အမေရိကန် ရွေးကောက်ပွဲ ကို ဝင်မွှေမယ့် တရုတ် ရဲ့ အကြံ အစည်များ

အမေရိကန် ရွေးကောက်ပွဲ အပေါ် တရုတ် ၏ သဘောထား

အမေရိကား၏ နောက် တက်လာမည့် သမ္မတ အဖြစ် တရုတ်တို့ မည်သူကို ပိုသဘောကျပေလိမ့်မည်နည်း။ ထိုမေးခွန်းကား ဖြေရကျပ်မည့် မေးခွန်းမျိုး ဖြစ်နေပြန်သည်။ ဘီဂျင်းရှိ အာဏာရ အသိုက်အဝန်းကြားတွင်တော့ ဒေါ်နယ် ထရန့်ကော၊ ပြိုင်ဖက် ဖြစ်သူ ဂျိုး ဘိုင်ဒင်ကိုပါ ယုံကြည်မှု မရှိကြသည့် အပြင် နှိမ့်ချ ပြောဆိုသံများ ထွက်လာနေပေသည်။ သူတို့ နှစ်ယောက်စလုံး၏ အကြောင်းကို ဘီဂျင်းက ကောင်းစွာ သိရှိထားပြီးလည်း ဖြစ်ပေသည်။ သူတို့နှစ်ဦးစလုံး သမ္မတ ရှီကျင့်ဖျင် နှင့် အချိန်အတော်ကြာ ဆက်ဆံဖူးခဲ့သူများ ဖြစ်သည်။

အိုဘာမား၏ ပထမ သက်တမ်း အတွင်း တွင် ရှီ သည် တရုတ် ခေါင်းဆောင် အဖြစ် ဆက်ခံရန် လျာထားခံထားရပြီး ဖြစ်သည့် ဒုသမ္မတ ရာထူးနှင့်ပင် ရှိပေသေးသည်။ ဂျိုး ဘိုင်ဒင်ကလည်း ဒုသမ္မတ ဖြစ်သည်မို့ ၎င်းအား ရှီ အကြောင်း လေ့လာထားရန် တာဝန်ပေးခြင်း ခံခဲ့ရသည်။ တရုတ်ပြည်သို့ ၂၀၁၁ အတွင်း အလည် အပတ် ရောက်ရှိလာခဲ့ပြီးနောက်တွင် သူတို့ နှစ်ဦးသည် နိုင်ငံ အတော်များများတွင် အကြိမ်များစွာ တွေ့ဆုံဖြစ်ခဲ့ကြပြီး “အပြန်အလှန် လေးစားမှု” ရှိခဲ့ကြသည်ဟု ဆိုသည်။

ထရန့်ကတော့ ရှီ အား “အလွန့်အလွန် ကောင်းသော မိတ်ဆွေကြီး” ဟုပင် ခေါ်ဝေါ် သုံးနှုန်းခဲ့သူ ဖြစ်သည်။ သို့သော် ထိုသို့သော အပြောများဖြင့် ဘီဂျင်း အား လှည့်စား၍ မရခဲ့ကြပေ။ သူတို့ နှစ်ဦးစလုံးသည် သဘောတူညီချက် ရဖို့ လုံးပမ်းရာတွင် အပြောကောင်းသူများ ဖြစ်ကြသည်။ သို့သော် ရှီ သည် သူ့နိုင်ငံ လုံခြုံရေး ကိုသာ ဦးစားပေးကာ ဆက်ဆံတတ်သူ ဖြစ်သဖြင့် အာဝဇန်း ရွှင်သော အမေရိကန် များကို မဆိုထားဘိ ကျန်သည့် နိုင်ငံ ခေါင်းဆောင်များနှင့်လည်း ဟက်ဟက်ပက်ပက် မရှိလှပေ။

တရုတ်တို့ ဖက်မှ ၎င်းတို့ အား ရွံရှာ မုန်းတီးနေမှုသည် နိုင်ငံရေး သာမက ပုဂ္ဂိုလ်ရေး လည်း ပါနေပြန်သည်။ သီးသန့် ထမင်းစားခန်းများ၊ ပညာရှင်များ သီးခြား တွေ့ဆုံပွဲများတွင် အာဏာပိုင်များနှင့် နီးစပ်မှု ရှိသော တရုတ်တို့က ၎င်းတို့၏ အမြင်များကို နိုင်ငံခြားသားများအား ထုတ်ပြောလေ့ရှိသည်။ ၎င်းတို့က ထရန့်အား အယောင်ယောင် အမှားမှားနှင့် ဘာမျှ မသိသော စိတ်ပျက်ဖွယ် လူတယောက်အဖြစ် ပြောဆိုတတ်သော်လည်း သူတို့ အတွက် အသုံးတည့်မှုကိုတော့ ထည့်ပြောလေ့ရှိသည်။

