ဂျပန် နဲ့ စင်္ကာပူ မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်နေပြီး သူတို့ ဘယ်လို လုပ်ဆောင်နေကြသလဲ

ဂျပန် နဲ့ စင်္ကာပူ မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်နေပြီး သူတို့ ဘယ်လို လုပ်ဆောင်နေကြသလဲ

သူတို့ကျောင်းတွေ ပြန်ဖွင့်တဲ့ အခါ…

ဂျပန်မှာ ကျောင်းတွေပြန်ဖွင့် နေပါပြီ၊ မိဘတွေက မနက်တိုင်း ကိုယ့်ကလေးတွေရဲ့ အပူချိန်ကို တိုင်းရတယ်။ ပြီးတော့ မှတ်တမ်းမှာ ဒီမနက် ကလေးဟာ ဘယ်လောက်အပူချိန်ရှိတယ်ဆိုတာ ဖြည့်သွင်းပေရတယ်။ အဲဒီ ရေးသွင်းထားတဲ့ မှတ်တမ်းစာရွက်ကို ကျောင်းယူလာ၊ ကျောင်းရောက် ရင် သက်ဆိုင်ရာဆရာကို ပြရတယ်။ ဂျပန် ကျောင်းတွေ ကိုဗစ်ကြောင့် ပြန်ဖွင့်ပြီးချိန်မှာ အဲဒါပုံမှန် လုပ်ဆောင်ချက်တွေပဲ။

စာသင်ခန်းတွေဆိုရင် ယခင်ထက် ကျောင်းသား တစ်ဝက်လောက် လျှော့ချထားတယ်။ ကျောင်းချိန်ကိုလည်း ယခင် ထက်လျှော့ပြီး စောစော ပြန်လွှတ်တယ်။ ကျောင်းသားနဲ့ဆရာတွေအားလုံး မျက်နှာမှာ mask တွေတပ်ကြတယ်။ ကျောင်းကိုလာလို့ ကျောင်းထဲဝင်မယ်ဆိုလည်း သတ်မှတ် ထားတဲ့ အကွာအဝေးမှာ ရပ်ပြီးတော့ တစ်ဦးချင်း ဝင်ရတယ်။ ကျောင်းထဲဝင်ရင် လက်ဆေးပြီးမှ ဝင်ရတယ်။

နေ့လယ်စာကို တစ်ဦးချင်းပဲ ကိုယ့်ခုံမှာ ကိုယ် အေးဆေးစွာ ထိုင်စားကြရတယ်။ သတ်မှတ်ထားတဲ့ အကွာ အဝေးမှာပဲ ထိုင်ကြရတယ်။ ယခင်လို သူငယ်ချင်းတွေ ပူးပူးကပ်ကပ် နေထိုင်ပြောဆိုရတာမျိုးတွေ မလုပ်ရတော့ဘူး။

ကလေးတွေမေးကြည့်တော့လည်း အိမ်မှာ ထိုင်နေရတာ ထက်စာရင် ကောင်းလာပြီး သူငယ်ချင်းတွေနဲ့ တွေ့ရတာ ပျော်တယ်လို့ဆိုကြတယ်။ ဘာပြောပြော ကလေးဆိုတာ အပေါင်းအသင်းနဲ့နေရရင် ပျော်တယ်၊ အပေါင်းအသင်း ခုံမင်တတ်တာ သဘာဝပဲ။ သူတို့ကို ရောဂါကူးမှာတွေဘာတွေ သိပ်စိုးရိမ်ကြမယ် မထင်ဘူး။ ယခင်လို ထမင်းစားချိန် သူငယ်ချင်းတွေနဲ့ စုရုံးမစားရတော့ ပျော်စရာမကောင်းတော့ဘူးလို့လည်း ပြောကြတယ်။

ကလေးတွေကတော့ လူကြီးတွေထက် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်တာ နည်းပါတယ်။ ဒါပေမဲ့ ကျောင်းတွေပြန်ဖွင့် လိုက်တော့ ကျောင်းတွေကနေ ရောဂါပျံ့ပွားရာဌာနကြီးတစ်ခုမဖြစ်အောင် သတိထားကြရပြန်တယ်။

