တစ်ကမ္ဘာလုံး ၏ အသည်းကို ကိုင်လှုပ် ခဲ့သည့်မြန်မာပြည်သား တစ်ဦး၏ အာဆီယံ အဆင့် ပထမဆုရစာမူ
|တစ်ကမ္ဘာလုံး ၏ အသည်းကို ကိုင်လှုပ် ခဲ့သည့်မြန်မာပြည်သား တစ်ဦး၏ အာဆီယံ အဆင့် ပထမဆုရစာမူ
အာဆီယံအဆင့် ပထမဆုရ စာမူ
တစ်ကမ္ဘာလုံး၏ အသည်း ကို ကိုင်လှုပ်ခဲ့သည့်မြန်မာပြည်သားတစ်ဦး၏ အာဆီယံအဆင့် ပထမဆုရစာမူ
တစ်ကမ္ဘာလုံး၏ ရင်ထဲအထိရှဆုံး ဘာသာ(၆)မျိုး ဖြင့် ပြန်ဆိုထုတ်ဝေခြင်းခံရသည့် မိဘအပေါ် ထားရှိသည့် ဆရာ မင်းသွေးငယ်၏ အာဆီယံအဆင့် ဘဝကိုယ်တွေ့ ဖြစ်ရပ်မှန်စာပေပြိုင်ပွဲ (Genuine Experience Based Literature Contest) ပထမဆုရ ရသစာပေ Post လေးပါ
မုဒိတာနှလုံးသားထဲက တဖိမ့်ဖိမ့် တသိမ့်သိမ့် ယိုစိမ့်လာတဲ့ စကား အမေကြားစေသော်
စာရေးဆရာ မင်းသွေးငယ် (ရာမညမြေ)
အေမေရ
အမေ သားကို အသက် (၄၅) နှစ်မှာ လျော့ရဲ့ပျော့တွဲနေတဲ့ လက်မောင်းသား မရှိတော့တဲ့ သဘာဝညှစ်အားကို ရင်းလို့
သေမင်းနဲ့သူနိုင်ကိုယ်နိုင် အပြိုင် စစ်ခင်းလို့ သွေးချင်းချင်း ထုံအောင် သံဖြူဇရပ်ဆေးရုံမှာ ခဲရာခက်ဆစ် လူဖြစ်အောင် မွေးပေးခဲ့တယ်နော်
အခု အမေ့သား မင်းသွေးငယ်လေ
အမေပေးတဲ့ ခွန်အား အမေ့သွေးသားနဲ့ ဘဝစာမျက်နှာပေါင်း များစွာ ရုန်းကန်ရင်း အကြိမ်ကြိမ် အခါခါ ဖြတ်သန်းနိုင်ခဲ့ပါရဲ့အမေ
သားမွေးနေ့ဟာ လာမယ့် ဇန္နဝါရီလ (၂၄ ) (အမေ့ကျေးဇူးတရားတွေထုံမွှမ်းမွှေးပျံ့နေ တဲ့ အမေများနေ့) ပေါ့အမေရယ်
သားငယ်စဉ်က အမေ ပြောပြောနေတဲ့ နိုးတစ်ဝက်အိပ်ပျက်ညတွေကြား လောကဓံကို သီချင်းလုပ်ဆိုရင်း မိုးစင်စင်လင်းခဲ့တဲ့ သားတို့ရဲ့ဘဝ သားဘယ်တော့မှ မေ့မရခဲ့ဘူးအမေ
ကိုယ်ကျင့်သိက္ခာကို ဘယ်လိုလူ့လောကစည်းစိမ်နဲ့မှ မစတေးရ ဆိုတဲ့ အမေ့အမှာစကား
သား ဘယ်တော့မှ ပစ်ပယ်မထားခဲ့ဘူးအမေ
ကိုယ်လျောက်တဲ့လမ်း တပါးသူရဲ့ ပန်းထွက်လာတဲ့ သောကမျက်ရည်စက်တွေနဲ့
ရက်စက်စွာနင်းပြေး ခြေမဆေးမိစေနဲ့ ဆိုတဲ့အမေ့စကား သား ဘယ်တော့မှ မေ့မရခဲ့ဘူးအမေ
