ကိုဗစ် ကပ်ရောဂါကာလ အတွင်း အမေရိကန် ရဲ့ အမှားတွေနှင့် ပြိုင်ဖက်ကြီးဖြစ် လာတဲ့ တရုတ်

ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်း တွင် အမေရိကန် သည် ကမ္ဘာ့ဘဏ္ဍာရေး စနစ်၏ နှလုံးခုန်သံ ကြီး အဖြစ် ရပ်တည်လာခဲ့ပါတယ်။ သို့သော် ယခုအခါ အမေရိကန်၏ ထပ်တလဲလဲ အမှားများ နှင့် တရုတ်မှလည်း ပို၍ ဆွဲခါ လှုပ်ရမ်းလာနေမှုကြောင့် ချုပ်ရိုးများ ပြေစ ပြုလာနေပြီ ဖြစ် ပါတယ်။

အမေရိကန်၏ လက်ရှိ ဘဏ္ဍာရေး လောက အပေါ် လွှမ်းမိုးထားမှုသည် အခြေခိုင်လွန်းမက ခိုင်နေပြီ ဖြစ်၍ မည်သို့မျှ စိမ်ခေါ်၍ မရဟု ယခင်က ယူဆခဲ့မှုများလည်း ပြိုလဲလာနေပါတယ်။

တရုတ်သည် အမေရိကန်ကို တိုက်ရိုက် စိမ်ခေါ်ခြင်း မပြုပဲ ပေါ်ထွန်းစ နိုင်ငံ များ အား စည်းရုံးကာ သီးခြားရပ်ကွက်ကြီး တခုကို ပုံစံသစ်နဲ့ ထူထောင်အုပ်ချုပ်ဖို့ ကြံလာနေတာကြောင့် ဘူမိနိုင်ငံရေး အရရော၊ ဘဏ္ဍာရေး အရပါ နောက်ထပ် ဗိုလ်ကျလာနိုင်မယ့် လူက အသင့် စောင့်ဆိုင်းနေပြီ ဖြစ်ပါတယ်။

ဒီလို အပြောင်းအလဲများ ကို အကြမ်းဖျင်း တိုင်းတာနိုင်ရန် နိုင်ငံများရှိ ဘဏ်များရဲ့ အရွယ်အစား ကို နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ ကမ္ဘာ့ ဘဏ္ဍာရေး စနစ်သည် အမေရိကန်၏ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။ တရုတ် ဘဏ်များသည် ယခုအခါ အဆမတန် ကြီးထွားနေပြီး ၎င်းတို့ရဲ့ စုစုပေါင်း ပိုင်ဆိုင် မှုသည် အမေရိကား နဲ့ ဥရောပ ဘဏ်တွေ ပိုင်ဆိုင်မှု စုစုပေါင်းထက် ပိုများနေတာ တွေ့ရပါတယ်။

ထို့ကြောင့် နိုင်ငံတကာ ဘဏ်များ အတွက် မရှိမဖြစ် လိုအပ်နေတဲ့ ချေးငွေများ ကို ထုတ်ပေးလာနိုင်ပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပြည်ပသို့ ထုတ်ချေးငွေ သည် တနှစ်ကို ၁၁% အထိ တိုးမြင့်လာနေပြီ ဖြစ်ပြီး တရုတ်ရဲ့ ဘဏ္ဍာရေး အသင်းအဖွဲ့များက အရှိန်အဟုန်ဖြင့် ခြေကုပ်ယူလာနေတာနဲ့ အမျှ အမေရိကန် ကို လက်ရှိနေရာမှ ဖယ်ထုတ်ရန် အဓိက အကြောင်းခြင်းရာသုံးခု ထွက်ပေါ်လာခဲ့ပါတယ်။

ပထမဆုံး အနေနဲ့ ကမ္ဘာ့ ဘူမိနိုင်ငံရေး အနေအထားရဲ့ ‘တွန်းအား” push factor ပဲ ဖြစ်ပါတယ်။ အမေရိကန်၏ ဘဏ္ဍာရေး လောကတွင် ဗဟိုချက်မ အဖြစ် ရပ်တည်နေနိုင်မှုကြောင့် ပြိုင်ဖက်များဆီ ကမ္ဘာ ရဲ့ liquidity supply ခေါ်တဲ့ ငွေကြေး နဲ့ ရင်းနှီးမြုပ်နှံမှု တွေ ရောက်မသွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေ ပါတယ်။