ထရန့်သည် ဝါဒရေးရာများကို အရေးမထားတတ်သူ အဖြစ် ချီးကြူး ခဲ့ကြသည်။ ထို့အပြင် ရှင်ကျန်းလို နေရာမျိုးများတွင် တရုတ်တို့၏ ဖိနှိပ်ချုပ်ချယ်နေမှုများကိုလည်း ရှုတ်ချရန် စိတ်ပါလက်ပါ မရှိခြင်းကိုလည်း ချီးမွမ်းခဲ့ကြပြန်သည်။ တရုတ် စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သည့် အသိုက်အဝန်းကလည်း ထရန့်သည် ပြည်ပတွင် စစ်ရေး အရ စွန့်စားရမည်များကို နှစ်ခြိုက်သူ မဟုတ်ဟုလည်း သဘောကျသည့် လေသံမျိုး ထွက်လာခဲ့သည်။

အစပိုင်းတွင် တရုတ်ခေါင်းဆောင်များက ထရန့်အား ဘယ်အရာ မဆို လက်တွေ့ကျကျ လုပ်မည့် တိုင်ကွန်းကြီး အဖြစ် ရှု့မြင်ထားခဲ့ကြသည်။ ယခုအခါတွင်တော့ ပြန် အရွေးခံရဖို့လောက်သာ စိတ်ဝင်စားနေသည့် အတ္တသမား အဖြစ် သုံးနှုံးလာကြပြီ ဖြစ်သည်။ ဤသည်ကလည်း ထရန့် အစပျိုးလာခဲ့သော ကုန်သွယ် ရေး စစ်ပွဲကြောင့်ပင် ဖြစ်သည်။ နောက်ပိုင်းတွင် ကွန်ဂရက်ရှိ ပါတီကြီး နှစ်ရပ်ကပါ ထောက်ခံလာကြ၍ စိုးရိမ်မကင်း ဖြစ်လာကြသည်။

အမေရိကန်ရှိ စီးပွားရေး သမား အတော်များများ ကလည်း ထရန့်၏ လုပ်ရပ်အပေါ် စနိုးစနောင့် ဖြစ်ခဲ့ကြသော်လည်း တရုတ်တို့၏ ဈေးကွက် များတွင် မမျှတသော ‌စည်းမျဉ်းစည်းကမ်းများ ကျင့်သုံးနေခြင်း နှင့် နိုင်ငံခြား ကုမ္ပဏီများနေရာတွင် ပြည်တွင်း ကုမ္ပဏီများကို အစားထိုးနိုင်မည့် စက်မှု လုပ်ငန်း ပေါ်လစီများကြောင့် ထရန့်မှ တရုတ်အပေါ် ဖိအားပေးလာနေသည်ကို ကြိတ်ပြီး ဝမ်းသာနေကြသည်။

တရုတ်တို့ က ထရန့်သည် ၎င်းတို့ ၏ လုပ်ရပ်များ ပြောင်းလဲရေးထက် ငွေကြေး အကျိုးအမြတ် ထွက်ရေးသာ စိတ်ဝင်စားသည်ကို ရိပ်စားမိလာကြသဖြင့် အမေရိကန် ကုန်စည်များ တိုးမြှင့်ဝယ်ယူရမည့် “ပထမ အဆင့်” ကုန်သွယ်ရေး သဘောတူညီချက်ကို လက်ခံခဲ့ကြသည်။ ထို့အတွက် ကြောင့်လည်း ကိုဗစ်-၁၉ အပေါ် နှစ်ဖက် အပြန်အလှန် စွပ်စွဲမှုများ ရှိနေသည့်ကြားမှပင် တရုတ်သည် ၎င်းတို့ သဘောတူထားသည့်အတိုင်း အမေရိကန် ပဲပိစပ်များနှင့် အခြားကုန်စည်များကို တိုးမြှင်ဝယ်ယူနေဆဲပင် ဖြစ်သည်။