ပညာတတ်နည်းတဲ့ ဟောဒီ ပတ်ဝန်းကျင်မှာ
ပညာတတ်သားသမီးကို နုံနုံခြာခြာ ဆင်းဆင်းရဲရဲ မွေးထုတ်ရဲတဲ့အမေ့ ရဲ့မိခင် သတ္တိမျိုး ကမ္ဗည်းထိုးလောက်ပါတယ်အမေ
အမေဟာ သားသမီး (၈) ယောက်ကို နေပူပူ နှင်းသည်းသည်း ချွေးရွှဲရွှဲ ဘဝမျိုးစုံနဲ့ လောကဓံအနိမ့်အမြင့်တွေကြား
ယောက်ျားတွေ နည်းတူ မနားတမ်း ညမှောင်မှောင် အဆိပ်ပြင်းတောကောင်တွေကြား ရာဘာစီးလှီး မငြီးမငြူ ယုန်ရှာတောထွက် သမ္ဗာန်ခတ်ရဲတဲ့မိခင်ပေါ့
တကယ်တော့အမေဟာ သားအတွက် စံတင်လောက်တဲ့ ဂန္ဓဝင်မြောက် အမေပေါ့ အမေရယ်
အမေ သားအပေါ် အုတ်တစ်ချပ်စာ မပေးဆပ်နိုင်ခဲ့ရင်တောင် သဲတစ်ပွင့်စာအမေ့ကျေးဇူးအတွက် သားတစ်သက်လုံး ကျေးဇူးတင်နေမှာပါ
အမေ သားအပေါ်လမင်းကြီးလောက် အလင်းမပေးနိုင်ခဲ့ရင်တောင်
ပိုးစုန်းကြူးတစ်ကောင်စာ အလင်းအတွက် အမေ့ကျေးဇူးကို သားဒီတစ်သက် မမေ့ရက်ပါဘူးအမေရယ်
လူတွေတင်စားတဲ့ လပြည့်ညအလင်းဟာ တိမ်ရောင်စုံအလှတွေနဲ့ လင်းပါရဲ့ ပန်းတွေနဲ့ သင်းပါရဲ့ ဂုဏ်တွေနဲ့ ထင်းပါရဲ့အမေ
ဒါပေမယ့် သူတို့က တိမ်မဖုန်းမီလေး သာနိုင်လင်းနိုင် သင်းနိုင်တာပါအမေ
လမိုက်ညကင်းတဲ့ အမေ့ကျေးဇူးတရားကို ဘယ်တုန်းကမီခဲ့ဖူးလို့လဲ အမေရယ်
သားဒီစာလေးရေးနေတဲ့အချိန်မှာ MRTV မှာ မယ် စင်္ကြဝဠာရွေးပွဲတွေ လာနေတယ်အမေ
သူတို့ကို တစ်ကမ္ဘ္ဘာလုံးက ပြုံးအလှပိုင်ရှင် လို့ သတ်မှတ်ထားပါရဲ့အမေ
ဒါပေမယ့်အမေရယ် သားကျောင်းက အပြန် အိမ်ရှေ့ပြတင်း ပေါက်နားက ဆီးကြိုနေတတ်တဲ့
အမေ့ရဲ့ အသက် (၅၀) ကျော် အပြုံးကို ဘယ်တုန်းက မီခဲ့ဖူးလို့လဲ အမေ ရယ် သားလေ စာရေးလို့ ညောင်းလာတာနဲ့ အိမ်ရှေ့ဝရံတာကို ထွက်ကြည့်လိုက်တာ
သားတို့အိမ်ကို လေးဘက်လေးတန် ကာရံထားတဲ့
ခံ့ခံ့ထည်ထည် အုတ်တံတိုင်းကြီးကိုတွေ့တယ်
ဒါပေမယ့် သားသမီးတွေ နှင်းမယို မိုးမစို နေမခို အောင် ရင်အုပ်မကွာ ကာကွယ်ပေးခဲ့တဲ့ အမေ့ရဲ့ မေတ္တာတံတိုင်းကိုတော့ ဘယ်မီပါ့မလဲအမေရယ်