သို့သော် မကြာမီကအထိ ထိုကဲ့သို့ အင်တိုက်အားတိုက် လုပ်ဖို့ ကို ရှောင်ဖယ်နေ ခဲ့ပါတယ်။ သမ္မတ ဒေါ်နယ် ထရန့် လက်ထက်မှာတော့ ဒါကို လက်နက်တခု အဖြစ် အသုံးချဖို့ စင်ပေါ်တင်လာခဲ့ပါတယ်။ သုံးတဲ့နေရာမှာလည်း ရန်ဖက် ကိုသာမက မဟာမိတ်များကိုပင် ချမ်းသာမပေးခဲ့တဲ့ အတွက် ရန်လိုမှုတွေ ဖြစ်လာအောင် ဆွပေးသလို ဖြစ်လာခဲ့ပါတယ်။

ဒုတိယ အချက်ကတော့ pull factor ဆိုတဲ့ လမ်းကြောင်းသစ် နဲ့ စီးပွားဖြစ်ထွန်းစ နိုင်ငံများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ဆွဲအား ပဲ ဖြစ်ပါတယ်။ တရုတ်ရဲ့ နည်းပညာ ကုမ္ပဏီများသည် အခုဆို ဘဏ်များနဲ့ အဆက်အစပ် နည်းပါးနေဆဲ ဖြစ်တဲ့ ကမ္ဘာ လူဦးရေ ၂.၃ ဘီလီယံ ကို မျက်စိ ကျ လာနေပါတယ်။

၎င်းတို့ အတွက် မတည်ငွေ အလုံအလောက် နဲ့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးနိုင်မယ့် ဈေးကွက်မျိုး နေရာ အနှံ ဈေးပေါပေါ နဲ့ တင်ပို့နိုင်ရန် ကြံလာကြပါတယ်။ အဓိက အားဖြင့် ခရက်ဒစ် ကတ် သုံးစွဲမှု မရှိပဲ မိုဘိုင်း ဖုန်းတွေ ကိုသာ အဓိက ထားသုံးနေတဲ့ ဒေသတွေကို ဖြစ်ပါတယ်။ တရုတ်နိုင်ငံ တွင်း “Superapps” သည် သုံးစွဲသူများ ငွေကြေး ကို ကိုင်တွယ် သုံးစွဲစရာမလိုပဲ ခရက်ဒစ်ကတ်လို နေရာတိုင်းမှာ အသုံးပြုနိုင်အောင် စီမံထားတဲ့ အတွက် အတော် အောင်မြင်နေပါတယ်။

ထိုစနစ်ကို ပေါ်ထွန်းစ စီးပွား ဖွံ့ဖြိုးလာတဲ့ နိုင်ငံတွေ ကလည်း ၎င်းတို့ရဲ့ ဘဏ္ဍာရေး အနေအထားကို ပြန်လည် ထိန်းညှိရန် အထောက်အကူ ဖြစ်လာနိုင်တယ်ဆိုပြီး စိတ်ဝင်စားလာကြပါတယ်။ နိုင်ငံအများစုသည် ပြည်ပမှ ငွေချေးငှားခြင်း နှင့် ပို့ကုန် ဈေးနှုန်းများကို ဒေါ်လာနဲ့ တန်ဖိုးဖြတ် သတ်မှတ်ကြရ ပါတယ်။ တခါက အမေရိကန်သည် အများအပြား ဝယ်ယူတဲ့ နိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။

ဒေါ်လာ တန်ဘိုး တက်လာသည့် အခါတိုင်း ဝယ်လိုအားက လိုက်လာတာမို့ ကြီးမြင့်လာတဲ့ အကြွေးတွေ ပြန်ဆပ်ဖို့ ထေမိပြီး အဆင်ပြေ ခဲ့ကြပါတယ်။ သို့သော် ယခုအခါ ဒေါ်လာ တန်ဘိုး ပို၍ ခိုင်မာလာနေခြင်းကြောင့် အဆိုပါ နိုင်ငံများ၏ အဓိက ကုန်သွယ်ရေး ပါတနာ ဖြစ်တဲ့ တရုတ် အဖို့ များများစားစား မဝယ်နိုင်တော့ ပါဘူး။ ဒီအတွက် ဝယ်လိုအား ကျပြီး နိုင်ငံများ အဖို့ ကြွေးမြီများကို ဈေးကြီးကြီး နဲ့ ပြန်ဆပ်လာနေရပါတယ်။ ၂၀၁၀ နောက်ပိုင်း စီးပွား ဖြစ်ထွန်းစ နိုင်ငံများ၏ ဒေါ်လာ နဲ့ ပေးဆပ်ရန် ရှိသော စုစုပေါင်း ကြွေးမြီသည် ၃.၈ တြီလီယံ ဖြစ်လာပြီး နှစ်ဆ တိုးလာ ခဲ့ပါတယ်။

တတိယ နဲ့ အဓိက အကျဆုံးမှာ ကိုဗစ်-၁၉ ပေါ်ပေါက် လာခြင်းပါပဲ။ ကုန်သွယ်ခွန်များ တိုးမြင့်လာခြင်း ကြောင့် ပြိုလဲလာနေတဲ့ ကမ္ဘာ့ ကုန်သွယ်ရေး စနစ် ကို ထပ်မံပြီး အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် အားဖြည့်ပေးလိုက်သလို ဖြစ်သွားခဲ့ရပါတယ်။

