အထောက်အထားမဲ့ တရုတ်နိုင်ငံ သား ခိုးဝင် (၈) ဦးကို မြဝတီမြို့ အဝင်တွင် ဖမ်းဆီးရမိ

အထောက်အထားမဲ့ တရုတ်နိုင်ငံ သား ခိုးဝင် (၈) ဦးကို မြဝတီမြို့ အဝင်တွင် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးဘက်ကနေ ကရင်ပြည်နယ် မြဝတီမြို့ ကို ယာဉ် ၂ စီး စင်းလုံးငှါးလာတဲ့ အထောက်အထားမဲ့ တရုတ်နိုင်ငံသား၈ ဦးကိုဇွန်လ ၁၁ ရက် မနက်(၁၀)နာရီခွဲက နယ်မြေခံတပ်မတော်နဲ့ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပါတယ်။

မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်း၊ မြေနီကုန်း လမ်းဆုံတွင် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များကို စစ်ဆေးမှုများပြုလုပ်နေစဉ် သင်္ဃန်း ညီနောင်ဘက်မှ မြဝတီမြို့တွင်းဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ် ၂ စီးကို စစ်ဆေးရာမှ ယာဉ်(၂)စီးပေါ်တွင် အသက် ၃၀ နှစ် အရွယ် Mr.Kang Kezhang ဆိုသူ( ဖူချင်းပြည်နယ်၊တရုတ်နိုင်ငံနေထိုင်သူ) အပါအဝင် တရုတ်စုစုပေါင်း ၈ ဦးတို့အား တွေ့ရှိ ခဲ့ခြင်းဖြစ်ပါတယ်။

အဲ့ဒီတရုတ်နိုင်ငံသား (၈) ဦးအနက် ကျား (၅) ဦးနှင့် မ (၁) ဦးတွင် ပတ်စ်ပို့စာအုပ်သာ ပါပြီး ပြည်ဝင်ခွင့်ဗီဇာမပါရှိဘူးလို့ သိရပါတယ်။ မည်သည့် အထောက်အထားမှ မပါတဲ့သူက (၂) ဦး ရှိတယ်လို့ သိရပါတယ်။

အခုဖမ်းမိတဲ့ တရုတ်နိုင်ငံ သားတွေကို ရှမ်းပြည်နယ် လားရိုးမြို့ကနေ ကရင်ပြည်နယ် မြဝတီမြို့ကို ကားခ (၅)သိန်းကျပ်နဲ့ တင်ဆောင်လာတာ ဖြစ်ပြီး အထောက်အထား ပြည်စုံမှုရှိမရှိကို မသိဘဲ သာမာန်ခရီးသွားပုံစံ နဲ့ တင်ဆောင်လာခြင်းသာ ဖြစ်တယ်လို့ ယာဉ်မောင်း ၂ ဦး က ပြောပါတယ်။

မော်တော်ယာဉ် ၂စီးကို မောင်းနှင် လာသူ ၂ ဦးမှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အမှတ် ၂၆ ရပ်ကွက် ရွှေလင်ပန်းတန်ဖိုး နည်းအိမ်ရာနေ အသက် ၃၈ နှစ်အရွယ် ဦးတင်မျိုးလွင် ဆိုသူနှင့် အမှတ် ၂၃ ရပ်ကွက် ရွှေလင်ပန်းစက်မှုဇုံ မီးသတ်ကန်လမ်းနေ အသက် ၃၃ နှစ်အရွယ် ဦးညီညီဆိုသူတို့ဖြစ် ပါတယ်။

အဲ့ဒါကြောင့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၈ ဦး နဲ့ တင်ဆောင်လာသူ ယာဉ်မောင်း၂ ဦးကို မြဝတီခရိုင်လူဝင်မှုကြီးကြပ်ရေး အဖွဲ့ကစစ်ဆေးပြီး တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။