စင်ကာပူနိုင်ငံမှာတော့ ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကျောင်းလာ တက်မယ့်ကလေးတွေကို သက်ဆိုင်ရာ နယ်မြေ အလိုက် ရောဂါကင်းရှင်းကြောင်း ထုတ်ပေးတဲ့ လက်မှတ်ပါလာမှ ကျောင်းက လက်ခံမယ်။ ကလေးဟာ အခြေအနေ မကောင်းရင် ကျောင်းကိုမလာဘဲ၊ အိမ်မှာပဲနေဖို့ ခွင့်ပြုထားတယ်။ မကျန်းမာရင် အိမ်မှာပဲ ဆရာဝန် နဲ့ ကုသခိုင်းထားတယ်။ ကလေးတွေရဲ့ ရောဂါအနေအထားကို ပုံမှန် စောင့်ကြည့်ရမှာ မိဘတွေတာဝန်ပဲ။ ကလေးရဲ့ ကိုယ်အပူချိန်ဟာ 37.3°C နဲ့အထက်ဖြစ်နေရင် မိဘတွေကို ကျောင်းမလွှတ်ဖို့ ညွှန်ကြားထားတယ်။

ကျောင်းထဲမှာ မျက်နှာဖုံးတွေကို တစ်ချိန်လုံး တပ်ဆင်ထားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စာသင်ခန်းထဲ ရောက်ရင် ချွတ်ထားနိုင်ပါတယ်။ ဒါပေမဲ့ ကျောင်းထဲမှာ တစ်နေရာက တစ်နေရာကိုသွားရင်၊ ကျောင်းဆင်းလို့ ဘတ်စ်ကားကိုသွားရင်၊ ကျောင်းကို လာရင်တော့ မျက်နှာဖုံးတွေကို တပ်ဆင်လာရပါလိမ့်မယ်။ ကျောင်းထဲမှာ ဘယ်နေရာ တပ်ရာမယ်၊ မတပ်ရဘူးဆိုတာ ညွှန်ကြားချက်အတိုင်း လိုက်နာရမယ်ဆိုတာတွေ သတ်မှတ်ထားတယ်။ မိဘတွေကိုတော့ ကျောင်းထဲလုံးဝ ပေးမဝင်ပါဘူး။ ကလေးတွေကိုလည်း သတ်မှတ်ထားတဲ့ ဂိတ်ပေါက် တစ်ပေါက်ကပဲ လက်ခံပေးတယ်။

ဂျပန်ကို ပြန်ပြောဦးမယ်…

ဂျပန်ကျောင်းတွေမှာ ဂီတသင်တာ ကိုတော့ ပိတ်ထားတယ်။ တူရိယာပစ္စည်းတွေကတစ်ဆင့် ရောဂါကူးစက်နိုင် တာကြောင့်ပါ။ ကာယလေ့ကျင့်ခန်းတွေလုပ်ဖို့လည်း ကလေးတွေကို ဝေးဝေးထားပေးပြီး လုပ်နိုင်အောင် စီစဉ်ကြတယ်။

စာသင်ခန်းတွေကို လေဝင်လေထွက် ကောင်းအောင် တံခါးတွေဖွင့်ခိုင်းထားတယ်။ အဲကွန်းတွေရှိလည်း တံခါး ဖွင့်ခိုင်းထားပြီး အဲကွန်းကို ဖွင့်ခိုင်းထားတာပါ။ ဒါပေမဲ့ မျက်နှာဖုံး mask တွေကို တစ်ချိန်လုံး တပ်ခိုင်းထားသေးတယ်။

ဒီလောက် ဂရုစိုက်နေတဲ့ကြားကပဲ ကီတာကျူရှုမြို့မှာ ကလေး ၁၃ ယောက် ကိုရိုနာဗိုင်းရပ်စ်ဝင်တယ်။ ၅ ယောက်က တစ်ကျောင်းတည်း၊ တစ်ခန်းတည်းကဖြစ်တာ။ ကျောင်း ၅ ကျောင်းကို ပိတ်ခိုင်းလိုက်ရတယ်။ ခုတော့ အဲဒီ ကျောင်းတွေပြန်ဖွင့်ပြီလို့ သိရတယ်။ မိဘတွေကလည်း ကိုယ့်အိမ်နဲ့နီးတဲ့ကျောင်းတွေ မှာ ကလေးတွေကို ပြောင်းထားဖို့ စီစဉ်နေကြတယ်။

(ဒီမနက် ဖတ်လိုက်ရတဲ့ The Washington Post သတင်း တစ်ပုဒ်ကို ကိုးကားပါတယ်)

တင်ညွန့် (၁၀.၆.၂၀၂၀)