ရန် ရှိသော်လည်း လတ်တလောတွင် မူလထုတ် ပြန်ထားသည့် Check List များ အတိုင်း ကြိုတင်ပြင်ဆင်ထားရမည် ဟုလည်း အခြေခံပညာဦး စီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။

ကိုဗစ်ဒုတိယလှိုင်း ပြည်တွင်း ပြန်မစမီ၂၀၂၀ ဇူလိုင်လလောက်က ကျန်းမာရေး ဦးစီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီ‌တဲ့ အ‌ခြေခံပညာအထက်တန်းကျောင်း ၆၅၀၀ ကျော်ကိုတစ်လ နီးပါး ဖွင့်လှစ်ခဲ့‌ပေမယ့်လည်း ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတဲ့အတွက် ဩဂုတ် ၂၈ ရက်နေ့မှာ ပြန်လည် ပိတ်သိမ်းခဲ့ရပါတယ်။ မြန်မာနိုင်ငံ တဝန်း အခြေခံပညာဦးစီးဌာန လက်အောက်မှာ ပုဂ္ဂလိက ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေ အပါအဝင် စာသင်ကျောင်းပေါင်း ၅၂,၅၀၉ ကျောင်းရှိတယ်လို့ ပညာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။