တပ်မတော် အာဏာသိမ်းမှု နဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံးက ပြောပြီ
|တပ်မတော် အာဏာသိမ်းမှုဟာ ဥပဒေ နဲ့ မညီညွတ်ဘူးလို့ ICJ (International Court of Justice)က သဘောထား ထုတ်ပြန်
တပ်မတော်ရဲ့ အာဏာသိမ်းမှုဟာ ဖွဲ့စည်းပုံ ဥပဒေနဲ့ မညီ ညွတ်သလို အခြေခံ ဥပဒေ နည်းလမ်း အားလုံးနဲ့လည်း ကိုက်ညီမှု မရှိကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က ကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် တဲ့ တပ်မတော်က အာဏာသိမ်းယူလိုက်တာနဲ့ ပတ်သက်လို့
ICJရဲ့ သဘောထား ယူဆချက်ကို နောက်ထပ် တစ်ပ တ်အကြာ ဖေဖော်ဝါရီ ၈ ရက်မှာ အတည်ပြု ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အာဏာသိမ်းတယ် ဆိုတာက ၂၀၀၈ ခုနှစ်မှာ တပ်မတော်က ဦးဆောင် ရေးဆွဲ ပြဋ္ဌာန်းခဲ့ပြီး အားနည်းချက်တွေ ရှိနေတယ်ဆိုတဲ့
အခြေခံ ဥပဒေကို တပ်မတော်ကပဲ ချိုးဖောက်လိုက်တဲ့ လုပ်ရပ်မျိုးလို့ ICJရဲ့ အထွေထွေ အတွင်းရေးမှူး ဆမ် ဇာရီဖီက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မူမမှန်တဲ့ အခြေအနေတွေ ရှိခဲ့ကြောင်း မကြာသေးခင် ကာလတွေအတွင်း တပ်မတော်က စွပ်စွဲခဲ့ပေမယ့်
ဒီအခြေအနေကြောင့် အရေးပေါ် အခြေအနေ ကြေညာတယ် ဆိုတဲ့အပေါ် တရားမျှတတယ်လို့ ယူဆလို့ မရကြောင်း၊
အခုလုပ်ရပ်ဟာ ပြည်တွင်းမှာ အရင်ကတည်းက အားနည်းမှုတွေ ရှိနေခဲ့တဲ့ တရားဥပဒေ စိုးမိုးရေး ကဏ္ဍကို ပိုမို လှုပ်ခတ်သွားစေကြောင်း ဇာရီဖီက ဆိုပါတယ်။
တပ်မတော်က အာဏာသိမ်းပြီး အရေးပေါ် အခြေအနေ ကြေညာတယ် ဆိုတာ ၂၀၀၈ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အခြေခံ ဥပဒေပါ သတ်မှတ်ချက်တွေကို လေးစားလိုက်နာမှု မရှိတဲ့ သဘောလို့ ICJက ထောက်ပြပါတယ်။
အခြေခံ ဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်တဲ့ အခြေအနေမျိုးမှာ သမ္မတက အရေးပေါ် အခြေအနေ ကြေညာရတာ ဖြစ်ပါတယ်။
ပုဒ်မ ၄၁၈ အရ သမ္မတကသာ ကာကွယ်ရေး ဦးစီးချုပ်ဆီ နိုင်ငံအာဏာ လွှဲပြောင်း ပေးအပ်ရ တာပါ။
ဒါပေမဲ့ တပ်မတော်က အာဏာသိမ်းယူတဲ့ ဖြစ်ရပ်မှာတော့ သမ္မတ ဦးဝင်းမြင့်ကို ထိန်းသိမ်းလိုက်ပြီးမှ ဒုတိယ သမ္မတက အရေးပေါ် အခြေအနေ ကြေညာသွားတာ ဖြစ်ပါတယ်။
အရပ်သား စီမံအုပ်ချုပ်မှုအပေါ် တပ်မတော်ရဲ့ တာဝန်ယူ၊ တာဝန်ခံမှုဆိုတာ တရားဥပဒေ စိုးမိုးရေး အခြေခံ စည်းမျဉ်းတွေရဲ့ အနှစ်သာရဖြစ်ကြောင်း၊
မြန်မာစစ်ဘက် အကြီးအကဲတွေဟာ နိုင်ငံအာဏာကို နောက်တစ်ကြိမ် အတင်းအကျပ် သိမ်းယူဖို့အတွက် ဒီအခြေခံ စည်းမျဉ်းတွေကို ပြောင်းလဲပစ်ခဲ့ကြောင်း ဇာရီဖီက ပြောကြားသွားပါတယ်။
အာဏာသိမ်းမှုအပြီး မြန်မာ့ ဖွဲ့စည်းပုံ ဥပဒေပါ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်လိုမျိုး လူ့အခွင့်အရေး စံနှုန်းတွေ ဆိုင်းငံ့ခံရတာမျိုး ကြုံလာမှာကိုလည်း ICJက စိုးရိမ်နေကြောင်း သိရပါတယ်။
ဇာဖီရီက မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ လှုပ်ရှားနေမှုတွေ ကိုလည်း အသိအမှတ် ပြုခဲ့ပါတယ်။
တုန်လှုပ်စရာ အာဏာသိမ်းမှု သတင်းကို ကြားသိပြီးတဲ့နောက် အခုအခါ ရဲရင့်တဲ့ ဥပဒေ ပညာရှင်တွေ၊ လူမှုအသင်းအဖွဲ့နဲ့ တက်ကြွ လှုပ်ရှားသူတွေက
သူတို့ရဲ့ အခွင့်အရေးတွေကို တောင်းဆိုဖို့အတွက် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ အားထုတ်နေတာ တွေ့ရကြောင်း၊
ဒီလှုပ်ရှားမှုဟာ တစ်စုံတစ်ရာ၊ ဒါမှမဟုတ် ပါတီတစ်ရပ်ကို ဦးတည်တာမျိုး မဟုတ်ဘဲ
မြန်မာပြည်သူတွေက ကိုယ့်ကိုယ်ကိုယ် စီမံခွင့်ရှိပြီး ကိုယ်ပိုင် အနာဂတ်အတွက် ဆုံးဖြတ်နိုင်တယ်လို့ ယုံကြည် ယူဆဖို့ဖြစ်ကြောင်း ဇာဖီရီက ပြောကြားသွားပါတယ်။