အကြမ်းဖက် ဖြိုခွင်းသူ များ ကို လူသားမျိုးနွယ်စု ကို ချိုးဖောက် သည့် ပြစ်မှုဖြင့် အရေးယူ နိုင်ကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးပြောပြီ

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဆန့်ကျင်သည့် လူထုဆန္ဒပြမှုများကို လုံခြုံရေး တပ်ဖွဲ့ဝင် များက အကြမ်းဖက် ဖြိုခွင်းလာ သည့်အပေါ် အမေရိကန် အပါအဝင် အနောက်နိုင်ငံအချို့နှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်တို့က စိုးရိမ်ပူပန်နေကြသည်။

မြန်မာပြည်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများ အား ဥပဒေနှင့်မညီသည့် မတရား အင်အားသုံးရန် အမိန့်ပေးခြင်း များကို လိုက်နာခြင်း မပြုရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ၌ တာဝန်ရှိကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာသောမတ်စ် အင်ဒရူးက ဖေဖော်ဝါရီလ ၉ ရက်တွင် ၎င်း၏တွစ်တာ စာမျက်နှာမှ တဆင့် ပြော ကြားလိုက်သည်။

အမိန့်ပေး၊ ဆောင်ရွက်သူအားလုံးကို လူသားမျိုးနွယ်စုအပေါ် ချိုးဖောက်သည့် ပြစ်မှုဖြင့် အရေးယူခံရနိုင်သဖြင့် အမိန့်နာ ခံခြင်းအရ ဆောင်ရွက်ရသည်ဟု ကာကွယ်၍ မရကြောင်းလည်း ၎င်းက ဆိုသည်။

မစ္စတာသောမတ်စ် အင်ဒရူးက ထိုသို့ ပြောဆိုထားသော်လည်း မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြလူထုကို ရေပိုက်ဖြင့် လူစုခွဲခြင်း၊ သတင်းထောက်များနှင့် ဆန္ဒပြသူများအား ဖမ်းဆီးခြင်းများ ဆောင်ရွက်နေသည်။

ယနေ့ ဖေဖော်ဝါရီလ ၉ ရက်မှာပင် ရဲတပ်ဖွဲ့၏ ရေပိုက်ဖြင့် ထိုးကာ လူစုခွဲခဲ့ မှုကြောင့် မန္တလေးနှင့် ပဲခူးမြို့တို့တွင် လူအချို့ လည်း ထိခိုက်ဒဏ်ရာ ရခဲ့သည်။ နေပြည်တော်တွင် နေပြည်တော်ရဲတပ်ဖွဲ့က ဆန္ဒပြပြည်သူများကို ဖေဖော်ဝါရီ ၈ ရက်က ရေပိုက်ဖြင့် ထိုးခွဲခဲ့ခြင်းကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယနေ့တွင်လည်း ထပ်မံ၍ သေနတ်ဖြင့် ပစ်ခတ်၍ လူစုခွဲ သဖြင့် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကရင်ပြည်နယ် မြဝတီမြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြလူထုကို ရာဘာကျည်ဖြင့် ပစ်ခတ်ခဲ့သေးသည်။

လက်ရှိတွင် အာဏာသိမ်းတပ်မတော်သည် လူထုကိုတားဆီးပိတ်ပင်ရန် ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၄ မြို့နယ် အပါအ ဝင် မြို့ကြီးအားလုံးနီးပါးတွင် ၅ ဦးထက် ပိုမိုစုဝေးခြင်း မပြုလုပ်ရန် ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်ကလည်း စစ်တပ်၏ လတ်တလော ကြေညာချက်အပေါ် အကြီးအကျယ် စိုးရိမ်နေကြောင်း ပြောကြားသည်။

“ကျနော် ယခင်က ပြောခဲ့သလိုပါပဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြတာအပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့ တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ ငြိမ်းချမ်းစွာ စုရုံးခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘာတလွှားက လူတဦးတယောက်ချင်းစီ ရဲ့ အခွင့်အရေးအတွက် ကျနော်တို့ အခိုင်အမာ အားပေး ထောက်ခံနေပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အမေရိကန်အစိုးရအနေနှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကိုသာ ထောက်ခံပြီး၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ၊ သတင်းအချက်အလက်ရရှိပိုင်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကို အားပေးထောက်ခံ ကြောင်း နက်ပရိုက်စ်က ပြောသည်။

နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern ကလည်း မြန်မာအဆင့်မြင့် အာဏာ ပိုင်များနှင့် နယူးဇီလန်အစိုးရတို့ကြား ဆက် ဆံရေးကို ဖေဖော်ဝါရီ ၉ ရက်မှစ၍ ဆိုင်းငံ့လိုက်ကြောင်း ကြေညာလိုက်သည်။

မြန်မာစစ်ခေါင်းဆောင်များ၏ နယူးဇီလန်သို့ ခရီးသွားလာခွင့်ကိုလည်း ကန့်သတ်လိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြော သည်။

“ကျမတို့ အခိုင်အမာ သတင်းစကားပါးချင်တာက နယူးဇီလန်ကနေ ကျမတို့ လုပ်နိုင်သမျှကို လုပ်ဆောင်သွားမှာ ဖြစ်ပြီး အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုကို ဆိုင်းငံ့ထားဖို့နဲ့ မြန်မာနိုင်ငံကို ကျမတို့ ထည့်ဝင်တဲ့ ရန်ပုံငွေတွေကို မည်သည့်နည်းနဲ့မှ စစ်အစိုးရကို အထောက်အပံ့ မဖြစ်စေနိုင်ရန် ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Nanaia Mahuta ကလည်း အာဏာသိမ်း တပ်မတော် အစိုးရကို အသိအမှတ်မပြုကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ထားသည်ဟု Channel News Asia သတင်းအရသိရသည်။

unicode