သားတို့ဘဝ နုနုငယ်ငယ် လူမမယ်ဘဝမျိုး မှာတောင်
နေခြည်ကြောင့် မညှိုး ဆစ်ပိုးလည်းမထိုးအောင် အရိပ်တကြည့်ကြည့် ပြုစုပျိုးထောင်ခဲ့တာ အမေပေါ့
သားအပေါ် အမေ တစ်စက်စာပဲကောင်းကောင်း တစ်ကွက်စာပဲ ကောင်းကောင်း အမေ့အပေါ် ထားရှိတဲ့သားရဲ့သစ္စာ ဘယ်တော့မှ မပြောင်းလဲပါဘူးအမေရယ်
အမေမရှိဘဲ မင်းသွးငယ်ဆိုတာဖြစ်မလာနိုင်ဘူးအမေ
တကယ်လို့ အမေသာ လူမှန်းမသိသေးတဲ့ သားကို ကျီးထိုးထိုး ခွေးစားစား လမ်းဘေးမှာ လူသူမသိ ပစ်ထားခဲ့ရင်
အခုနေ သားဘဝ ဘယ်ဘုံဘဝတောင် ရောက်နေပြီ လဲ မတွေးရဲစရာပဲအမေရယ်
သားခု လို ပြည်သူတွေအတွက် စာရေးနိုင်ဖို့ ဆေးပညာ နဲ့ လူ့အသက်ကိုကယ်တင်နိုင်ဖို့
ဆရာတစ်ယောက်အနေနဲ့ ထူးချွန်တပည့်တွေကို မွေးထုတ်နိုင်ဖို့ အမေလူဖြစ်ခွင့်ပေးခဲ့တယ်
ဒါတောင် မကသေး လူသားဆန်ဖို့ နှလုံးသားတစ်စုံ စဉ်းစားတတ်ဖို့ ဦးနှောက်တစ်စုံ
လောကကို ရှုမြင်တတ်ဖို့ မျက်ဝန်းတစ်စုံ ကုသိုလ်တရားကို ဆုပ်ကိုင်ပြီး
အကုသိုလ်တရားတွေ လွှတ်ချနိုင်ဖို့ လက်တစ်စုံ အမှန်တရားကို ကြားနာတတ်ဖို့ နားတစ်စုံ
သားအတွက် ပုံလို့ အကုန်ပေးခဲ့ပြီးပြီပဲအမေရယ် ဘာလိုသေးလို့လဲ
အမေဟာ အဖိုးအဖွားတွေအတွက် သမီးကောင်း
အဖေ့အတွက် ဇနီးမြတ် သားသမီးအတွက် အသေခံချစ်တဲ့ ဧကန်စင်စစ် မိခင်ကောင်းပေါ့အမေ
အမေဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တစ်ဦးမဟုတ်ခဲ့ပေမယ့်
အိမ်တွင်းမီး အိမ်ပြင်မထွက်အောင် အိမ်ပြင်က အပူမီး အိမ်ထဲထိမစီးအောင်စွမ်းဆောင်ရင်း
ရေလာ နေသာအောင် လမ်းကလေးတွေဖောက် ပေါက်နေတဲ့ ပေါင်းမြက်တွေကို ရှင်း
နှလုံးသားနဲ့ လမ်းခင်းပေးခဲ့သူပေါ့အမေ အမေမှတ်မိသေးရဲ့လား
ဟိုး ရာမညမြေ ရာဘာတောတန်းလေးနားက
ယိုင်နဲ့နဲ့ အိမ်အိုကြီးမှာ ရာမညမြေ ရိုးရာ သီချင်း မွန်လွမ်းချင်းလေးကို တကြော်ကြော်ဆို အိုအေးအေးအိုနဲ့
