အခုထက် ပိုပြီး အဆင်မပြေ ဖြစ်လာတော့မယ့် တောင်သူတွေ နဲ့ အနိုင်ကျင့် ခံနေရတဲ့ မြန်မာပြည်

အခုထက် ပိုပြီး အဆင်မပြေ ဖြစ်လာတော့မယ့် တောင်သူတွေ နဲ့ အနိုင်ကျင့် ခံနေရတဲ့ မြန်မာပြည်

တပည့်မလေးတစ်ယောက်ကဖုန်းဆက်တယ် မူဆယ်ဘက်က လက်မခံလို့ စိန်တလုံး သရက်သီးအလုံးရသောင်းလောက် တိုင်ပတ် နေသတဲ့ … ဒီနေ့လည်းသတင်းစာထဲ သရက်သီးဈေးကွက် အကြီးအကျယ်ထိခိုက်နေသတဲ့…

တရုတ်ကို တရုတ်လို့မခေါ်နဲ့ဆိုပေမယ့် ခေါ်လိုက်ဦးမယ် ခြံစိုက်သူတွေအဓိကမှီခိုနေရတာ တရုတ်ဈေးကွက်ပါ သတင်းတွေ ဖတ်လိုက်ကြည့်လိုက်ရင် လာပြန်ပြီ ဖရဲသီးတွေ ဟိုဖက်ကမယူလို့ လွှင့်ပစ်ရပြန်ပြီ လာပြန်ပြီ ဂေါ်ဖီပန်းပွင့်တွေ လွှင့်ပစ်ရပြန်ပြီ ခု လာပြန်ပြီ…စိန်တလုံးတဲ့ အသီးအနှံတွေပေါ်ချိန်ရောက်ရင် ဝယ်လက်တွေကပညာပြလိုက် ကြား ပွဲစားတွေက ဈေးကစား လိုက် ဒီဘက်ကပို့တော့တရားဝင် ဟိုဘက်ကဝယ်တော့ တရားမဝင် အဲ့လိုတွေက ရှိသေး…

တရုတ်ဆိုတာလည်း ဘယ်တုန်းကမှ ဒီနိုင်ငံကိုကောင်းကျိုးမပေးခဲ့တဲ့နိုင်ငံ စီးပွားရေးပိတ်ဆို့ခံထားရတုန်း ကလည်း တကမ္ဘာလုံးဘယ်နိုင်ငံကမှ သောက်ဖက်မလုပ်တဲ့အချိန်တုန်းကတည်းက ကယ်တင်ရှင်လုပ်ပြီး ချေးငွေတွေပေး မတော်မတရားစာချုပ်တွေချုပ် ( တစ်ခါချုပ်အနှစ်သုံးလေးဆယ်) ရသမျှ သယံဇာတကို မြေကြီးတောင်မချန် အကုန်သယ်တဲ့နိုင်ငံ ဒါကို ဒီကကျေးဇူးတွေ တင်ပြီး “ဆွေမျိုးပေါက်ဖော်” တွေတောင် ဖမ်းလုပ်ပစ်တာ…”

“စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ” ဆိုပြီး သီချင်းတောင်ထွက်ခဲ့သေးတာ… ဆိုတော့….သီးနှံစိုက်ပျိုးတဲ့တောင်သူတွေက ဘာမှသေချာရေရာတာမရှိဘူး အစိုးရကလည်း မာမာထန်ထန်ဟိုဖက်ကိုမပြောရဲရှာဘူး… မျက်နှာချိုသွေးပြီး exportကို လှမ်းသွင်းနေရတဲ့သဘော…(အပေါ်က ပုံက စီးပွားရေး ပိတ်ဆို့ တာ တို့မမှုပါဆိုတဲ့ သီချင်းဆိုသူနဲ့ ရေးသူပါ)