ဝေးကွာလှတဲ့ အရပ်ဒေသ တခုမှာ ကမောက်ကမ ဖြစ်တာနဲ့ ပြည်တွင်းမှာ ပြတ်လတ်မှုတွေ ဖြစ်လာတယ်ဆိုတာ သိလာကြပါတယ်။ ဒီအတွက် အစိုးရများသည် လိုအပ်တဲ့ ပစ္စည်းများ၏ ထောက်ပံ့ရေး ကွင်းဆက်တွေကို ချုံ့နိုင်သမျှ ချုံ့လိုလာကြပါတယ်။ ဒီအနေအထားမှာ တရုတ် အဖို့ သူတို့ စိတ်ကြိုက် စည်း မျဉ်းတွေ ရေးဆွဲနိုင်ရန် အခွင့်အရေး ပိုရလာပါတယ်။

အရေးကြီးဆုံး အပြောင်းအလဲတခုက လက်ရှိ ကိုဗစ် အကြပ်အတည်း ကို ကြည့်ပြီး အမေရိကန်ရဲ့ ဦးဆောင်နိုင်စွမ်း ရှိမှု အပေါ် အခြား နိုင်ငံတွေရဲ့ ယုံကြည်မှု တွေ ကျဆင်းလာတာပဲ ဖြစ်ပါတယ်။ အမေရိကန် ၏ ငွေချေး စာချုပ်များ နှင့် ငွေကြေး အပေါ် တည်မှီ ထားတဲ့ တင်နေသော အကြွေးများကို ပြန်ဆပ်နိုင်ပါဦးမလား လို့ စိုးရိမ်လာကြပါတယ်။

အမေရိကန်သည် စောစီးစွာ သတိပေးမှုများကို လစ်လျူရှုခဲ့တဲ့ အပြင် ကနဦး မှာလည်း ဖြစ်ကတတ်ဆန်း တုန့်ပြန်လာခဲ့ပါတယ်။ တရုတ်သည်လည်း အလွဲလွဲ အချော်ချော် များကြောင့် ကိုဗစ်-၁၉ ကို ပြည်ပသို့ တင်ပို့ ပေးသလို ဖြစ်သွားခဲ့ရတဲ့ အတွက် ဒီထက်ပိုပြီး အပြစ်ကြီး သွားခဲ့ ရပါတယ်။

သို့သော်လည်း ရောဂါ ပျံ့ပွားမှုကို အလျှင်အမြန် ထိန်းချုပ်နိုင်ခဲ့တဲ့ အတွက် မိမိတို့ မည်မျှ စွမ်းဆောင်ရည် ပြည့်ဝ သည်ကို ထုတ်ဖေါ်ကြေငြာလာခဲ့ပါတယ်။ ကမ္ဘာတဝှမ်းကိုလည်း ဆေးဝန်ထမ်းများ နဲ့ နှာခေါင်းစည်းများ ဖြန့်ဖြူးပေးခဲ့ပြန်ပါတယ်။ တဖက်မှာတော့ အမေရိကန် သည် ကိုယ့်ဖာသာ ကိုယ်ဖူ လုံအောင်ပင် မနည်း ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်း ဖွံ့ဖြိုး ကြွယ်ဝရေး အတွက် အမေရိကန်၏ အာမခံ ချက်များသည် ကမ္ဘာ့ဘဏ္ဍာရေး လုပ်ငန်းစဉ်များကို တကူတကွ ထိန်းသိမ်းသွားမယ်ဆိုတဲ့ ကော် နဲ့ တွဲကပ်ထားခြင်းမျိုး ဖြစ်ပါတယ်။

သို့သော် အမေရိကန်၏ အစဉ်အလာသည် လုံးဝ ထိခိုက် ပျက်ပြားသွားရတဲ့ အခြေအနေ ရောက်သွားခဲ့ပြီ ဖြစ်တဲ့အတွက် ၎င်းတို့၏ စနစ်ကို ထပ်မံ တိုက်ခိုက်လာမှု တွေ ရှောင်လွှဲလို့မရပဲ ထွက်ပေါ်လာမှာလည်း ဖြစ်ပါတယ်။ ဒီအနေအထားကို ပထမဦးဆုံး ရင်ဆိုင်လာရန်ရှိနေတာက ဒေါ်လာ စနစ် ရဲ့ ခြေမြန်တော် စစ်သားများ ဖြစ်သော ဘဏ်တွေပဲ ဖြစ်ပါတယ်။

Hla Soewai

Add a Comment

Your email address will not be published. Required fields are marked *

15 + 13 =