ဟောင်ကောင်အပေါ် တရုတ်ဖက်မှ အမျိုးသား လုံခြုံရေး ဥပဒေ ပြဌာန်းလာမှု အပေါ် ဒဏ်ခတ် အရေးယူသွားရေး အတွက် ထရန့် အစိုးရမှ စကားစလာခဲ့ပြီး တရုတ်ဖက်မှလည်း အမေရိကန် ကုမ္ပဏီများ အား ကုန်သွယ်ရေး အရ ဒဏ်ခတ်နိုင်မည့်“မယုံကြည် ထိုက်သော လုပ်ငန်း’ များ အဖြစ် သတ်မှတ်ရန် ပြောဆိုလာကြသည်။ ထရန့်ကို ထောက်ခံနေသူများက ၎င်း၏ ကုန်သွယ်ခွန်များ ချမှတ်ရန် လက်မနှေးမှုများကြောင့် အခုလို တရုတ်တို့က သတိထား ဆက်ဆံနေခြင်းဟု ဆိုကာ ထရန့်အား အမှတ်ပေးလာကြသည်။ ဤသည်က ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သို့သော် တရုတ်တို့က အချိန် ဆွဲနေခြင်းမျိုးလည်း ဖြစ်နိုင်ပြန်သည်။

ထရန့်တောင်းဆိုချက်များကို ကျေနပ်အောင် လိုက်လျောပေးခြင်းဖြင့် ကွန်ဂရက် ရှိ ပါတီကြီး နှစ်ခုမှ တရုတ်အား ကုန်သွယ်ရေး ဖွဲ့စည်း တည်ဆောက်ထားမှုကို အခြေခံကျကျ ပြောင်းလဲရန် တောင်းဆိုလာနေမှုများကို ရှေ့တိုးမလာအောင် ထိန်းထားပြီးသား ဖြစ်သွားပြီဟု ယူဆထားကြသည်။

သို့သော် ဘီဂျင်းအဖို့က စိတ်အေးလက်အေးတော့ မနေနိုင်သေးပေ၊ ထရန့်နား တွင်ရှိ တရုတ် ဆန့်ကျင်ရေး သမားများက ၎င်းအား သူတို့ဖက်ပါအောင် အချိန်မရွေး ဆွဲဆောင်သွားနိုင်သည်ကို သိထားကြ၍လည်း ဖြစ်သည်။

ဂျိုးဘိုင်ဒင်ကိုတော့ တရုတ်နှင့် စီးပွားရေး အရ အပြန်အလှန် အမှီသဟဲပြုခြင်းသည်သာ မိမိတို့အပေါ် အန္တရာယ် ပေးမလာနိုင်သည့် တည်ငြိမ်မှု၏ အခြေခံအဖြစ် ယူဆထားသည့် အမေရိကန် အုပ်ချုပ်ရေး အသိုက်အဝန်းမှ လူဟောင်းကြီးတဦး အဖြစ် ရှု့မြင်ခဲ့ကြသည်။ အိုဘာမား လက်ထက်အတွင်း ကမ္ဘာရာသီဥတု ပြောင်းလဲမှု ထိန်းချုပ်ရေး နှင့် အခြား ကမ္ဘာပြဿနာများကို ကိုင်တွယ်နိုင်ရန် တရုတ်ထံမှ အကူအညီ ရရေး တွင် အဓိကနေရာမှ ပါဝင်ခဲ့သူ ဖြစ်သည်။

ဤသည်ကို ဘိုင်ဒင်နှင့် ပတ်သက်၍ လွမ်းလောက်စရာ အဖြစ် တရုတ်တို့က သဘော မထားခဲ့ကြပေ။ မိမိတို့ ပိုမိုချမ်းသာကြွယ်ဝလာသည်နှင့်အမျှ အနောက်အုပ်စုနှင့် နိုင်ငံရေးဖက်တွင် ပေါင်းဆုံလာနိုင်စရာ ရှိသည်ဟု အမေရိကန်တို့ မှားယွင်းစွာ ယုံကြည်နေမှုအဖြစ် အချို့က ပြောဆိုခဲ့ကြသည်။