ဒီနေ့ဖတ်လိုက်ရတာက အသီးအနှံတွေလျှော့ စိုက်ရမလား တင်ဖို့ပို့နိုင်ငံအသစ်ဈေးကွက်အသစ် ပြောင်းရှာမလား နှစ်ခုထဲကတစ်ခုဆုံးဖြတ်ရတော့မယ်တဲ့… စိတ်မကောင်းဘူး… တောင်သူက တောင်ယာမှမစိုက်ရရင် ဘာသွားလုပ်ရမလဲ (ဒါတောင် ဒီအစိုးရလက်ထက် မြေသိမ်းတာတွေ နည်းသွားလို့ မြေယာပြန်လွှဲ တာတွေများလာလို့) နေပူစပ်ခါး စိုက်လိုက်ရတာ ချေးငွေလေးယူ မြေသြဇာကိုမတန်တဆဈေးနဲ့ဝယ်သုံး သီးနှံပေါ်ချိန် ဈေးကထိုးကျ ရတဲ့ဈေးနဲ့ရောင်းတော့မယ်ဆိုရင် ဂိတ်တွေကပိတ်ချ ဟိုဖက်ကပညာတွေပြ…

နောက်ဆုံး အသီးတွေပြန်သယ်ရင်ထပ်ကုန်တော့မှာ မို့ အကုန်လွင့်ပစ်ရတဲ့အထိဇာတ်နာတာ… ( မသေချာတဲ့အသီးတွေစိုက်မယ့်အစား ဈေးကောင်းရတဲ့ ဘိန်းစိုက်လို့ရရင် ရှယ်ပဲလို့တောင် တွေးမိသေး…) တရုတ်ကိုကန်ပြီး ထိုင်းကိုအားကိုးပြန်တော့လည်း ဟို တ လော က ဖတ်လိုက်ရတယ် ဒီကသီးနှံတော်တော် များများကို အခုမယူတော့ဘူးတဲ့ သူတို့ဆီမှာစမ်းသပ်စိုက်ပျိုးတာ အောင်မြင်သွားလို့တဲ့..

အိန္ဒိယဈေးကွက် ကလည်း ခပ်လှုပ်လှုပ်.. ဥရောပဈေးကွက်လှမ်းအားကိုးပြန်တော့လည်း ဟိုကတစ်ခွန်းပဲလှမ်းပြောတယ် “စောင်ချိုးပြေပြေနေကြ..စဉ်းစားပေးမယ်”တဲ့ ရှိနေတဲ့ အထည်ချုပ်ဈေးကွက်တောင် ဘုရားတပြီးချုပ်နေရတာ ဒါတောင် နောက်သုံးလစာလောက် အထိပဲ ရှိနေတဲ့ အော်ဒါတွေအပြီးချုပ်ပေးနေရသတဲ့ ပြီးရင် ရပ်သွားဖို့များသတဲ့…သေရော…

လူချင်းအတူတူ တောင်သူတွေကို ပိုသနားမိတယ် ခြံပိုင်ရှင်တွေမစိုက်တော့ရင် ခြံလုပ်သားတွေပါ ရပ်တန့်သွားမယ် အထွေထွေလုပ်သားတွေရော… သယ်ပို့တဲ့ကားသမားတွေရော…??? တွေးရင်းစိတ်မသက်မသာဖြစ်ရတယ် သူများအင်အားကြီးနိုင်ငံနှစ်ခု trade warဖြစ်ရင် တကမ္ဘာလုံး တုန်လှုပ်နေကြတဲ့အချိန် ဟိုဘက်ကကြုံးဝါးလိုက် ဒီဘက်က အခွန်တွေကောက်လိုက်နဲ့ လက်နက်နဲ့လှမ်းထုရင် ပြဿနာတက်မှာစိုးလို့ ဇီဝလက်နက်နဲ့လှမ်းထုနေကြချိန်မှာ…

ဒီအထည်ကြီးပျက် နိုင်ငံက ကုန်ကားစုတ်ကြီးတွေ အိပဲ့အိပဲ့နဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြား ဝယ်ကြပါဦးလို့ မျက်ရည်ခံထိုးပြီး သွားရောင်းနေရတုန်း…. ရင်နာတယ်သိလား… ဘက်ဂျက်တောင်းထားတဲ့ သံစုံတီးဝိုင်းသာ ဝယ်ခွင့်ရခဲ့ရင် တောင်သူတွေရှေ့မှာ မျက်နှာပြောင်တိုက်ပြီး သွားက ပြသင့်တယ် တကယ်တော့ ခင်ဗျားတို့ ကျွန်တော် တို့ ကြုံးဝါးသင့်တာက Make MYANMAR great again လို့ ကြုံးဝါးရမှာ….

Min Yel KyawSwar