အို —-ချို လိုက်တဲ့ အမေ့တမ်းချင်း သားသမီး ရင်ထဲကို စီးဆင်းလို့
မိသားစု ငြိမ်းချမ်းခြင်းကို အခမဲ့ စွမ်းဆောင်ပေးခဲ့တာ အမေပေါ့
သားလေ
အမေမျိုးစုံကို တွေ့ခဲ့ဖူးတယ်အမေ မှောင်ပျပျ အရိပ်ကိုခိုလို့
ဓါတ်မီးတိုင်အောက် ကြောက်လန့်တကြား မိန်းမသားသတ္တိအားနဲ့
သားသမီးတွေ ညမှာအမှေးသား အိပ်စက်နိုင်ဖို့် သွေးသားပေးဆပ်နေရတဲ့အမေ ခဝါသည်ဘဝနဲ့ ရေငင်ရင်း မမြင်မစမ်း
ဗွမ်းခနဲ ရေတွင်းထဲကျ သေပွဲဝင်ခဲ့ရတဲ့အမေ မိုးရေတက်ရေတွေကြား ဗွက်ထူထူ စိုစိုရွှဲရွှဲ
လယ်ခင်းထဲမိုးမိ ပိုးထိသေခဲ့တဲ့အမေ နေမကောင်းလျက်သား
တောင်ယာခုတ်ရင်း အားယုတ်သေခဲ့တဲ့အမေ သားသမီးတွေရဲ့ အရှက်နဲ့ သိက္ခာအတွက် ပေးဆပ်
သွေးထွက်သေခဲ့တဲ့အမေ အမျိုးအတွက်အနေမှန် အသေခံခဲ့တဲ့အမေ လူမသိ သူမသိ သေခဲ့တဲ့အမေ
စတဲ့ စတဲ့ အမေများစွာ ဒီလောကကမ္ဘ္ဘာမြေမှာ ရှိခဲ့ဖူးပါပေါ့အမေရယ်
အမေတို့တို့လို လူသားတွေကြောင့် လောကဟာခေတ်အဆက်ဆက် လူသားမျိုးဆက်တွေ တည်ရှိနေခဲ့တာပေါ့
အခုတော့ အမေ သားတို့ကို့ ထာဝရ နှုတ်ဆက်ခဲ့ပြီနော်
ကင်ဆာဆိုတဲ့ မရဏ ဓါးသွားထက်ထက်က သားနဲ့ အမေအကြား သံယောဇဥြ်ကိုးကို
ရက်ရက်စက်စက် ပိုင်းဖြတ် တစစီကွဲထွက်ခဲ့ရပြီ အမေ
တကယ်တော့ ကင်ဆာဆိုတာ လူကိုပဲ သတ်နိုင်တာပါ
အမေနဲ့ သားအကြား မေတ္တာတရား ကို ဘယ်လိုမှမခွဲဖြတ်နိုင်ပါဘူးအမေရယ်
ခုလည်းလေ မမြဲခြင်းတရားကို သားနား လည်ပေမယ့် ကောင်းမွန်တဲ့ဘုံဘဝတစ်ခုမှာ အမေနဲ့သား ပြန်လည်ဆုံတွေ့နိုင်တဲ့အထိ
လောကနိယာမတရားအောက်မှာ သား ဆင်ခြင်ပြီး နေခဲ့ပါ့မယ် အမေ
အမေကွယ်လွန်ခဲ့တာ ၄ နှစ်တင်းတင်းရှိခဲ့ ပေမယ့် အမေမရှိတော့မှန်း သိရက်နဲ့
သားလေ နောင်များဆို ရာမညမြေမြေက အမေ့အိမ်အိုလေးဆီ တစ်နှစ်တစ်ခေါက် ပြန်ရောက်တိုင်း မပြင်နိုင်တဲ့အကျင့်ဟောင်းတစ်ခုကြောင့်
အမေအိပ်နေကျ အခန်းဝနားက ခန်းစီးလိုက်ကာစလေးကို ဖွင့်ဟကြည့်မိနေဦးမယ်အမေ
