ရန်ကုန် မှာ မော်တော် ဆိုင်ကယ် စီးခွင့် ပြု/မပြုခြင်း နှင့် ဗီယက်နမ် ပေးတဲ့ သင်ခန်းစာ

ရန်ကုန် မှာ မော်တော် ဆိုင်ကယ် စီးခွင့် ပြု/မပြုခြင်း နှင့် ဗီယက်နမ် ပေးတဲ့ သင်ခန်းစာ

ဒီဓါတ်ပုံတွေဟာ လွန်ခဲ့တဲ့ ၃ နှစ် ကနေ ၅ နှစ် အတွင်းက ပုံတွေ ပါ။ ဗီယက်နမ် ကို ၅ ခေါက် ရောက်ခဲ့ပါတယ်။ ပို့ဆောင်ရေးအင်ဂျင်နီယာ အမြင်နဲ့ သေချာလေ့လာခွင့်အများကြီးရခဲ့ပါတယ်။

ပုံတွေမှာ နှာခေါင်းစည်းတွေတွေ့တော့ ကိုဗစ်ဖြစ်ပြီးမှ ပုံတွေလို့ ထင်ကြ မှာပါ။ ကိုဗစ်မဖြစ်ခင် နှစ်ချီကြာခဲ့တဲ့ပုံတွေပါ။ လေထု ဆိုးရွားလာတဲ့အခါ “အသားအရေ” တွေ အလွန် ထိခိုက်ပါတယ်။ လှလိုသူ ယောက်ျား၊ မိန်းမ မရွေး အသားအရေ ပျက်စီးခြင်း ကာကွယ်ဘို့အတွက် နှာခေါင်းသာမက လည်ပင်း၊ လက်၊ ခြေထောက် ပါမကျန်ဖုံးအုပ် ကာကွယ်ကြရတာ တွေ့ရမှာပါ။

အချို့ အသားအရေ ဂရုမစိုက်ရင်တောင် ဆိုင်ကယ် မီးခိုး ဟာ ကားကထွက်တဲ့ အဆိပ်ထက် ၈ ဆပိုဆိုးစေတာပါ။ ဒါကြောင့် လွန်ခဲ့ တဲ့ ဆယ်စုနှစ်ထဲက သူတို့ဆီမှာ နှာခေါင်းစီး တပ်မှအပြင်ထွက်ကြတာထုံးစံဖြစ်နေပါဘီ။

ရာသီဥတု က ပူအိုက် စိုစွတ်ပြီး တနှစ်မှာ ၆ လကျော်လောက်က ၃၃ စင်တီဂရိတ်လောက်ရှိတာကို နှာခေါင်းစီး နဲ့ နေထိုင်သွား လာကြရတဲ့ ဒုက္ခကို မှန်းကြည့်ကြပါ။ လှလိုသူတွေကတော့ ဒီလောက် ပူအိုက်စွတ်စိုတဲ့ရာသီဥတုမှာ အနွေးထည်လို လက်ရှည်အပြည့်ဖုံး အသားလွတ် မကျန်အောင် ကားရံ ပြီးသွားလာကြရတာကိုသိပြီးမှ ဗီယက်နမ် လို ဆိုင်ကယ် ခွင့်ပြုစေချင်သေးလားပြန်စဉ်းစားစေ လိုပါတယ်။

ဘာမှမလေ့လာဘဲ တောင်းဆိုနေကြရင်ဖြင့် ပြန်ပြင်မရတဲ့အမှားနဲ့ ညားကြတော့မှာပါ။ ပုံမှာပြထားသလို ဆိုင်ကယ် ပင်လယ်ကြီး ထဲ လမ်းကူးရင် ဘယ်ကဘယ်လိုလိမ်ကောက်တိုးဝင်လာမယ့် ဆိုင်ကယ်တွေ ကားတွေ အကြားမှာ အန္တရာယ်ကြီးစွာ လမ်းကူးရမယ့်ဒုက္ခ ကိုလည်း သတိပြုကြည့်စေလိုပါတယ်။

လေထုညစ်ညမ်းမှု မရှိတဲ့ စက်ဘီး နဲ့ e bike ကို “သီးသန့်စက်ဘီးလမ်းပေါ်မှာ ကျန်းမာပျော်ရွှင်စွာ” သွားလာကြပြီး “လက်ရှိ ရထားတဲ့ ကောင်းကင်ပြာ နဲ့ သန့်ရှင်းတဲ့ လေ ကိုဆက်လက်ထိမ်းသိမ်းကြဘို့ ဝိုင်းဝန်းကျိုးစားသွားကြဘို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

ကောင်းမွန်တဲ့ လေထု တန်ဘိုးကို ပျက်စီးဆိုးရွားတော့မှ တန်ဘိုး အမှန်သိကြရတာ မဖြစ်ရအောင် သတိပြုကြစေလိုပါတယ်။

Than Win