လူတိုင်း ရင်ထဲမှာ ရှိနေမယ့် မိခင်မေတ္တာရနံ့ နဲ့ ချက်ပြုတ် ထားတဲ့ အမှတ်တရ ဟင်းတစ်ခွက်

လူတိုင်း ရင်ထဲမှာ ရှိနေမယ့် မိခင်မေတ္တာရနံ့ နဲ့ ချက်ပြုတ် ထားတဲ့ အမှတ်တရ ဟင်းတစ်ခွက်

“ခရမ်းချဉ်သီးမီးဖုတ်၊ မလွှပွင့်ခြောက် နှင့် မေတ္တာရနံ့”

ရေးသားသူ – မင်းဒင်

ကျွန်တော့်မိတ်ဆွေ တစ်ဦးဟာ အတော့်ကို ချမ်းသာတဲ့ အသိုင်းအဝိုင်း ကပါ။ စိတ်ရင်းစေတနာ အလွန်ကောင်း ပါတယ်။ ချမ်းသာတဲ့ အတိုင်းအတာ ကို အနီးစပ်ဆုံး ပြောရရင် မြန်မာပြည် မှာ ဒုတိယ၊ တတိယအဆင့်လောက်ကို ချမ်းသာပါတယ်။ ဒါပေမဲ့ လူသိနည်းပါတယ်။

သူနဲ့ကျွန်တော် စင်္ကာပူ မှာကော ဖူးခက်မှာပါ ဆုံခဲ့ကြပါတယ်။ သူဟာ ကျွန်တော်နဲ့ ဆုံလေတိုင်း ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ စားသောက်ဆိုင်ကြီးတွေမှာ ကျွန်တော့်ကို ဧည့်ခံလေ့ရှိပါတယ်။ ဖူးခက်ကိုလာလည်တုန်းကဆိုရင် တစ်နေ့ကို ဘတ်လေးသောင်း (မြန်မာငွေ သိန်းနှစ်ဆယ်) လောက်ပေးရတဲ့ ဟိုတယ်မျိုးမှာ တည်းပါတယ်။

ကျွန်တော်ပြောချင်တာက သူ့စည်းစိမ် သူ့ဥစ္စာဓနအကြောင်း မဟုတ်ပါဘူး။ သူနဲ့ဆုံခဲ့တဲ့ တစ်ခုသော နေ့မှာပေါ့ဗျာ။ သူဟာ ထိပ်တန်းစားသောက်ဆိုင်ကြီး တစ်ခုမှာ ကျွန်တော်နဲ့ အတူထိုင်စားသောက်နေကြရင်း နှုတ်ကနေ လွှတ်ခနဲ ညည်းညူလိုက်ပါတယ်။

” အေးဗျာ။ အခုနေ ခရမ်းချဉ်သီးမီးဖုတ်ကို ကြက်သွန် မိတ်လေး နဲ့ သုတ်စား လိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ”

” ခင်ဗျားဗျာ။ ခရမ်းချဉ်သီးမီးဖုတ်စားချင်တာများ ရေးကြီးခွင်ကျယ် လုပ်လို့ ကျွန်တော်သုတ်ကျွေးပါ့မယ်”

သူက ကျွန်တော့်ကို လက်ကာပြပါတယ်။ “နေပါစေဗျာ။ ကျွန်တော် ပူဆာလို့ ကျွန်တော့်မိန်းမ သုတ်ကျွေးတာ အကြိမ်ပေါင်းများစွာ ကျွန်တော် စားဖူးပါတယ်။ ဒါပေမဲ့ မတူဘူးဗျ။ တစ်ခြားစီပဲ”

” နေပါဦးဗျာ။ ခရမ်းချဉ်သီးကို ဂန္ထဝင်မြောက်အောင် သုတ်ပြီး ရောင်းတဲ့ ဟိုတယ်များ ရှိနေရော့သလား”

” ဟိုတယ်မှာ ရောင်းတာ မဟုတ်ပါဘူး။ ကျွန်တော့် အမေ သုတ်ကျွေးဖူးတာကို ဆိုလိုတာပါ”

” ဒါဆို ခင်ဗျားအမေဆီ ပြန်တဲ့အခါ သုတ်ကျွေးခိုင်းလေဗျာ။ အဝစား ခဲ့ပေါ့”

သူ့မျက်နှာဟာ ချက်ခြင်းညှိုးငယ်သွားပြီး ခပ်တိုးတိုး ညည်းသံလေးထွက်လာပါတယ်။ “အမေဆုံးတာ ကြာလှပေါ့”

သူပြောကာမှ ကျွန်တော်လည်း ကျွန်တော့်ကိုယ်တွေ့အဖြစ်အပျက်လေးကို ပြေး သတိရမိပါတယ်။ ကျွန်တော်ဖူးခက်ရောက်ပြီး ဆယ်နှစ်လောက် အကြာ တစ်ခုသောနေ့မှာ ကျွန်တော့်မှာ ချဉ်ခြင်းတစ်ခုတပ်လာပါတယ်။

အဲဒီချဉ်ခြင်းကတော့ မလွှပွင့်ဟင်း စားချင်တဲ့ စိတ်ဆန္ဒပါပဲ။ မလွှပွင့်ခြောက်ကို မြေပဲဆံထောင်း ခရမ်းချဉ်သီးတွေ ရောချက်ထားတဲ့ အညာဟင်းဆိုပါတော့။ အဲဒီဟင်းကို ကျွန်တော်ငယ်ငယ်တုန်းက အမေကိုယ်တိုင် အကြိမ်ကြိမ်ချက်ကျွေးခဲ့ဖူးတာကြောင့် အမေ့လက်ရာကို ပြန်လွမ်းတယ်ထင်ပါရဲ့။

ဒါနဲ့ ကျွန်တော်လည်း ဇာတိရွာကနေ မလွှပွင့်ခြောက်တွေ တကူး တက လှမ်းမှာပြီး မလွှပွင့်ဟင်းကို ကိုယ်တိုင်ချက်ပါတော့တယ်။ ကောင်းမကောင်းမမေးပါနဲ့တော့။ အရသာရှိဖို့ ဝေးစွ။ နှစ်ဇွန်းပြည့်အောင် မစားနိုင်ပါဘူး။

ဒါနဲ့ မကျေနပ်သေးတာကြောင့် မလွှပွင့်ဟင်းချက် တတ်ပါတယ် ဆိုတဲ့ သူတွေကို ခေါ်ပြီး ချက်ခိုင်းတော့လည်း ထို့နည်းလည်းကောင်း စားမရပြန်ပါဘူး။ အမေ့ကို ချက်ခိုင်းဖို့ဆိုတာကလည်း အမေဆုံးတာ အနှစ်နှစ်ဆယ် ကျော်ခဲ့ပါပြီ။

ဒီမှာတင် ကျွန်တော်ခေါင်းထဲမှာ ခရမ်းချဉ်သီးမီးဖုတ်နဲ့ မလွှပွင့်အကြောင်းကို အနုလုံ ပဋိလုံ ဆင်ခြင်သုံးသပ်မိတော့တာပါပဲ။ ကျွန်တော်ရလာတဲ့ အဖြေကတော့ မေတ္တာရနံ့ပါပဲ။ မိခင်တွေရဲ့ မေတ္တာရနံ့ပေါ့။

ဘာမှ စာမဖွဲ့လောက်တဲ့ ခရမ်းချဉ်သီးနဲ့ မလွှပွင့်ခြောက်တွေဟာ မိခင် ရဲ့ မေတ္တာရနံ့ ဖြည့်စွက်လွှမ်းခြုံလိုက်တဲ့အခါ ရသာထူးတဲ့ ဟင်းလျာတွေဖြစ်လာပါတယ်။ ငယ်ဘဝမှာ သားသမီးက မိခင်အပေါ် ထားတဲ့ ချစ်စိတ်ခင်စိတ်လေးစားစိတ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ တစ်သက်မမေ့စရာတွေများ ဖြစ်လာခဲ့သလား ဆိုတဲ့ အတွေးပါပဲ။

ဒီလိုရေးလိုက်လို့ ဇနီးခင်ပွန်းတွေကြားမှာ အပြန်အလှန် သတိရစရာကောင်းတဲ့ စားဖွယ်လက်ရာ ကောင်းတွေ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ မေတ္တာရဲ့သဘော မေတ္တာရဲ့ရနံ့ကို ပိုပြီး ထင်သာမြင်သာရှိအောင် ရေးလိုက်တာပါ။

မိတ်ဆွေတို့မှာလည်း မိခင်မေတ္တာရနံ့နဲ့ လွှမ်းခြုံချက်ပြုတ်ထားတဲ့ အမှတ်တရစားဖွယ်ရာ တစ်ခုခုရှိတန်ကောင်း ပါရဲ့။ ။

(မင်းဒင်)