အိန္ဒိယကနေ တမူးနယ်စပ် ကို ဖြတ်ကျော် ခိုးဝင်လာသူ (၆) ဦးကို ဖမ်း ဆီးထား

အိန္ဒိယကနေ တမူးနယ်စပ် ကို ဖြတ်ကျော် ခိုးဝင်လာသူ (၆) ဦးကို ဖမ်း ဆီးထား

သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်း မကြားဘဲ အိန္ဒိယကနေ မြန်မာနိုင်ငံ တမူးနယ်စပ်ကို ပြန်ဝင်လာသူ ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲအရေးယူဖို့ စီစဉ်နေတယ်လို့ တမူးမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က ပြောပါတယ်။

အိန္ဒိယကနေ ခိုးဝင်လာသူတွေဟာ ချင်းပြည်နယ် မှ ဖြစ်ပြီး လက်ရှိမှာတော့ ဆေးရုံမှာထားရှိပြီး ကျန်းမာရေး ဓာတ်ခွဲ စစ်ဆေးချက်အဖြေ ရရှိလာတဲ့ အပေါ် မူတည်ပြီး အရေးယူသွားမယ်လို့ သိရပါတယ်။

ချင်းပြည်နယ်ကို ပြန်မယ့် အဲဒီ ၆ ဦးကို တမူးမြို့ချောင်း နက်ကြီးရဲကင်း အနီးက တမူးစေတီသွား ကားလမ်းပေါ်မှာ ရဲကင်းမှူး ဒုရဲအုပ်နိုင် မင်းထွန်းအဖွဲ့၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဌာနက ဇွန်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှ တွေ့ရှိခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး လက်ရှိမှာ တရားဝင် လာနိုင်ဖို့ နှစ်ဖက်အစိုးရက လုပ်ဆောင်နေကြတယ်လို့ သိရတယ်။ ဒီကာလအတောအတွင်း တရားမဝင် ဝင်လာရင်တော့ အရေးယူခံရမယ်လို့ တမူးဒေသခံ ကိုဗစ်အရေးကူညီသူ ကိုအောင်သူချမ်းက ပြောပါတယ်။

ဇွန်လ ၁၂ ရက်နေ့က အထောက်အထား မဲ့ နယ်စပ်ဖြတ် ခိုးဝင်လာသူတွေဟာ အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ်ရှိ Phek Pfutsero မြို့ရှိ Baptist Theological College မှာ ပညာသင်ကြားနေတဲ့ လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

မေလဆန်းက စပြီး အိန္ဒိယနိုင်ငံ ကနေ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လာသူစုစုပေါင်း ၃၆၅ ယောက်ရှိပြီး အဲ့ဒီအထဲက ၄၅ ယောက် ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

crd : whitesone