ဒီမိုကရေစီသည် ဖန်တီးနိုင်စွမ်း ဖက်တွင် အသာရအောင် လုပ်ပေးနိုင်သည်ဟု အမေရိကန် နိုင်ငံရေးသမားများ ကြွားလုံးထုတ်ခဲ့ကြသည်ကိုလည်း တရုတ်တို့ မေ့လျော့ခဲ့ကြခြင်း မရှိသေးပေ၊ ၂၀၁၃ ခုနှစ်အတွင်း အမေရိကန် သံရုံးတွင် ဗီဇာလာလျှောက်ကြသော တရုတ် ကျောင်းသားများအား ဂျိုးဘိုင်ဒင်မှ “တီထွင် ဖန်တီးနိုင်မှု ဆိုတာက လွတ်လွတ်လပ်လပ် အသက် ရှုခွင့်ရမှ ဖြစ်နိုင်တာမျိုး” ဟု ပြောခဲ့သည့် စကားသည် အတော်ကို အထင်ကရ ဖြစ်သွားခဲ့ရဖူးပေသည်။ ထိုစကားကို မဟုတ်ကြောင်း သက်သေပြနိုင်ရန် တရုတ်ရှိ အတော်ဆုံး သိပ္ပံပညာရှင်များနှင့် နည်းပညာ ကုမ္ပဏီ များက မနေမနား ကြိုးစားလာခဲ့ကြသဖြင့် အမေရိကန်တို့ တရုတ်အပေါ် ယုံကြည်ရန် ခက်ခဲလာကြပြီး တရုတ် ဆန့်ကျင်ရေး များ ကျယ်လောင်မြည်ဟီးလာရခြင်းလည်း ဖြစ်သည်။

ယခုအခါ ကမ္ဘာကြီးအား တရုတ် ခါးစောင်းတင်လာနေမှုအပေါ် ဝါရှင်တန်ရှိ ပါတီကြီးများမှ အလန့်တကြား ဖြစ်လာနေကြသလို ဘီဂျင်းရှိ အာဏာရ အသိုက်အဝန်းတွင်လည်း အမေရိကန်အပေါ် သဘောထားသည် တလေသံတည်း ထွက်လာနေခဲ့ပြီ ဖြစ်သည်။

အထူးသဖြင့် ကပ်ရောဂါဆိုးကြီး နှင့် လမ်းပေါ် ဆန္ဒပြပွဲများ ဖြစ်လာနေချိန်တွင် အမေရိကန်အား ပျက်ယွင်းလာနေပြီ ဖြစ်သော နိုင်ငံ၊ ကွဲပြားမှုများနှင့် ပြည့်နှက်နေသော နိုင်ငံ၊ တကိုယ်ကောင်းဆန်ပြီး လူမျိုးရေး ခွဲခြားသော နိုင်ငံ အဖြစ် ပြောဆိုလာကြသည်။ လက်သည်တရားခံသည် ထရန့် ဖြစ်သည်ဟု ရှု့မြင် ထားကြသည်။

သို့သော် တရုတ်အစိုးရပိုင် မီဒီယာများက ထရန့်အား တိုက်ရိုက် ဝေဖန်ရှုတ်ချပြောဆိုခြင်းမျိုးကိုတော့ ရှောင်ရှားခဲ့ကြသည်။ တရုတ် အမျိုးသားရေး သတင်းစာ ဖြစ်သော ဂလိုဘယ် တိုင်းမ် ကတော့ ရေငုံမနေတော့ပဲ မကြာသေးခင်ကမှ ထရန့်အား အွန်လိုင်းပေါ်တွင် တရုတ်နိုင်ငံသားများက “ချွမ် ဂျီယန်ကိုး” (နိုင်ငံကို တည်ဆောက်ပေးသူ) ဟု နောက်ပြောင်ခေါ်ဆိုနေကြပြီဟု ရေးသားလာခဲ့သည်။ ဆိုလိုသည်မှာ ထရန့်သည် တရုတ်၏ နှစ်ဖက်ခွ သူလျို ဖြစ်ပြီး အမေရိကားကို ပျက်ဆီးအောင် လုပ်ပေးခြင်းဖြင့် တရုတ်ကို အင်အား တောင့်တင်းလာအောင် ဖန်တီးပေးနေသူ ဟူ၍ ဖြစ် သည်။ “ရဲဘော်ကြီး ချွမ် ဂျီယန်ကိုး သင်၏ အယောင်ဆောင်နေမှု ကို မပေါ်ပါစေနဲ့” ဟုလည်း ရေးခဲ့ကြပြန်သည်။