သားလေ အမေ့အကြောင်းကို ဆံဖြူသွားကျိုး အဘိုးအိုကြီး ဖြစ်တဲ့အထိ ပြောဖြစ် ရေးဖြစ် တွေးဖြစ်နေဦးမယ်အမေ
ဆေးရုံတစ်ဘက် အတန်းတစ်ဘက် မအားလပ်နိုင်တဲ့သား လူပုံအလယ် မငိုမိအောင် ဣနြေ္ဓဆယ်နေတဲ့ကြား အမေ့ကိုလွမ်းတဲ့အားနဲ့
မျက်ရည်တွေ ဝဲမိနေဦးမယ် အမေ သား အမေ့အတွက် ဂုဏ်ယူခဲ့သလို အမေလည်း သားအတွက် ဂုဏ်ယူပေးပါနော်
ဘယ်လိုပဲဖြစ်ဖြစ် ခြေစုံလက်စုံလူသားအဖြစ် ခဲရာခက်ဆစ် လူဖြစ်ခွင်ပေးခဲ့တဲ့အမေ့ကို သားတစ်သက်လုံးကျေးဇူးတင်နေမှာပါအမေ
သားရဲ့ မွေးနေ့ (အမေလူဖြစ်ခွင့်ပေးခဲ့တဲ့နေ့)မှာ ကောင်းမှုအစုစုအတွက် အမေရောက်ရာအရပ်က သာဓုခေါ်ပေးပါအမေ
အမေ့သား-မင်းသွေးငယ်
****
သစ္စာစကားဆိုအံ့
ကျန်ုပ် သည် လူမှန်းသိတတ်စ အချိန်မှစ၍ မိဘနှစ်ပါးကို မည်သည့်အခါမှ စိတ်ဆင်းရဲအောင်မပြုလုပ်ခဲ့ဖူးပါ
ဤ မှန်သောသစ္စာ စကားကြောင့်ကျန်ုပ်၏လိုအင်ဆန္ဒတစ်လုံးတစ်ဝပြည့်၍ဤဖြစ်ရပ်မှန် ရသ စာသားစာဖတ်သူနှလုံးသားကို ထိရှရပါစေသား
မင်းသွေးငယ် (ရာမညမြေ)
ရောဂါဗေဒဌာန
နိုင်ငံတော်နှင့် အာဆီယံအဆင့် စာပေ ဆုများရှင်
ဤ Post ကို Share ခြင်းဖြင့် ကာယကံကုသိုလ်ယူ၍ အမေသွေးနှင့်မကင်းနိုင်သည့်အမေ့သားသမီးများအာလုံး အမေ့ကျေးဇူးတတ်သိနားလည် နိုင်ကြပါစေ
နားလည်ရုံနှင့် မပြီး အမေ့ကျေးဇူးကို လူပုံအလယ် ထုတ်ဖော်ပြောကြားနိုင်ကြပါစေ
ထုတ်ဖော်ရုံနှင့် မပြီး တကယ် လက်တွေ့ပေးဆပ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက်
ကင်ဆာဟူသည့် ကံကြမ္မာမုန်းတိုင်းက အချစ်ကြီးသည့် အမေနှင့် သားအကြား ရက်ရက်စက်စက် ပိုင်းဖြတ်တစစီကွဲ ထွက်ခဲ့ရပြီလေ
‘
ပြင်းထန်သည့် ဝေဒနာဖြင့် အသက် (၇၆) နှစ်ဖြင့် မြေခ ကြွေကျ ထာဝရလက်ပြ နှုတ်ဆက်ခဲ့သည့်မိခင်ခမျာမှာတော့ သားဖြစ်သူ ဤ Post ဖြင့်ပထမဆုရကြောင်း ကိုပင် သိမသွားနိုင်ရှာပေ
ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer