ဘုန်းကြီး တသက် နဲ့ တကိုယ် မတွေ့ဖူးတဲ့ သေရင်တောင် ဆွမ်းသွပ် စရာမလိုတဲ့ အလှူရှင် ဒကာကြီး
|ဘုန်းကြီး တသက် နဲ့ တကိုယ် မတွေ့ဖူးတဲ့ သေရင်တောင် ဆွမ်းသွပ် စရာမလိုတဲ့ အလှူရှင် ဒကာကြီး
“” ဘုန်းဘုန်း…ကျောင်း…အရှေ့ဘက် ပိန္နဲတော က ဒကာကြီး ဦးကောင်းက ဘုန်းကြီးနဲ့ တွေ့ချင်လို့တဲ့..ဘုရား…””
“” ဘယ် ဦးကောင်း..””
“” တပည့်တော်တို့ ကျောင်းအရှေ့က ပိန္နဲတောကလေ…””
“”အဲ့ဒိပိန္နဲတောကြီး က လူမေနဘူးဆို..””
“” ဟုတ်တယ်..သူတို့က ရွာတောင်အစပ် က စိုက်ပျိုးရေးခြံထဲမှာ အဘိုးကြီး အဘွားကြီးနေကြတာ…သားသမီးလဲမရှိဘူး…””
“” ငါ မသိပါဘူး..သူတို့ကို…””
“” ဘယ်သိမှာတုံး…အဘိုးကြီးရော အဘွားကြီးရော ဒိဌိတွေလေ.. တသက်နဲ့တကိုယ်ဘုန်းကြီးကျောင်း ဒီတခါလာဖူးသေးတာပဲ…””
“” ဟင်..ဟုတ်လား…”” ဆရာတော့်စိတ်ထဲ နည်းနည်းတော့ ထူးဆန်း သွားပါတယ်… စိတ်လဲ စိတ်ဝင်စားသွားမိတယ်…
“” ဘုန်းဘုန်းက ဒီဒေသကို ရောက်တာသိပ်မကြာသေးလို့လေ.. ဒေသခံတွေ ကတော့ သူတို့အကြောင်းအကုန်သိကြတယ်.. ဗုဒ္ဓဘာသာတာပြောတာ..ဘုန်းကြီးကျောင်းလဲ မလာဘူး.. အိမ်လဲ ဆွမ်းကပ်တို့ ကထိန်သင်္ကန်းကပ်တို့ တခုမှ မလုပ်ဖူးဘူး…ရွာသူရွာသားတွေနဲ့လည်း သိပ်ရောရောနှောနှောနေတာမတွေ့ရဘူး..သူတို့လုပ်တဲ့ ခြံနားနီးချင်းတွေလောက်ပဲ အပေါင်းအသင်းရှိတာ…””
ဆရာတော်ဦးပန္တိက သူကျိန်းတဲ့ကျောင်းကနေ ဧည့်တွေ့ကျောင်းလေးဆီကို စင်္ကြံလျှောက် လာရင်း ကပ္ပိယမောင်ကျန်ပြောသမျှ နားထောင်လာမိတယ်… “” အိမ်တော့ ဘုရားစင်ရှိလား…””
“” ဘုရားစင်ရှိလားတောင်မသိဘူး…အော် ရှိတယ်..ရှိတယ်.. တခေါက်ဘုန်းဘုန်း ဒီကျောင်းရောက်ခါစက ဝါတွင်းရိပ်သာဖွင့်ပွဲလုပ်တော့ သူတို့ခြံထဲ ပန်းသွားဝယ်ရသေးတယ်..တဲလေးအရှေ့ခန်းမယ် ဘုရားစင်လေးတွေ့ခဲ့တယ်..တပည့်တော်တောင် ဘုရားစင်တော့ ရှိသားဟလို့တွေး လိုက်မိသေးတယ်…””
“” အော်…ဆွမ်းတွေဘာတွေ လောင်းလား…””
“” အဲ့လိုလဲ လောင်းပါတယ်..အဘိုးကြီး ကိုယ်တိုင်တော့ မဟုတ်ဘူး..အဘွားကြီးပဲ သူတို့နဲ့ခြံနားနီးချင်း ဒေါ်ဘုတ်အိမ်လာလာပြီးစောင့်လောင်းတာ တွေ့တယ်..””
“” အိမ်မှာ ဘုရားစင်ရှိတယ်..သံဃာတွေ လဲ ဆွမ်းလောင်းတယ် ဒိဌိမဟုတ်ပါဘူးကွ..မင်းကလဲ…””
“” ဒါပေမဲ့ သူတို့က ရွာနီးစပ်ချုပ်က ဘုန်းကြီးကျောင်းတွေကျ အဝင် အထွက်မရှိဘူးဘုရား..ဒါကြောင့် တရွာလုံးက သူတို့ကို ဒိဌိတွေလို့ ပြောတာပဲဘုရား…””
“” ကဲကဲ တော်တော် ကျောင်းရောက်ခါနီးနေပြီ..ဧည့်သည်တွေ ကြားသွား လို့မတော်ဘူး…””
ကျောင်းပေါ်တက်လိုက်တော့ အသက်ခြောက်ဆယ်ကျော် ခုနှစ်ဆယ်နီးပါး ကျက်သရေရွှန်းတဲ့ရုပ်ရည်ရူပကာယနဲ့ ဒကာကြီးတစ်ယောက်ရယ် ဖြူဖြူဖိုင့်ဖိုင့် ဒကာမကြီးတစ်ယောက်ရယ် ဘေးမှာ လှူဖွယ်ပစ္စည်းလေးတွေထဲ့ထားတဲ့ လင်ပန်းလေးချလို့ ဆရာတော်အလာကို စောင့်နေတာတွေ့ရပါတယ်…
ဆရာတော်ကြွလာ တာမြင်တော့ ဒကာကြီးက လက်အုပ်ချီပြီး ပြုံးယောင်ပြုတယ်… ဒကာမကြီးကတော့ မွန်မွန်ရည်ရည်ကြီးပြုံးလို့… “” တပည့်တော်တို့ရောက်လာတာနဲ့ ဘုန်းဘုန်းအိပ်ရေးပျက်သွားပြီထင်တယ်…””
“” မပျက်ပါဘူး ဒကာကြီး ရေလေးချိုး မလို့လုပ်နေတာပါ..””
“” အော် တင်ပါးဘုရား…””
တကာကြီးဦးကောင်းရဲ့မျက်နှာနေမျက်နှာထားနဲ့ စကားပြောပုံ အမူအရာက အင်မတန်ငြိမ်းအေးလှတယ်.. လူပုံပန်းသဏ္ဌန် အကဲခတ်ကြည့်တော့လဲ ပြေပြေပြစ်ပြစ်မျက်နှာမှာ နှာတံပေါ်ပေါ် နားရွက်ဝိုင်းဝိုင်းနဲ့ ပညာရှိဥပတိရုပ်လက္ခဏာမျိုးတွေ့ရတယ်…
“” တပည့်တော်လာရင်းကတော့ ဘုန်းဘုန်းကျောင်းမှာ နိုင်ငံတကာအဆင့်မှီ တရားရိပ်သာကြီးတခုဖွင့်မယ်လို့ တီဗီမှာ ကြော်ငြာတာတွေ့လို့ တပည့်တော်တို့လဲ အလှူငွေလေး ထည့်ချင်လို့ပါဘုရား…””
“” အော့်..ဟုတ်ကဲ့..ဒကာကြီး ..ဒါဆို ခဏနော် မောင်ကျန်ရေ..အလှူငွေစရင်းကိုင်တဲ့ ဦးပန္တိကို သွားလျှောက်လိုက်.. တရားရိပ်သာအတွက် အလှူရှင်လာတယ်လို့
စရင်းသွင်းပြီး အလှူငွေလက်ခံရအောင်လာခဲ့ပါဦးတဲ့လို့…””
အမှန်အတိုင်းပြောရရင် အထင်သေးတာမဟုတ်ပေမဲ့ ဒကာမကြီးနဲ့ဒကာမကြီး ပုံပန်းသဏ္ဌန်ကြည့်ပြီး အလှူငွေကို နှစ်သိန်းသုံးသိန်းလောက်မှတ်တာပေါ့…
ဦးပန္တိရောက်လာပြီး အလှူငွေလက်ခံတော့မှ ဒကာကြီးက ဒကာကြီးနဲ့ ဒကာမကြီးကြားထဲ ညှပ်ထိုင်ထားတဲ့ ဆာလာအိတ်အဝါလေးထဲကနေ တစ်သောင်းတန်းအုပ်ကြီးတွေကို တအုပ်ချင်းထုတ်ပြီးစီနေတာ အကြာကြီးပဲ.. အဲ့တော့မှ ဆရာတော်ရော ဦးပန္တိရော မောင်ကျန်ရော မျက်လုံးတွေ ပြူးကုန်တယ်…
“” ဒါ စုစုပေါင်း သိန်းတထောင့်ငါးရာရှိပါတယ်ဘုရား.. ဦးဇင်း မရိုမသေ စစ်လိုက်ပါဦးဘုရား..သိန်းတထောင်က တရာရိပ်သာကြီးဆောက်တဲ့အထဲ လှူဒန်းပါတယ်ဘုရား… ကျန်တဲ့သိန်းငါးရာကတော့ ဝါတွင်းတရာစခန်းဖွင့်တဲ့အခါ အလှူရှင်မရှိတဲ့ရက်တိုင်း တပည့်တော်တို့က ဆွမ်းကွမ်းဆေးနဲ့ အာရုံဆွမ်းနေ့ဆွမ်း ကုသိုလ်ယူတာပါဘုရား…””
ဆရာတော်လဲ အံ့သြ.. ဦးပန္တိလဲ အံ့သြ..မောင်ကျန်လဲ အံ့သြပေါ့လေ.. ပိုပြီးအံ့သြဖို့ကောင်းတာက ဒီသိန်းပေါင်းတစ်ထောင့်ငါးရာ လှူဒါန်းတဲ့အလှုကို ဘယ်ဧည့်ပရိတ်သက်တစ်ယောက်မှ မဖိတ်ကြားပဲ လှူဖွယ်လင်ပန်းလေးတစ်ချပ်နဲ့ တစ်ထိုင်ထဲ ယတိပြတ်လှူဒါန်းလိုကိတာကိုပါပဲ…
“” ဘယ်သူ့မှလဲ ဖိတ်မနေတော့ပါဘူးဘုရား..ကိုယ်ကဖိတ်တော့လဲ ဝတ္တရားအရလာပြီး မဆာပဲစား…လက်ဆောင်တွေယူလာရနဲ့ ပင်ပန်းပါတယ်ဘုရား…တခါချက်ကြဦးဟ ပြုတ်ကြဦးဟ ကျွေးမွေးဧည့်ခံကြဦးဟနဲ့..ဘေးကလူတွေတာဝန်ပိုမှာလဲစိုးတယ်ဘုရား…””
“” ကောင်းပါလေ့..ကောင်းပါလေ့..ဒကာကြီး..တိုတိုတုတ်တုတ်ပေါ့ဗျာ..”” ဒကာကြီးကြည့်ပြီး ဆရာတော့်ရဲ့ခမည်းတော်ကြီးကို ရုပ်ချည်းသတိရလိုက်မိတယ်…
ဆရာတော့်ရဲ့ခမည်းတော်ကြီးက ယောင်ထုံးကြီးနဲ့ ရှေးခေတ်က တောသူဌေးကြီးပေါ့.. ခမည်းတော်ကြီးက အင်မတန်ရိုးသားတယ်..ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံအောင်အားထုတ်တယ်..အင်မတန်လဲ စရဏအားကောင်းတယ်…တိုင်းရင်းဆေးလာမလား..နက္ခက်ဗေဒင်လာမလား..အထက်လမ်းကျင့်စဉ်လာမလား..လေ့လာလိုက်စားမှု့ကလဲ စူးရှတယ်…
ခမည်းတော်ကြီးက ဒီပြင်ရွာကပါ.. မယ်တော်ကြီးနဲ့အိမ်ထောင်ကျပြီးမှ ဆံထုံးနောက်ယောင်ပါပြီး မယ်တော်ကြီးရွာလိုက်လာရှာတာ… ဆရာတော် လူမမယ်အရွယ်လေးကတည်းက မယ်တ်ာကြီးက ဆုံးသွားတော့ မုဆိုးဖိုဘဝနဲ့ ဆရာတော့်ကို တစ်ယောက်ထဲစောင့်ရှောက်ခဲ့တယ်..
ဆရာတော်တို့သိတက်ကတည်းက ခမည်းတော်ကြီးက ရွာထဲက ဘုန်းကြီးကျောင်း ကို တခါမှ မသွားဖူးဘူး… ဥပုဒ်နေ့တိုင်း ဘုရာစင်အရှေ့မှာ ကိုယ့်ဘာသာငါးပါသီလယူပြီး ဥပုဒ်စောင့်တည်တယ်…
ဆရာတော် နည်းနည်းအရွယ်လေးရလာတော့.. “” အဖေ ဘာလို့ ဘုန်းကြီးကျောင်းမသွားတာလဲ”” ဆိုတော့ ဘုန်းကြီးကျောင်းသွား ဥပုဒ်စောင့်ပြီး ငါးပါးသီလမလုံတဲ့သူတွေနဲ့ အတူတူဖြစ်သွားမှာစိုးလို့တဲ့…
ဒီလိုနဲ့ မိုးကုတ်မှာအိမ်ထောင်ကျတဲ့ ဆရာတော့်မယ်တော်ကြီးရဲ့ညီမက အလှူလုပ်တော့ ဆရာတော့်ကိုလဲ မောင်ရင်လောင်းထဲထည့်လိုက်တာကြောင့် ခမည်းတော်ကြီးနဲ့မိုးကုတ်မြို့ကိုရောက်ခဲ့ရတယ်..
အလှူရေစက်ချတရားမှာ ဘုန်းကြီးဟောတဲ့တရားကို နာပြီး ခမည်းတော်ကြီးက အလွန်သဘောကျနှစ်ခြိုက်ကာ ဆရာ့တော်ကိုလဲ တော်တော်လေးစားကြည်ညိုသွားတယ်.. အလှူပြီးတော့ အိမ်တန်းမပြန်သေးပဲထိုဆရာတော်ဘုရားကြီးဖွင့်တဲ့ ရိပ်သာမှာ တစ်လ တရားစခန်းဝင်တယ်…
အအေးကြိုက်တဲ့ကိုရင်လေးကလဲ ကိုရင်ဘဝနဲ့မိုးကုတ်ကျောင်းမှာပျော်နေတော့ ခမည်းတော်ကြီး ရိပ်သာကထွက်တဲ့အခါ ရွာပြန်ပြီး လယ်တွေ မြေတွေ နွားတွေ နဲ့အိမ်ပါမကျန် အကုန်ရောင်းချကာ မိုးကုတ်ကျောင်းမှာ တခါတည်းဘုန်းကြီး ဝတ်လိုက်ပါတော့တယ်..
ကိုရင်လေးဖြစ်တဲ့ ဆရာတော်ကလဲ သာသနာမှာပျော်ပြီး ကိုရင်လေးဘဝကစပြီး စာဝါတွေလိုက်ခဲ့တယ်… ဆရာတော်ဓမ္မစရိယာဘွဲ့ရတဲ့နှစ်မှာ ခမည်းတော်ကြီး နတ်ရွာစံခဲ့ရှာတယ်…
“” တပည့်တော်တို့လဲ ဘုန်းဘုန်းကျောင်းအရှေ့က ပိန်နဲတောကြီးကို တဧက သိန်းနှစ်ရာနဲ့ ဆယ့်ငါးဧကရှိတာ အကုန်ရောင်းပစ်လိုက်ပြီဘုရာ…””
“” အော် ဟုတ်လား ဘယ်က ဝယ်လိုက်တာတုံးဒကာကြီး…””
“” မန်းလေးက တရုပ်ကျောက်သူဌေး တစ်ယောက်ပဲဘုရား.. သူကလဲ ဗုဒ္ဓဘာသာပဲ..ဘိုးဘွားရိပ်သာနဲ့ စာသင်တိုက်အတွက်ဝယ်လှူတယ်ပြောတာပဲဘုရား..””
“” အော့် ကောင်းပါ့ဗျာ..ကြားရတာ မင်္ဂလာရှိလိုက်တာ…””
ဆရာတော်နဲ့ ဒကာကြီးတို့ စကားစမည်အနည်းငယ်ပြောပြီး ဆရာတော် က အနုမောဒနာ တရားပေးကာ သိန်းတထောင့်ငါးရာအလှူကြီးကို ရေစက်ချပါတယ်…
“” ကဲ ဒကာကြီးနဲ့ဒကာမကြီးတို့ အလှူကြီးပေးပြီးပြီ ဆိုတော့ ဘာတွေများဆုတောင်းကြတုံးဗျာ…””
ရေစက်ချပြီး ဒကာကြီးကို ဆရာတော်က ရင်းရင်းနှီးနှီး အရွှန်းဖောက် လိုက်တော့ ဒကာကြီးက တည်ကြည်လေးနက်သော အမူအရာနဲ့.. “” တပည့်တော် ဘာဆုမှ မတောင်းပါဘူးဘုရား…””
ဒကာကြီးစကားကြောင့် ဆရာတော်ဘုရားက အံ့သြပြီး နှုတ်ဆိတ်သွားပေမဲ့ စကားသွက်တဲ့ ကပ္ပိယကြီး မောင်ကျန်က… “” ဟုတ်ပါ့မလား ဘကြီး လူ့စည်းစိမ် နတ်စည်းစိမ် စင်္ကြဝတေးမင်းစည်စိမ်းတွေ ဆုမတောင်းလိုက်ဘူးလား…””
မောင်ကျန် အဖျင်းအနောက် စကားကြောင့် ဆရာတော်ဦးပန္တိက.. “” ဒကာကြီးက အဲ့ဒါတွေ လိုချင်ပုံမရပါဘူးနော် ဆုတောင်းချင်းဆုတောင်း နိဗ္ဗာန်ပဲ တိုက်ရိုက်ဆုတောင်းတော့မပေါ့..မဟုတ်ဘူးလားနော့ဒကာကြီးတဲ့…
“” တပည့်တော် ခုလှူတဲ့အလှူက လူ့စည်စိမ် နတ်စည် စိမ် စင်္ကြဝတေးမင်းစည်းစိမ်မှသည် နိဗ္ဗာန်ရောက်ပါစေဆိုတဲ့ အမြင့်ဆုံးရည်ရွယ်ချတ်အထိ ဘာရည်ရွယ်ချတ်မှ မပါပါဘူးဘုရား.. အဲ့လိုကိုယ့်ပြန်ရမဲ့ အကျိုးမျှော်ကိုးပြီး လှူတယ်ဆိုရင် စီးပွားရေးလုပ်သလို အမြတ်လိုချင်လို့ အရင်းအနှီးချသလို ဖြစ်နေမှာပေါ့ဘုရား…
တပည့်တော်အလှူက ရှင်းတယ် သန့်တယ်ဘုရား.. တပည့်တော် အလှူငွေထည့်လိုက်တဲ့ ရိပ်သာမှာ ဘုန်းကြီးရဟန်း သီလရှင် အမျိုးသားယောဂီ အမျိုးသမီးယောဂီ စတဲ့ပုဂ္ဂိုလ်တွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဘာဝနာ အားထုတ်စီးဖြန်းတာမြင်ရင် တပည့်တော်စိတ်ချမ်းသာတယ်ဘုရား…
တပည့်တော်လှူလိုက်တဲ့ ဝတ္ထုငွေနဲ့ ဆရာတော်ဘုရားတို့ ရိပ်သာဝင်တဲ့သူတို့ ဆာလောင်နေတဲ့ဝမ်းကို ဖြည့်တင်းလိုက်နိုင်တယ်ဆို တပည့်တော်ကျေနပ်ပါပြီဘုရား..
တပည့်တော်လှူတယ်ဆိုတာ တပါးသူတွေငြိမ်းအေးစေချင်လို့.. တပါးသူတွေ ဝမ်းဝစေချင်လို့ သူတို့အတွက် တပည့်တော်ကလှူတာပါပဲဘုရား.. တပည့်တော်အတွက် ဘာရပါစေ ညာရပါစေဆိုတဲ့ စိတ်တွေ တပည့်တော်မထားဘူးဘုရား..
ဒါပေသိ ဘုရားတရားတော်နဲ့အညီ အင်္ဂါသုံးတန်နဲ့ပြည့်စုံတဲ့ ဆရာတော်ဘုရားလို အလှူခံ ပုဂ္ဂိုလ်ကို လှူဒါန်းလိုက်ရတဲ့အတွက်တော့ တပည့်တော် အတိုင်းမသိ ဝမ်းမြောက်မိပါတယ်ဘုရား…”” တဲ့…
ဒကာကြီးစကားကြားလိုက်တော့ ဆရာတော် ကိုယ်တိုင် ကြက်သီးမွှေညင်းတွေထပြီး…
“” ကောင်းပါလေ့..ကောင်းပါလေ..ကောင်းပါလေ့… ဘုန်းကြီးတသက်နဲ့တကိုယ် ဒီလိုအလှူရှင်မျိုး မတွေ့ ခဲ့ဖူးပါဘူးဗျာ.. လှူတဲ့အလှူ တနည်းအားဖြင့်မိမိပြုတဲ့ကောင်းမှုကုသိုလ်အပေါ်မှာတောင် အစွဲအလန်းမထားတော့တဲ့အတွက် ဒကာကြီး သေရင် ဆွမ်းသွပ်စရာမလိုတော့ဘူး… သာဓု သာဓု သာဓု..”” လို့ နှုတ်က လေးလေးနက်နက် ရွတ်ဆိုလိုက် ပါတော့တယ်…။
(မိုးမခ)