ထိုသို့ အထင်အမြင် သေးစွာ ပြောဆိုနေမှု များသည် တရုတ်မှ ထရန့်အား ပြန်လည် အရွေးခံရန် လိုလားနေခြင်းလား၊ ထိုအရေးတွင် ဘီဂျင်းရှိ အာဏာရ အသိုက်အဝန်းများအကြား အမြင်ကွဲပြားလာပြန်သည်။ သူတို့အကြားတွင် မေးခွန်းနှစ်ရပ် ထွက်ပေါ်လာခဲ့သည်။ အမေရိကန် ပျက်သုံးနေမှုသည် ပြန်လည် အဖတ်ဆယ်၍ ရနိုင်ဦးမည်လော၊ ယခုလို အရှိန် နှင့် ကျဆင်းလာနေခြင်းသည် မိမိတို့ ကောင်းဖို့ ဖြစ်လာရသည်လော ဟူ၍ ဖြစ်သည်။

တရုတ် အမျိုးသား လုံခြုံရေး အာဏာပိုင်များ အဖို့က ထရန့်အား နောက်ထပ် လေးနှစ် ဝရုန်းသုံးကား ဖြစ်အောင် ဆက်လုပ်စေချင်နေကြသည်၊ သို့မှသာ အမေရိကန်၏ ဒီမိုကရေစီ ပျက်သုံးသွားသည်အထိ ရောက်သွားနိုင်ပြီး အာရှ အပါအဝင် မဟာမိတ်များလည်း ရှောင်ဖယ်သွားကြလိမ့်မည် ဖြစ်သဖြင့် မိမိတို့ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာနိုင်သည်ဟု သုံးသပ်နေကြသည်။

စီးပွားရေး အုပ်စုများကတော့ တရုတ်တို့ အဖို့ ကြီးစွာသော အကျိုး အမြတ် ရနေသည့် လက်ရှိ ကမ္ဘာကုန်သွယ်ရေး စနစ်ကြီး စောစီးစွာ ပြိုလဲသွားပါမည့် အရေးကို စိုးရိမ်နေကြပြန်သည်။ ထိုအတွက် ဂျိုးဘိုင်ဒင်ကို ထောက်ခံလိုနေကြသည်။ သူသည် သဘောတရားရေးတွင် အလယ်အလတ် ရှိသူ ဖြစ်သဖြင့် တရုတ်တို့နှင့် စီးပွားရေးတွင် တဖြေးဖြေးချင်း ခွာမည့် အနေအထား ရှိသောကြောင့် မိမိတို့ဖက်မှ လုပ်ငန်းများ ခွဲထုတ်ပြီး ရပ်တည်နိုင်အောင် အချိန်ရမည်ဟု ထောက်ပြခဲ့ကြသည်။

နောက်တဖွဲ့ကလည်း အမေရိကန်တွင် မည်သည့် ပါတီပင် အာဏာ ရရ အားလုံးက တရုတ်ကို ဖိနှိပ်ရေးသာ အားသန်မည့်လူများ ဖြစ်မည်၊ ထိုသို့လုပ်ရန် အားလုံးထဲတွင် ဘိုင်ဒင် အစိုးရသည် အရည်အချင်း အရှိဆုံးဖြစ်၍ ကြောက်စရာ အကောင်းဆုံး ဖြစ်လာလိမ့်မည်ဟု တွက်ဆကြပြန်သည်။ ထို့အပြင် တရုတ် ၏ လူ့အခွင့်အရေး ချိုးဖောက် နေမှုများကို ပျော့ပြောင်းစွာ ဆက်ဆံနေမှု အတွက် ထရန့်အား ဒီမိုကရက်များက ဝေဖန်နေမှုကိုလည်း ဘိုင်ဒင် မလိုလားသူများက ထောက်ပြခဲ့ကြပြန်သည်။

အဖွဲ့အားလုံး ကတော့ အမေရိကန်၏ နောက်သမ္မတသည် မည်သူပင် ဖြစ်စေ မိမိတို့၏ မိတ်ဆွေ ဖြစ်လာနိုင်စရာ အကြောင်းမရှိဟု ခံယူထားကြသည့် နေရာတွင်တော့ တူညီနေကြသည်။

လှစိုးဝေ